အိပ်ခ်ျအိုင်ဗီပိုးကူးဆက်နိုင်သည့်နည်း
သုံးနည်းရှိသည့်အနက် လိင်ကနေ တစ်ဆင့် ကူးစက်မှုနှုန်းသည် မြန်မာနိုင်ငံ၌
အများဆုံး အဖြစ် တွေ့ရှိရသည်ဟု ရန်ကုန်ဆေးရုံကြီး ခုခံအားကျဆင်းမှု
ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ မျိုးသန့်ကိုက ပြောသည်။
"ဒါပေမယ့် လိင်ကနေတစ်ဆင့် ကူး စက်နှုန်းက များတယ်ဆိုပေမယ့် မိခင်ကနေ ကလေး ကူးစက်နှုန်းကတော့ ကျဆင်း လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အိပ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် တိုးချဲ့သွားဖို့တော့ အစီအစဉ် တွေရှိပါတယ်။ ဒါ ပေမယ့် ရန်ပုံငွေထောက်ပံ့ပေးမှုအပေါ် မူတည်ပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လိင်မှတစ်ဆင့် ကူးစက်နေသည့်နှုန်းမှာ ရာခိုင်နှုန်း မည်မျှရှိနေသည်ကို သေချာ တိတိကျကျ ပြော၍မရပါသော်လည်း ပိုးကူးစက်ခံရ သူ အများစုမှာမူ လိင်မှတစ်ဆင့် ကူးစက် ခံထားရခြင်းဖြစ်သည်ဟု သိရသည်။
"အစိုးရနဲ့ အင်န်ဂျီအိုအဖွဲ့စည်းတွေ ပူးပေါင်းပြီး ထုတ်ထားတဲ့ Myanmar National Strategic Plan on HIV and AIDS 2011 -2015 အရဆိုရင် ၂၀၀၉ ခုနှစ်မှာ လိင်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ အမျိုးသမီးများမှာ ၁၁ ရာခိုင်နှုန်း ကူးစက်မှုရှိတယ်လို့ ဆိုတယ်။ ဥပမာ တစ်နှစ်မှာ အဲဒီအမျိုးသမီးရှစ်သောင်းရှိ တယ်ဆိုရင် ရှစ်ထောင်လောက်က ပိုး ကူးစက်ခံထားပြီးသားဖြစ်တယ်" ဟု ကမ္ဘာ့ ဆရာဝန်များအဖွဲ့ (Medecins Du Monde) မှ ဒေါက်တာယမင်းရည်က ပြောသည်။
"လိင်ကနေ ကူးစက်နှုန်းက တခြား မူးယစ်ဆေးထိုး ဆေးထိုးအပ်ကနေ ကူးတာ၊ မိခင်ကနေ သန္ဓေသားကူးစက်နှုန်း တွေထက် ပိုနေတာပါပဲ"ဟု ၎င်းက ပြောသည်။
"အိပ်ခ်ျအိုင်ဗီပိုးရှိတဲ့လူနာ လိင်ဆက်ဆံတဲ့အကြိမ်တိုင်းမှာ ကူးစက်နိုင်တယ်ဆိုတာ အချက်အလက်တွေပေါ် မူတည်တယ်။ သူ့မှာ ဘယ်လောက် ပိုးကောင်ရေ များနေသလဲ။ ကူးစက်နိုင်တဲ့ပမာဏ ရောက်ပြီလား။ ကာလသားရောဂါရော ရှိလား။ လိင်အင်္ဂါအတွင်း ပိုင်းမှာ ပွန်းပဲ့ ဒဏ်ရာတွေလည်းရှိနေမယ်၊ ပိုးကောင်ရေ များနေမယ်ဆိုရင် ချက်ချင်းကူးစက် သွားနိုင်တယ်" ဟု ၎င်းက ပြောသည်။
အိပ်ခ်ျအိုင်ဗီပိုးရှိသူသည် ရောဂါပိုး မွှား တိုက်ဖျက်ပေးသော အေအာရ်တီ ဆေးဝါးများကို သောက်သုံးခြင်းအား ဖြင့် ပိုးကူးစက်နှုန်းကို ကျစေနိုင်ကြောင်း သိရသည်။
"အိပ်ခ်ျအိုင်ဗီပိုး ပိုးကောင်ရေ တအား များတဲ့လူတစ်ယောက်ဟာ အကာ အကွယ်မဲ့ လိင်ဆက်ဆံတဲ့အချိန်မှာ သူ့ရဲ့ လိင်ဆက်ဆံဖက် ကို ပိုးကောင်ရေနည်း တဲ့သူထက် အများကြီးကူးသွားနိုင်တဲ့ အခြေအနေရှိတယ်။ ဒါကြောင့် ဒီလို ပိုး ကောင်ရေများတဲ့သူတွေကို အိပ်ခ်ျအိုင်ဗီ ပိုးတားတဲ့ဆေး၊ အေအာရ်တီဆေးပေး ခြင်းအားဖြင့် ဆေးသောက်တဲ့သူတွေလည်း ကျန်းမာလာမယ်။ နေကောင်း သွားမယ်။ ပိုးကောင်ရေလည်း ကျသွား နိုင်တယ်။ အိပ်ခ်ျအိုင်ဗီပိုးကူးစက်နှုန်းကို ကျစေတယ်"ဟု ဒေါက်တာယမင်း ရည်က ပြောကြားသည်။
ကွန်ဒုံးကို စနစ်တကျ အပြည့်အ၀ သုံးခြင်းဖြင့်လည်း အိပ်ခ်ျအိုင်ဗီပိုး ကူးစက်နှုန်းကို ကျစေနိုင်သဖြင့် လိင် ဖျော်ဖြေမှုဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေကြသူများအနေဖြင့် မိမိကိုယ်တိုင် ကွန်ဒုံးအမြဲသုံးစွဲရမည်ဖြစ်ပြီး မိမိ၏ အဖော်ကို ကွန်ဒုံးသုံးစွဲရန် စည်းရုံး၊ ပညာပေးရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဆရာ ၀န်များအဖွဲ့အနေနှင့် လိင်ဖြင့် အသက် မွေးဝမ်းကျောင်းလုပ်သည့် အမျိုးသမီး များအပြင် ယောက်ျားချင်း လိင်တူ ဆက်ဆံကြတဲ့သူတွေကို အဓိကထား၍ ပညာပေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။
"သူတို့တွေ လိင်ဆက်ဆံတဲ့အချိန်တိုင်းမှာ ကွန်ဒုံးသုံးမယ်ဆို ကူးစက်နှုန်း ကျသွားမှာပါ"ဟု ၎င်းကပြောသည်။
ရွှေရည်စောမြင့် (မြန်မာ့တိုင်းမ်)

လိင်မှတစ်ဆင့် အိပ်ခ်ျအိုင်ဗီပိုးကူးစက်မှု အများဆုံးဖြစ်နေ
Reviewed by သစ်ထူးလွင်
on
19:45
Rating:
No comments:
Post a Comment