ဗွီအိုအေမြန်မာပိုင်း သတင်းထောက်များ ပြည်တွင်း၌ သတင်းယူလိုသည့်
အကြောင်းကိစ္စရှိပါက ပြန်ကြားရေး ၀န်ကြီးဋ္ဌာနသို့
အချိန်မရွေးအသိပေးပါကခွင့်ပြုပေးသွားမည်ဟု မြန်မာနိုင်ငံသို့
တပတ်ကြာရောက်ရှိနေသည့် ဗွီအိုအေ မြန်မာပိုင်းဋ္ဌာနမှူး ဦးသန်းလွင်ထွန်းက
ပြောသည်။
ဗွီအိုအေ မြန်မာပိုင်းဋ္ဌာနမှူး ဦးသန်းလွင်ထွန်းက “ကျွန်တော်တို့ သတင်းထောက်တွေကို ခင်ဗျားတို့ မကြာခဏမြင်ရဖို့ရှိတယ်၊ ဒီမှာနေမနေတော့ မသိဘူး” ဟု ယနေ့နေ့လည် ပြည်တွင်းသတင်းအချို့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် ၎င်း၏ ခရီးစဉ်အတွင်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံစဉ် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်များ အနေဖြင့် ပြည်တွင်း၌သတင်းယူရန် ကိစ္စရှိသည့်အခါ ပြန်ကြားရေးဝန်ကြီးဋ္ဌာနသို့ အသိပေးပါက ခွင့်ပြုပေးသွားမည့်အကြောင်းကို ပြောဆိုခဲ့ရာ ယင်းကို ကတိစကားတရပ်အဖြစ် မှတ်ယူကြောင်း ပြည်တွင်း သတင်းထောက်များကိုပြောသည်။
နေပြည်တော်၌ ဦးသန်းလွင်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံသည့် သတင်းကို အမေရိကန် အသံ (မြန်မာပိုင်းအစီအစဉ်) ဋ္ဌာနမှူးက ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းအား လာရောက်တွေ့ဆုံဟု ဟု ဒီဇင်ဘာ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ရည်ညွှန်းဖေါ်ပြထားသည်။
ဗွီအိုအေ မြန်မာပိုင်းဋ္ဌာနအနေဖြင့် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်ရန် အစီအစဉ်ရှိမရှိနှင့်ပတ်သက်၍ ၎င်းက “ကျွန်တော်တို့ သတင်းထောက် တလတန်သည်၊ ၃ လတန်သည် နေဖို့ရုံးခွဲဖွင့်ဖို့က တဖြည်းဖြည်းလုပ်ရမယ့် ကိစ္စဖြစ်သွားပြီ”ဟု ဦးသန်းလွင်ထွန်းကပြောသည်။
ဗွီအိုအေ မြန်မာပိုင်းဋ္ဌာနမှူးဖြစ်သူ ဦးသန်းလွင်ထွန်းအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ရည်ရွယ်ချက်မှာ လုပ်ငန်း သတင်းရယူရန် မဟုတ်ပဲ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းရန်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
လွန်ခဲ့သည့် သြဂုတ်လအထိ ပြည်ပသတင်းဋ္ဌာနများဖြစ်သည့် ဗွီအိုအေ၊ အာရ်အက်အေ ၊ ဘီဘီစီ နှင့် ဒီဗွီဘီ အသံလွှင့်ဋ္ဌာနများအား လေလှိုင်းပေါ်မှ လူသတ်သမားများဟု အစိုးရသတင်းစာများ၏ နောက်ကျောဖုံးတွင် နေ့စဉ် ဖေါ်ပြခဲ့သည်။ ယင်းနောက်ပိုင်း ထိုသို့ဖေါ်ပြချက်များ ရပ်ဆိုင်းလိုက်ပြီးနောက် ပိတ်ပင်ထားသည့် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ သတင်းဝက်ဆိုက်များကိုပါ တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဖွင့်ပေးခဲ့သည်။
ဦးသန်းလွင်ထွန်းမှာ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ထိုင်းမြန်မာနယ်စပ်သို့ထွက်ခွာသွားခဲ့ရာ မှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ဘီဘီစီ မြန်မာပိုင်းတွင်လုပ်ကိုင်ခဲ့ဖူးသည်။ ယခုလက်ရှိ ဗွီအိုအေ မြန်မာပိုင်း၏ ဋ္ဌာနမှူးတာဝန်ယူ ဆောင်ရွက်နေသူဖြစ်သည်။ ။
YPI

ဗွီအိုအေ သတင်းထောက်များ မြန်မာပြည်သို့လာရောက်ခွင့်ရမည်
Reviewed by သစ်ထူးလွင်
on
19:13
Rating:
No comments:
Post a Comment