မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု နေ့စဉ်နီးပါး ကြုံတွေ့

မန္တလေးမြို့ သိပ္ပံလမ်းနှင့် ၆၂ လမ်းဆုံရာ အ၀ိုင်းပတ်နေရာတွင် တွေ့ရသော မော်တော်ဆိုင်ကယ်များ
မန္တလေးမြို့တွင် ဆိုင်ကယ်စီးရေ သုံးသိန်းကျော်ရှိလာပြီး ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုများမှာ နေ့စဉ်နီးပါး ကြုံတွေ့လာရကြောင်း သိရသည်။          
''မန္တလေးမြို့မှာတရုတ်ဆိုင်ကယ် တွေကို လိုင်စင်သုံးကြိမ်ချပေးပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်ကယ်စီးရေဟာ အဆမတန်များလာတယ်။ အခုဆိုရင် ဆိုင်ကယ်အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချတာတွေလည်း ရှိလာပြီ။ ဆိုင်ကယ်စီးရေ များလာတာနဲ့အမျှ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုတွေလည်း များလာတယ်။ သွားရင်းလာရင်းနဲ့ နေ့တိုင်းနီးပါး ကိုယ့်ရှေ့မှာ ကြုံတွေ့နေရတယ်'' ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။  နိဗ္ဗာန်သုခနာမှု၊ လူမှုကူညီရေးနှင့် ကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးကလည်း''ကျွန်တော်တို့ အသင်းအနေနဲ့ ယာဉ်တိုက်မှုဖြစ်ပွားလို့ ဒဏ်ရာရတဲ့သူတွေကို သက်ဆိုင်ရာခွင့်ပြုချက်နဲ့ သွားသယ်ပေးရတတ်ပါတယ်။ တစ်ခါတလေ တစ်ရက်အတွင်းမှာ နှစ်ဦး၊ သုံးဦး သယ်ပေးရတတ်ပါတယ်'' ဟု ဆိုသည်။
ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက် မှုများမှာ ဆိုင်ကယ်ချင်း တိုက်မှု၊ ဆိုင်ကယ်နှင့်မော်တော်ယာဉ် တိုက်မှု၊ ဆိုင်ကယ်တိမ်းမှောက်မှု၊ ဆိုင်ကယ်မှ အခြားတိုက်မှု၊ ဆိုင်ကယ်မှ လူတိုက်မှု၊ ဆိုင်ကယ်နှင့် စက်ဘီးတိုက်မှု၊ ဆိုင်ကယ်နှင့် ဆိုက္ကားတိုက်မှု၊ ဆိုင်ကယ်နှင့် ထော်လာဂျီ တိုက်မှု၊ ဆိုင်ကယ်နှင့် တွန်းလှည်းတိုက်မှုတို့ဖြစ်ကြောင်း သိရသည်။  ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုများတွင် ၂၀၀၇ ခုနှစ်အတွင်းက ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၄၆ ဦးသေဆုံးကာ ၄၀၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ၂၁၄ မှု ဖြစ်ပွားပြီး၊ သေဆုံး သူ ၆၉ ဦးနှင့် ဒဏ်ရာရသူ ၂၈၁ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၂၉၈ မှုဖြစ်ပွားပြီး သေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရသူ ၃၅၄ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှု ၃၀၈ မှု၊ သေဆုံးသူ ၁၀၆ ဦးနှင့် ဒဏ်ရာရသူ ၃၈၂ ဦးအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် နေ့စဉ်အသက်ဆုံးရှုံးခြင်း၊ ကြီးစွာဒဏ်ရာ အနာတရဖြစ်ခြင်း၊ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၏ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှ ဆိုင်ကယ်စီးနင်းသူများ လိုက်နာဆောင်ရွက်ရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
''ဆိုင်ကယ် စီးတဲ့သူတွေဟာ ဦးထုပ်ဆောင်းရမယ်။ မေးသိုင်းကြိုး တပ်ရမယ်။ နှစ်ဦးထက် ပိုမစီးရဘူး။ သတ်မှတ်လမ်းကြောင်းအတိုင်း စီးရမယ်။ လမ်းပြောင်းပြန် မစီးရဘူး။ အ၀ိုင်းမှာ ဦးစားပေး အစီအစဉ်အတိုင်း စီးနင်းရမယ်။ ဘယ်ကလာတဲ့ယာဉ်ကို ဦးစားပေးရမယ်။ မြို့တွင်းမှာ ၄၈ ကီလိုမီတာထက် ပိုမမောင်းရဘူး။ မြို့ပြင်လမ်းဖြောင့်မှာလည်း ၅၀ ကီလိုမီတာ စီးခွင့်ပြုတယ်။ သတ်မှတ်လမ်းကြောင်း နှစ်လမ်းသွားဖြစ်ရင် ညာဘက်အစွန်းလမ်းတစ်ခုတည်း အသုံးပြုရမယ်။ သုံးလမ်းသွားဖြစ်ရင် ညာနှစ်လမ်းအတွင်းပဲ မောင်းနှင်ရမယ်''ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဖြစ်ပွားသော ယာဉ်တိုက်မှု အကြောင်းရင်းများတွင် မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းမောင်းနှင်မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု၊ မူးယစ်မောင်းနှင်မှု၊ အနှေး ယာဉ်ပေါ့ဆမှုနှင့် ခရီးသည်ပေါ့ဆမှုတို့ ပါဝင်ကြောင်း သိရသည်။ ''အစိုးရဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိကကို