၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက် နေ့ နံနက် ၇ နာရီက ၁၇ လကြာ ပိတ်ထားခဲ့သည့်
မြ၀တီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအား
ပြန်လည်ဖွင့်လှစ်ခြင်းနှင့်အတူ ၁၇ လ ကြာ ပိတ်ထားခဲ့သည့် တရားဝင် နယ်စပ်
ကုန်သွယ်မှုအား ပြန်လည်ဖွင့်လှစ် မှုစတင်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနှင့်ထိုင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ နှစ်စဉ်အမေရိကန် ဒေါ်လာ သန်း ၃၀၀ ၀န်းကျင် ပမာဏရှိနေပြီး တစ်နှစ်ခွဲနီးပါး ပိတ်ထားခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အနည်းငယ် လျော့ကျခဲ့ရကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ ပြန်လည်စတင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မြ၀တီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအား ၂၀၁၀ ပြည့် နှစ် ဇူလိုင်လအတွင်းက ပိတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် လအနည်းငယ်သာ ကုန်သွယ်ခဲ့ရကြောင်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အထိသာ တစ်နှစ်ပတ်လုံး ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ စပိတ်တာ။ အဲဒီအတွက် ၂၀၁၀ ထဲ မှာ ဧပြီလကနေ ဇွန်လအထိ သုံးလပဲ ကုန်သွယ်ခဲ့ရတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်နဲ့ အရှေ့ပိုင်းနှစ်တွေကတော့ တစ်နှစ်ပတ်လုံး အပြည့်အ၀ ကုန်သွယ်ခဲ့တာပေါ့။ အဲဒီကုန်သွယ်တာမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ဆိုရင် ၃၀၅ သန်းနဲ့ ၂၀၀၈-၂၀၀၉ ဆိုရင် ၃၂၇ ဒသမ ၃၅ သန်းရခဲ့တယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်က ၂၇၅ သန်းနီးပါးရှိခဲ့တယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထဲမှာဆိုရင် သုံးလ ကျော်ပဲ ကုန်သွယ်ခဲ့ရတာတောင်မှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ၀န်းကျင်ဖိုး ရခဲ့သေးတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်မှု ပိတ်ထားခဲ့တဲ့အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ၃၀၀ ၀န်းကျင်ဖိုးလောက်တော့ လျော့ကျသွားရတာပေါ့။ ပြန်ဖွင့်တဲ့အတွက် နှစ်စဉ် မြန်မာ့ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ အထက် ပြန်တက်လာမယ့် သဘောပါ။ အခုကတော့ပြန်စနေပြီ။ မြ၀တီ နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တရားဝင် ကုန်သွယ်ပြီပေါ့'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ နယ်စပ်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ရေထွက်ကုန်များနှင့် ရေလမ်းကြောင်းမှ ယခင်တရားမ၀င် ကုန်သွယ်နေသည့် စားသောက်ကုန်များလည်း တရားဝင်အဖြစ် စတင်ကုန်သွယ်ခဲ့ကြောင်း သိရသည်။
''ရေထွက်ကုန်တချို့နဲ့ စားသောက်ကုန်တွေ စပြီးကုန်သွယ်ဖို့ လုပ်နေတယ်။ ကုန်သွယ်ပြီဆိုပါတော့။ အရင်က ရေလမ်းကြောင်းကနေ စားသောက်ကုန်တွေက တရားမ၀င် ကုန်သွယ်နေတာလေ။ အခုတော့ တရားဝင်ပြန်ကုန်သွယ်တာပေါ့။ ဖွင့်ပွဲမတိုင်ခင် ဆွေးနွေးပွဲမှာ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း တရားဝင်ကုန်သွယ်မှုပြန်စရင် မှောင်ခိုကုန်သွားတာတွေ အဓိကလျော့နည်းစေချင်တယ်လို့ ပြောသွားခဲ့တယ်''ဟု မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းကုန်စည်များ ကုန်သွယ်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group

နှစ်အလိုက် မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း) | ||||||
---|---|---|---|---|---|---|
ဘဏ္ဍာရေးနှစ် | ပို့ကုန် | သွင်းကုန် | စုစုပေါင်း | |||
၂၀၀၆-၂၀၀၇ | ၁၅၇.၆၀ | ၁၄၂.၆၃ | ၃၀၀.၂၃ | |||
၂၀၀၇-၂၀၀၈ | ၁၄၈.၉၆ | ၁၅၅.၇၈ | ၃၀၄.၇၄ | |||
၂၀၀၈-၂၀၀၉ | ၁၃၇.၈၆ | ၁၈၉.၄၉ | ၃၂၇.၃၅ | |||
၂၀၀၉-၂၀၁၀ | ၁၃၉.၂၂၁ | ၁၃၅.၄၂၈ | ၂၇၄.၆၄၉ | |||
၂၀၁၀-၂၀၁၁ | ၁၅၁.၆၂၁ | ၁၇၄.၃၆၀ | ၂၉၈.၉၈၁ |
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ပြန်စ
Reviewed by သစ်ထူးလွင်
on
11:49
Rating:
No comments:
Post a Comment