မတရားမှု၊ အဂတိ လိုက်စားမှု၊ အနိုင်ထက်
ပြုကျင့်မှု များကြောင့် ပြည်သူ၏ နစ်နာချက် များကို တိုင်ကြားလျှင် တိတိကျကျ
မှန်မှန်ကန်ကန် ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး
အစိုးရအဖွဲ့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
”တိုင်စာတွေ အပေါ်မှာ ကျွန်တော်တို့ စိစစ်နေပါတယ်။ စိစစ်ပြီး ဥပဒေကြောင်း အရ ဆောင်ရွက်လို့ ရတာတွေကို ကျွန်တော်တို့ ဆောင်ရွက် လျက် ရှိပါတယ်” ဟု၎င်း ကပြောသည်။
တိုင်ကြားရာ၌ မှန်မှန်ကန်ကန် ရှိရန် လိုအပ်ပြီး မမှန်မကန် တိုင်ကြားမှု ပြုလုပ်မည် ဆိုပါကလည်း ယင်း တိုင်ကြားသူအား ဥပဒေကြောင်း အရ ပြန်လည် အရေး ယူနိုင်ကြောင်း၊ ဥပဒေကြောင်း အရ နစ်နာသည် ဆိုပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့် လျှောက်ထားလွှာတက် နိုင်ပြီး ၄င်းတွင်မူ နစ်နာမူများ ရှိနေသည် ဆိုလျှင် ဥပဒေချုပ် ရုံးသို့ထပ်မံ တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ မဟုတ်မူဘဲ အမှုပင် မတက်ရသေးခင် တိုင်ကြားမှု များသည် ဥပဒေကြောင်း အရ ဖြေရှင်းပေးရန် ခက် ခဲကြောင်း ဦးရဲအောင်မြင့်က ပြောသည်။
”အမှုက မတက် ရသေးဘူး။ တရားလိုဘက် ကလည်း တိုင်တယ်။ တရားခံ ဘက်ကလည်း တိုင်တယ်။ ကျွန်တော်တို့ ဘက်ကလည်း ဘယ် ဘက်ကနေပြီးတော့ ဘာလုပ်ရမယ် မှန်းမသိဘူး။ ဘာ စာရွက်မှလည်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က စောင့်ပြီးတော့ ပေါ်ပေါက်လာတဲ့ အမှုတွဲ ပေါ်ပေါက်ချက်ပါ အတိုင်း ဆောင်ရွက် ရပါတယ်။ ကျွန်တော် တို့ရယ်၊ ရဲရယ်၊ တရား သူကြီးရယ်က On Paper လုပ်ရပါတယ်။ အပြင် မှာ ဘယ်လောက်ပဲ မှန်ကန်ပါစေ။ မျက်မြင် သက်သေ၊ ကွင်းဆက် သက်သေ ၊ကောက်ယူနိုင်တဲ့ သက်သေ မရှိဘူး ဆိုရင် ဒီအမှုက ကျွန်တော်တို့ လွှတ်ရမှာပဲ ဖြစ်ပါတယ်။ အဲလို လွှတ်တာကို လာဘ်စားလို့ လွှတ်တယ်လို့ စွပ်စွဲမယ် ဆိုရင် လည်း ကျွန်တော်တို့ ကခံရမယ့် အနေအထား ရှိပါတယ်” ဟု ၄င်း ကပြောသည်။
သို့ရာတွင် တချို့သော အဖြစ်အပျက် များသည် ဥပဒေကြောင်း အရ အမှုဖွင့် တိုင်ကြားရန် ခက်ခဲ ကြောင်း ၊ နိုင်ငံတော် အဆင့်က ပြုပြင် ပြောင်းလဲမှု လုပ်နေပေ မယ့် အောက်ခြေပိုင်း အတော်များများ၌ ယခင်အတိုင်းပင် ရှိနေခြင်းကြောင်း၊ တိုင်ကြားမှု များကို စိစစ် စစ်ဆေးရာ၌ စာရွက်ပေါ်တွင် စစ်ဆေးခြင်းမျိုး မဟုတ် ဘဲ အောက်ခြေ အထိ ရောက်အောင် စစ်ဆေးရန် လိုအပ်ကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်(မိတ္ထီလာ) ဦးဝင်းဇော် ကပြောသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်း မတရားမှု များကြောင့် အများဆုံး တိုင်ကြားခံရသည့် ဌာနမှာ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဖြစ်ကြောင်း သိရ သည်။

ဥာဏ်လင်းအောင်
ပေါ်ပျူလာဂျာနယ်
နစ်နာချက်များကို တိုင်ကြားပါက အရေးယူ သွားမည်ဟု ဆို
Reviewed by သစ်ထူးလွင်
on
11:20
Rating:
2 comments:
ဥပဒေတွေလည်း ခေတ်နဲ့အညီ ပြောင်းလဲဖို့လိုနေတာအမှန်ပါ။
မန္တလေးတိုင်း ဝန်ကြီးတွေ၊ အရာရှိတွေတော်တော်လှုပ်ရှားပါတယ်။
အင်း....ရန်ကုန်မှာတော့ ဆင်ဆာမိနေသေးလို့လား၊ သိပ်လှုပ်ရှားတာမတွေ့ရဘူး။
အဲ့ ဒီလိုလှုပ်ရှားတဲ့ အထဲမှာ ..စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက..တာဝန်အရှိဆုံးပုဂ္ဂိုလ်လှုပ်ရှားလိုက်တဲ့..ကိစ္စတစ်ခုကို..တိုင်စာတွေတက်ထားတယ်လို့သိရပါတယ်..
Post a Comment