ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တီးဝိုင်းအဖွဲ့ ၁၀ ဖွဲ့နှင့် အဆိုတော် အများအပြား သီဆိုမည်


b36_01
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော် စာနယ်ဇင်းရှင်းလင်းပွဲ မြင်ကွင်း
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင်တီးဝိုင်း ၁၀ ဖွဲ့နှင့် အဆိုတော် အများအပြား ပါဝင်သီဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂီတဖျော်ဖြေပွဲတွင် ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေ စီကွန်ယက်တွင် တစ်ခုအပါအ၀င်ဖြစ်သည့် ပညာရေးကွန်ယက်အဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
b36_01_1 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့်ဈေးရောင်းပွဲ ကျင်းပရခြင်းနှင့်ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲ ကို ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာတာဝါတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က အဖွင့်အမှာစကား  ပြောကြားရာခဲ့သည်။ အမှာစကားတွင် ယခုပွဲကျင်းပရခြင်းသည် ပြည် ထောင်စုရှိ တိုင်းရင်းသားအသီးသီးတို့၏ ပညာရေးအထောက်အကူပြု လုပ်ငန်းများအတွက် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပါဝင်ကူညီကြသည့် အ နုပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယခုပွဲ ဖြစ်မြောက်လာရခြင်းအကြောင်းကို Metal Zone မှ ဦးဇော်ဝင်း '' ဒီပွဲက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က အန်တီစု(ဒေါ်အောင်ဆန်းစုကြည်)က ပြီးခဲ့တဲ့နိုဝင်ဘာ ၂၅ ရက်နေ့က ကျွန်တော်တို့ဂီတသမား တွေနဲ့ တွေ့ဆုံပြီး လူထုအတွက် ဇာတိသွေး ဇာတိမာန် ထက် သန်စေတဲ့ သီချင်းမျိုးတွေ ဖန်တီးဖို့ တိုင်ပင်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့ဂီတသမားတွေဘက်က အင်အားနည်းနေခဲ့ပါတယ်။ ဒါ့ကြောင့် ဂီတသမားစုံစုံလင်လင်နဲ့ ရန်ပုံငွေပွဲတစ်ခုလုပ်ဖို့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ကို ကျွန်တော်ကအကြံပြုခဲ့ရာက အခုလိုပွဲလေး ဖြစ်လာတာပါ။ ဒီပွဲလေးက ပညာရေး ရန်ပုံငွေပွဲသီးသန့်ပါပဲ '' ဟု ရှင်းလင်းပြောကြားခဲ့သည်။
ပါဝင်သီဆိုကြမည့်အဆိုတော်များကိုယ်စား ဆောင်းဦးလှိုင်က'' ဒီပွဲမှာ ဂီတလောကမှာရှိတဲ့ အဆိုတော်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ပါဝင်မှာပါ'' ဟု ဆိုပါသည်။ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် နေ့လည် ၃ နာရီ မှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ဂီတဖျော်ဖြေပွဲတွင် The Tree Band  နှင့်အတူ R ဇာနည်၊ ဟဲလေး၊ ဖိုးကာ၊ အစိုင်း၊ ဥာဏ်လင်းအောင်၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်းစုခိုင်သိန်းတို့ပါဝင် သီဆိုမည်ဖြစ်သည်။
အင်ပါယာတီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်၊ အဲလက်(စ်)၊ ဘိုဖြူ၊ ဖြိုးကြီး၊ သျီ၊ အိမ့်ချစ်၊ Metal Zone  တေးဂီတနှင့်အတူ ဟန်ထွန်း၊ လင်း လင်း၊ ဂျီလတ်၊ သအို၊ ဟယ်ရီလင်း၊ အောင်ခန့်၊ ချစ်သုဝေ၊ N ကိုင်ရာ၊ Plus 3 တေးဂီတနှင့်အတူ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဖုန်း၊ နီနီခင်ဇော်တို့ ပါဝင်သီဆိုကြမည်ဖြစ်သည်။
Lazy Club  တီးဝိုင်းနှင့် ဇော် ပိုင်၊ L လွန်းဝါ၊ ထက်နေကြည်၊ ဖြူ ဖြူကျော်သိန်း၊ ချမ်းချမ်း၊ ယုဇန၊ အေသင်ချိုဆွေ၊  Spectrum  တေးဂီတနှင့်အတူ ထူးအယ်လင်း၊ S ကဲနက်၊ လင်းနစ်၊ နွဲ့ယဉ်ဝင်း၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ Vertical Vibration  တေးဂီတနှင့်အတူ ကိုရဲလွင်၊ စံလင်း၊ သားထွေး၊ ရင်ဂို၊ အောင်အောင်၊ ဂျေမောင်မောင်၊ အုပ် ကြီး၊ ဂျေညီညီ၊ လမ်းပြကြယ်တို့ ပါဝင်သီဆိုကြမည်ဖြစ်သည်။
ယင်းပွဲတွင် Hip Hop အဆိုရှင်နှင့်အဖွဲ့များဖြစ်သည့် Acid ၊ ကြက်ဖ၊ ရသ၊ ယုန်လေး၊ Snare ၊ Cyclone ၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ ဂျင်းနီနှင့် Blue Berry တို့ ပါဝင်သီဆိုမည်ဖြစ်သည်။ ထို့ပြင် Big Bag ၊ Wanted  နှင့် Reason စသည့် လူငယ် Band အဖွဲ့များလည်း ပါဝင်မည်ဖြစ်သည်။
'' အခုပွဲအတွက် ပွဲခွင့်ပြုမိန့် အတွက် ရပ်ကွက်ရုံကစပြီး ရန်ကုန်တိုင်းဝန်ကြီးအထိ အဆင့်ဆင့် ဆောင်ရွက်ရပေမယ့် အားလုံးအဆင်ပြေတဲ့အပြင် အားလုံးက ဖော်ဖော်ရွေရွေရှိကြတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ ဒီပွဲရဲ့ ဈေးရောင်းပွဲကိုတော့ ပညာရေးကွန်ယက်အောက်က ကျောင်းတွေကပဲရောင်းမှာပါ '' ဟု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ 'ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့်ဈေးရောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုညီညီက ဆိုပါသည်။
Eleven Media Group
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တီးဝိုင်းအဖွဲ့ ၁၀ ဖွဲ့နှင့် အဆိုတော် အများအပြား သီဆိုမည် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တီးဝိုင်းအဖွဲ့ ၁၀ ဖွဲ့နှင့် အဆိုတော် အများအပြား သီဆိုမည် Reviewed by သစ်ထူးလွင် on 10:26 Rating: 5

No comments:

Powered by Blogger.