ကချင်ပြည်နယ်တွင်းတွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားလျက် ရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ၀န်းကျင်ရှိ
တိုင်းရင်းသားများ နေရပ်ကို စွန့်ခွာတိမ်းရှောင်ရမှု
ပိုမိုမြင့်တက်လာနေကြောင်း သတင်း ရရှိပါသည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ခဲ့ပြီး စတင်ဖြစ်ပွားရာဒေသသည် ဗန်းမော်ခရိုင်အတွင်းတွင် တည်ရှိသည်။ ထို့နောက် မြစ်ကြီးနား၊ ၀ိုင်း မော်ဒေသများအထိပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခဲ့ပြီး ဇွန်လအတွင်းမှ စတင်ကာ လက်ရှိအချိန်အထိ ဒေသခံများ နေရပ်စွန့်ခွာမှုများ ရှိနေခြင်း ဖြစ်သည်။
လတ်တလောတွင် မြို့ပေါ်နှင့် တောတွင်းစခန်းများတွင် နေထိုင်သူဦးရေ တဖြည်းဖြည်းတိုးတက်လာ နေကာ စားဝတ်နေရေးတို့အတွက် အခက်အခဲများစွာနှင့်လည်း ရင်ဆိုင်နေရကြောင်း အဆိုပါဒေသများတွင် လူမှုကူညီရေး လုပ်ကိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများထံမှ သိရှိရပါသည်။ မြို့များရှိ ကယ်ဆယ်ရေး စခန်းများတွင်သာ လူဦးရေအလွန် များပြားနေမှုကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ကျေးရွာအချို့နှင့် တောတွင်းနေရာများတွင်ပါ ယာယီစခန်း များပေါ်ပေါက်လာခြင်းများရှိနေသည်။
နိုဝင်ဘာလနောက်ဆုံးပတ် မှ စတင်ကာ ယခုကဲ့သို့ပြောင်းရွှေ့သူဦးရေ ပိုမိုတိုးတက်လာခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။
“ ဒီရက်တွေအတွင်းမှာ ရှိရင်း စွဲ Camp တွေမှာ လူကဦးရေ မတရား ထိုးတက်လာတယ်။ ပြီးတော့ မရှိ သေးတဲ့နေရာတွေမှာ ဘုန်းတော်ကြီးကျောင်း၊ Chruch ရှိ တဲ့ရွာ၊ chruch မှာမှ အုတ်တိုက် အခိုင်အမာရှိတဲ့ နေရာတွေကို အစုလိုက်အပြုံလိုက် ရောက်သွားတယ်ပေါ့။ CAMP တွေက နဂိုက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ ဖွင့်ထားတဲ့ CAMP တွေကျတော့လည်း တိုက်ပွဲက အဲဒီနေရာ ရောက်သွားတဲ့အခါ ကျတော့ ထွက်ပြေးသွားရတာတွေလည်း ရှိတယ်။ CAMP တွေရဲ့ အခြေ အနေက အမြဲတမ်းပြောင်းရွှေ့နေရတယ်”ဟု ဆက်လက်ပြောပြသည်။
“ပထမ camp အမျိုးအစားက မြို့ပေါ်မှာ ရှိတဲ့ camp ပေါ့။ အဲဒါ ကတော့ အစိုးရကပါ ပြည်နယ် အစိုးရကပါ တရားဝင်လုပ်ထားခွင့် ပေးတဲ့အတွက်ကြောင့် WFP တို့၊ UN အေဂျင်စီတွေကနေ၊ မေတ္တာဖောင်ဒေးရှင်း အပါ ပေါ့။ မြို့ထဲက အလှူရှင်တွေကပါ လှူဒါန်းတယ်။ ပြဿနာက ဘာလဲဆိုတော့ ခုနက လို လူဦးရေက အဆမတန်တိုးလာ တဲ့အခါ အခက်အခဲရှိတယ်။ ဥပမာ ဆို WFP က နိုဝင်ဘာ ၁၅ ရက်မှာ ကောက်ထားတဲ့ data နဲ့ ၃၀ ရက် နေ့မှာ လာဝေတယ်။CAMP မှာ အရင်ကလူဦးရေ ၁၅၁ ယောက်ပဲရှိ တယ်။ တကယ်တမ်း လာဝေတဲ့နေ့မှာ၄၂၆ ယောက်ဖြစ်တယ်။ အဲဒီမှာ ဆေးဖိုးတို့၊ ဟင်းဖိုး၊ ထင်းဖိုး တို့လာလှူတဲ့လူ မရှိတဲ့အခါကျတော့ ပြဿနာ ဖြစ်တယ်။ အဲဒီလူ ၄၂၆ ယောက်ကို ဘူးသီးနဲ့ ကြက်သုံးကောင်နဲ့ ချက် ကျွေးရတယ်။ဆိုလိုတာက ကြက်တစ်ကောင်ကို လူတစ်ရာကျော် က မျှပြီးစားရတဲ့ သဘောမှာဖြစ် သွားတယ်”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူက ပြောကြား ခဲ့သည်။
“တချို့ကျတော့ တောတွင်းနဲ့ ရွာတွေမှာရှိတယ်။ အဲဒါတွေကတော့ နာမည်မပေါက်ဘူး။ လောလောဆယ် လွယ်ဂျယ်တစ်ခုပဲ နာမည်ပေါက်တယ်ပေါ့။ နာမည်ပေါက်တာတောင် အိမ်ခြေ က ၁၉ အိမ်နဲ့ နာမည်ပေါက်နေတာ။ တကယ်တမ်း ရှိနေတာက ၁၇၄၄ ဦး။ အဲဒါ ၃၀ ရက်နေ့မှာ ပေါ့။ အဲဒီ စခန်းတွေက ရှိနေတယ်။ အဲဒီနေရာတွေ ကျတော့ ဆက်သွယ်ရခက်တာ တစ်ကြောင်း နယ်စပ်နဲ့ နီးသွားတယ် ပေါ့။ နယ်စပ်အပြင်တော့ မဟုတ်ဘူး။ အထဲမှာပေါ့။ ခပေါင်းဆိုတာကတော့ တောတွင်းမှာ CAMP လိုမျိုးတောင် မဟုတ်ဘူး။ တောထဲမှာ ဖက်တွေနဲ့ပဲ တဲလုပ်ပြီး နေနေတဲ့နေရာဖြစ်တယ်”ဟု ဆက်လက်ပြောပြ ခဲ့သည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နေရပ်ကို စွန့်ခွာကာ နီးစပ်ရာမြို့ပေါ်၊ နယ်စပ်ဒေသနှင့် တောတွင်းများတွင် ရွှေ့ပြောင်းနေထိုင်ကြသူများတွင် ကချင်တိုင်းရင်းသားများ၊ ရှမ်းဗမာ တိုင်းရင်းသားများ ပါဝင်နေသည်။ ဗန်းမော်ဒေသ တစ်ဝိုက်နှင့် နယ်စပ် ဒေသများတွင် နေရပ်မှ တိမ်းရှောင် နေရသူဦးရေသည် ၅၀၀၀၀ ၀န်း ကျင်အထိ ရှိနိုင်သည်ဟုလည်း ခန့်မှန်းမှုများအရ သိရှိရသည်။
လတ်တလောတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများအတွက် အဓိကလိုအပ်ချက်သည် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေကာ အမိုးအကာ ဖြင့်နေထိုင်နိုင်ခြင်းနည်းပါးမှု၊ ကယ်ဆယ်ထားသည့်နေရာနှင့် လူဦးရေ မမျှတမှု၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် သွားလာရေး အခက်အခဲရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည့်အတွက် လာမည့် နှစ်တွင် ဒေသတွင်း စားနပ် ရိက္ခာ ပြတ်လပ်နိုင်ခြေရှိမှု စသည်တို့ ကြုံတွေ့နေရကြောင်း သိရှိရသည်။
Eleven Media Group

ကချင်မှာ စစ်ပြေးဒုက္ခသည်တွေပိုများလာ
Reviewed by သစ်ထူးလွင်
on
11:51
Rating:
1 comment:
ကချင်ပြည်နယ်အေးချမ်းသာယာနိုင်ပါစေ။
Post a Comment