ဖရူဆိုမှ တပ်သိမ်းမည့်မြေ အလျင်စလို ပြောင်းရွှေ့ခိုင်း

ကရင်နီ (ကယား) ပြည်နယ် ဖရူးဆိုမြို့နယ် အတွင်းရှိ ဖယ်ရှားရန် သတ်မှတ်ထားသည့် တောင်ယာ၊ သီးနှံစိုက်ခင်းများကို  အမြန်ဆုံး ရိတ်သိမ်းပေးရန် စစ်တပ်မှ အမိန့်ချမှတ်၍ ဒေသခံ ရွာသူရွာသားများ အခက်အခဲ ကြုံတွေ့ နေကြရသည်ဟု ဖရူးဆိုမြို့မှ ဒေသခံ တဦးက ပြောသည်။

ယခုလ ၁၁ ရက် နေ့တွင်  လေ့ကျင့်ရေး ကျောင်းအုပ်ကြီးက ရွာသားအားလုံးကို ခေါ်တွေ့ပြီး တပ်တွင်းလမ်းဖောက်လုပ်ရန် အတွက် ဒေါလောခူကျေးရွာတွင်ရှိသော ဧက(၃၀)ကျော် စိုက်ခင်းကို (၅)ရက်အတွင်း ရိတ်သိမ်းပေးရန် ပြောခဲ့ခြင်း ဖြစ်သည်ဟု ယင်းကျေးရွာမှ ဒေသခံ က ပြောသည်။
လေ့ကျင့်ရေးကျောင်း ဆောက်လုပ်ရန် သိမ်းဆည်းလိုက်သော ဖရူဆိုမြို့နယ်ရှိ ပြည်သူပိုင် ခြံမြေများ( ဓါတ်ပုံ- ကန္တရ၀တီတိုင်းမ်)

 “ပြောင်းကောက်တွေက မရင့်သေးဘူး နောက်လမှ ရိတ်သိမ်းရမှာ အချိန်မတန်သေးဘူး။
အဲဒါတွေကို ဘယ်လိုမှ ဒီအတောအတွင်း အပြီးလုပ်ဖို့ မမှီဘူး”ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလက အစိုးရ တပ်ရင်း  ၅၇၅ မှ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်အတွက် ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနှင့် မားပရိုရှေ့ကျေးရွာ အကြားတွင် လေးမိုင်ပတ်လည်ရှိ ခြံမြေများကို နေရာ တိုင်းတာမှု ပြုလုပ်ခဲ့ပြီးနောက် ဇူလလိုင်က မြေဧက ၂၇ဝဝ ခန့်ကို သိမ်းဆည်းခဲ့သည်။

ထို့နောက် အောက်တိုဘာလအစောပိုင်းတွင် တဧကလျှင် ငါးသောင်းကျပ် လျှော်ကြေး ပေးကာ သိမ်းဆည်းခဲ့သည်။

သို့သော် တောင်ယာများကို ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ကို ရွာသားများက တောင်းဆိုသဖြင့်
ဆက်လက် လုပ်ကိုင်ခွင့်ပြုထားရာမှ ယခုသီတင်းပတ်ကုန်တွင် အလျင်စလို ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။

ယင်းတောင်ယာနှင့် သီးနှံစိုက်ခင်း ဧက ၂၀၀၀ ကျော်ကို လွန်ခဲ့သည့် ဧပြီလမတိုင်ခင် ကတည်းက သိမ်းဆည်းခဲ့သဖြင့် မြေယာများ ပြန်လည်ရရှိရန် ကျေးရွာသားများက စုပေါင်းလက်မှတ်ရေးထိုးပြီး ကယားပြည်နယ် ၀န်ကြီးချုပ်သို့ လိပ်မူကာ ပေးပို့ခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ဟု သိရသည်။

ကရင်နီပြည်နယ်တွင် နေထိုင်လျှက်ရှိသည့် ဒေသခံများအဖို့ စိုက်ပျိုးရေးလုပ်ငန်းသည်  အဓိက သက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည်။
 နိုဝင်ဘာ ၁၃၊ ၂၀၁၁ (YPI)
ဖရူဆိုမှ တပ်သိမ်းမည့်မြေ အလျင်စလို ပြောင်းရွှေ့ခိုင်း ဖရူဆိုမှ တပ်သိမ်းမည့်မြေ အလျင်စလို ပြောင်းရွှေ့ခိုင်း Reviewed by သစ်ထူးလွင် on 19:28 Rating: 5

No comments:

Powered by Blogger.