စလွှဲတုန်းက စစ်ကိုင်းလမ်းခွဲ က ၂၄ နာရီဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ တိုးကြတယ်။ ဆိုင်ကယ်ကို ဆီဆိုင်မှာထိုးထားပြီး လူတွေက ရန်ကုန်-မန္တလေးလမ်းမကြီးရဲ့တစ်ဖက်အရိပ်ထဲမှာ ထိုင်နေကြတယ်။ ကိုယ့်အလှည့် ရောက်ရင် လမ်းဖြတ်ကူးပြီး ဆိုင်ကယ်ရွှေ့ကြတယ်။ အဲဒီထဲမှာ မိန်းမကြီးတစ်ယောက် ဇောနဲ့လမ်းဖြတ်အကူးမှာ တောင်ကနေ မြောက်ကိုလာတဲ့ ဆိုင်ကယ်က ဖြတ်တိုက်တယ်။ တိုက်သူရော အတိုက်ခံရသူရော ဆိုင်ကယ်ရော တစ်နေရာစီ လွင့်သွားတယ်။ မြင်ရတာကိုက စိတ်မကောင်းစရာကြီး။ နောက်ရက်မှာ ဆိုင်ကယ်အတိုက်ခံရတဲ့ မိန်းမကြီးဆုံးသွားပြီလို့ ကြားတယ်''ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဆိုင်ကယ်စီးရေ တိုးပွားလာသည်နှင့်အမျှ ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုများပြားလာရခြင်းမှာ လမ်းများ၊ မီးပွိုင့်များ၊ လမ်းညွှန်အမှတ်အသားများ အားနည်းခြင်းအပြင် ဆိုင်ကယ်စီးနင်းသူများ၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။ ''ဆိုင်ကယ်စီးတဲ့သူတွေက မီးပွိုင့်နဲ့ ယာဉ်ထိန်းရဲရှိတဲ့ နေရာလောက်သာ ဆိုင်ကယ်ဦးထုပ် ဆောင်းကြတယ်။ ကျော်သွားတာနဲ့တစ်ပြိုင်နက် ဆောင်းထားတဲ့ဦးထုပ် ပြန်ချွတ်ကြတယ်။ နောက်ပြီးညပိုင်းတွေမှာလည်း မူးယစ်သောက်စားပြီး တအားမောင်းကြတယ်။ ဒီတော့ အရှိန်လွန်ပြီး မှောက်တာ၊ တိုက်တာတွေ ဖြစ်ကုန်တယ်။ မသေသင့်ဘဲ သေကုန်တယ်။ ဒုက္ခိတ ဘ၀မရောက်သင့်ဘဲ ရောက်ကုန်တယ်။ လူတွေအားလုံးသာ ကိုယ့်အသိနဲ့ကိုယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာသွားမယ်ဆိုရင် ကျွန်တော်တို့တပ်ဖွဲ့တွေ ထားစရာတောင် မလိုပါဘူး''ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားလာပါက ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ ပထမသတင်းပေးတိုင်ချက် ရေးဖွင့်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၇ အရ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရ သက် သေများ စစ်ဆေးခြင်း၊ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၅/၁၆၆ အရ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း၊ ရဲစခန်း ချုပ်နှောင်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇ အရ ရီမန်ယူချုပ်နှောင်ခြင်း၊ ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၀(၁)အရခံဝန်ပေးခြင်း စသည့် ရဲလုပ်ငန်း ပြည့်စုံစွာဆောင်ရွက်ပြီး အမှုတွဲတည်ဆောက်၍ စစ်ဆေးပေါ်ပေါက်ချက်အပေါ် သက်ဆိုင်ရာမြို့နယ် ဥပဒေရုံးများသို့ တရားစွဲမတင်မီ ဥပဒေအကြံဥာဏ် တောင်းခံကာ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲ တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း၊ မြို့နယ်တရားရုံးများ၏ ပြစ်ဒဏ်စီရင်မှုအပေါ် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတခြင်းမရှိပါက ပြင်ဆင်မှု တင်သွင်းခြင်း လုပ်ငန်းကို လည်း ဆောင်ရွက်ကြောင်း၊ ဖြစ်ပွားသော ယာဉ်တိုက်မှုများအပေါ် ယာဉ်ကြီး၊ ယာဉ်ငယ်ခွဲခြား ခြင်းမရှိဘဲ အမှုမှန် ပေါ်ပေါက်စေရန် စစ်ဆေးဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲဆိုခြင်း၊ ပြစ်မှု ပြစ်ဒဏ် မျှတမှုမရှိပါက ပြင်ဆင်မှုတင်သွင်းခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။ မန္တလေးမြို့တွင် လူဦးရေ ၁၃၂၅၀၇၃ ဦးနေထိုင်ပြီး မော်တော်ယာဉ် ၅၅၄၉၀ စီး၊ ဆိုင်ကယ် ၃၀၀၇၄၆ စီး၊ ထော်လာဂျီ ၄၉၄၇ စီး၊ ဆိုက္ကား ၁၃၇၄၃ စီး၊ မြင်းလှည်း ၃၇၇ စီး၊ စက်ဘီး ခန့်မှန်း ၃၀၀၀၀၀ စီး ရှိကြောင်းသိရသည်။
Eleven Media Group
မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု နေ့စဉ်နီးပါး ကြုံတွေ့ မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု နေ့စဉ်နီးပါး ကြုံတွေ့ Reviewed by သစ်ထူးလွင် on 12:00 Rating: 5

No comments:

Powered by Blogger.