စမ်းချောင်းမှရေကို စုပ်ယူသောကြောင့် လယ်မြေတွေ ပျက်စီး

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် နတ်မောက်အုပ်စုအတွင်းရှိ ရေဝင်ရွာ၊ညောင်ကုန်းရွာ၊ဖောင်းကန်ရွာတွေမှ လယ်ယာတွေ ရေသွင်းယူ စိုက်ပျိုးနေတဲ့ ရေလျှံစမ်းချောင်းမှရေကို စစ်တပ်မှ သောက်သုံးရေအဖြစ် လာရောက်စုပ်ယူသုံးစွဲနေသောကြောင့် စိုက်ပျိုးရေမလုံလောက်တော့ပဲ  ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရေဝင်ရွာက လယ်ယာလုပ်ငန်းလုပ်တဲ့အခါ ရွာအနီးမှာရှိတဲ့ ရေလျှံစမ်းချောင်းကနေ ရေကိုသွယ်ယူပြီး ဘိုးစဉ်ဘောင်ဆက်ထဲက စိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ ရေဝင်ရွာအနီးမှာ ခလရ (၉၂) နှင့် ခလရ (၂) စစ်တပ်တွေ ၁၉၆၅ခုနှစ်ကတည်းက စခန်းချနေထိုင်ခဲ့ကြပါတယ်။ အရင်တုန်းက သူတို့စစ်တပ်သုံးဖို့အတွက် ရေကို ဧရာဝတီမြစ်ထဲကနေ မြစ်ရေတင် စနစ်နဲ့ ယူခဲ့ပါတယ်။

၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ မြစ်ရေတင်စနစ်နဲ့ မယူတော့ပဲ ရေဝင်ရွာ၊ညောင်ကုန်းရွာ၊ဖောင်းကန်ရွာတို့ လယ်ယာစိုက်ပျိုးဖို့ အသုံးပြုတဲ့ ရေလျှံစမ်းချောင်းထဲမှ ရေကို ၂၅ကီလိုဝက်(kilowatt) မော်တာ၊ ၄ လက်မပိုက်နဲ့ လာစုပ်ယူပြီး သုံးစွဲခဲ့ကြပါတယ်။
စစ်တပ်တည်နေရာက ဧရာဝတီမြစ်နဲ့ နီးသော်လည်း ရေဝင်ရွာက သောက်သုံးတဲ့ ရေသန့်တွင်းကို နမူနာယူပြီးတော့ ဒီရေကို ကြိုက်တယ်ဆိုပြီး သောက်သုံးတဲ့တွင်းက ယူပေမယ့် တကယ်ယူတာကြတော့ စိုက်ပျိုးတဲ့ချောင်းက ရေကို လာစုပ်ယူတာပါ။ အဲလိုသယ်ဖို့အတွက် ရေဝင်ရွာမှ ဦးခံဆိုတဲ့လူပိုင်တဲ့ ဥယျာဉ်ခြံမြေပေါ်မှာ မော်တာစက်ခန်းနှင့် ရေကန်ကို လာရောက် ဆောက်သွားပါတယ်။ အဲကနေ တဆင့် စစ်တပ်နယ်မြေသို့ ရေတွေကို သယ်ယူသုံးစွဲတာပါ။

အခုလို ရေကို တပ်သုံးရေအဖြစ် လာစုပ်ယူတဲ့အတွက် ရေဝင်ရွာ၊ညောင်ကုန်းရွာ၊ဖောင်းကန်ရွာက ကွင်းအမှတ် (၉၇၊၉၈)က လယ်ဧက (၁၅၀)ကျော်မှ တစ်ဝက်နီးပါးလောက်ဟာ စိုက်ပျိုးရေမလုံလောက်တော့ပဲ ပက်ကြားအက်ပြီး နှစ်စဉ်နှစ်တိုင်း ခဏခဏပျက်ပါတယ်။ စမ်းချောင်းနဲ့ နီးတဲ့လယ်တွေကသာ အောင်မြင်ပြီး ဝေးတဲ့လယ်တွေဆီကို ရေမရောက်တော့ပဲ ပျက်စီးသွားပါတယ်။ အခုအခါ ၂၅-၁၁-၂၀၁၁ ရက်နေ့ကစတင်ပြီး  စစ်တပ်က သောက်ရေ၊သုံးရေ မလုံလောက်လို့ဆိုကာ ၅၀ ကီလိုဝက်(kilowatt) မော်တာကို သုံးပြီး နောက်ထပ်ပိုက်လိုင်းတစ်လိုင်းနဲ့ ရေတွေကို ထပ်မံစုပ်ယူဖို့ ပြင်ဆင်နေပါတယ်။

နောက်ထပ်ပိုက်လိုင်းတစ်လိုင်းနဲ့ထပ်ပြီး ရေတွေကို စုပ်ယူပါက ရေလျှံစမ်းချောင်းမှ ရေကို အသုံးပြုပြီး လယ်စိုက်ပျိုးနေတဲ့ ရေဝင်ရွာ၊ညောင်ကုန်းရွာ၊ဖောင်းကန်ရွာမှ လယ်ယာတွေ ပျက်စီးသွားနိုင်ခြေရှိပါတယ်။ ရေဝင်ရွာ၊ညောင်ကုန်းရွာ၊ဖောင်းကန်ရွာတွေမှ လယ်သမားတွေက စုပေါင်းပြီး အဲကိစ္စကို ကူညီပေးဖို့ သမ္မတကြီး ဦးသိန်းစိန်နှင့်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဌာန ၂၃ ခုကို စာတင်ပြီး တိုင်ကြားထားပါတယ်။
 By ဇာဏီ (Burma VJ Media Network)

စမ်းချောင်းမှရေကို စုပ်ယူသောကြောင့် လယ်မြေတွေ ပျက်စီး စမ်းချောင်းမှရေကို  စုပ်ယူသောကြောင့် လယ်မြေတွေ ပျက်စီး Reviewed by သစ်ထူးလွင် on 17:59 Rating: 5

No comments:

Powered by Blogger.