သတင်းလောက အသက်ရှူချောင်လာ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁)

ပြည်ထောင်စုလွှတ်တော်ကျင်းပစဉ်အတွင်း ပြည်တွင်း၊ ပြည်ပ သတင်းသမားများ ပထမဆုံးအကြိမ် သတင်းယူနေစဉ်။
ဓာတ်ပုံ-စိုးသန်းလင်း
၂၀၁၁ ဟာ မီဒီယာလောကအတွက် အဖွင့်လှခဲ့တဲ့ စာမျက်နှာတစ်ခုလို့ ဆိုရမှာပါပဲ။ ၂၀၁၀ ပြည့်နှစ်တုန်းက ကြုံခဲ့ကြတဲ့ သတင်းရေးသားမှု တွေမှာ ကန့် သတ်မှုတွေ၊ ဂျာနယ်တွေ ရပ်ဆိုင်းခံရတာတွေက ၂၀၁၁ ကို စဖွင့်လိုက်တဲ့ အချိန်မှာ မျှော်လင့်မထားခဲ့မိတဲ့ အနေအထား တချို့ကြောင့် အနှစ် ၄၀ နီးပါး ဆင်ဆာနဲ့ယဉ်ပါးခဲ့ရတဲ့ မီဒီယာ လောကအတွက် မီဒီယာလွတ်လပ်ခွင့် (လုံးဝ)ရရှိဖို့ ရောင်နီသန်း လာပြီလို့ မျှော်လင့်အားတက်ခဲ့ကြပါတယ်။
ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့မှာ စာနယ်ဇင်းလောက သားတွေအတွက် အားကိုးအားထားပြုနိုင်ဖို့ ရည်ရွယ်တဲ့ ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုပြီး ပေါ်ပေါက်လာ ပါတယ်။
တစ်ချိန်တည်းမှာပဲ စာနယ်ဇင်းလောက သားတွေထဲကအချို့က 'သတင်းဆု' တွေပေးဖို့ ကြိုးပမ်းလာသလို ဒီလိုအစပျိုးလိုက်မှုက 'အမျိုးသားသတင်းဆု'ဆိုတဲ့ နိုင်ငံလုံးဆိုင်ရာ သတင်းဆုတွေ ပေးဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို ပိုမိုပိုလွင်စေ ခဲ့တာကတော့ အစိုးရသစ်တက်ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း ၂၀၁၁ ရဲ့ကျန်ရှိတဲ့ ကာလတွေပဲဖြစ်ပါတယ်။
ပထမခြောက်လအတွင်းမှာ သတင်းလောကဟာ သိသိသာသာ ပြောင်းလဲလာခဲ့တယ်လို့ ၀ါရင့် သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဆရာမောင်ဝံသက သုံးသပ်ပါတယ်။
"သမ္မတဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှာတော့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောလာတယ်။ တစ်ချိန်တည်းမှာပဲ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး လျှော့ပေါ့တာတွေ အများကြီးဖြစ်လာတယ်။ နိုင်ငံရေးသတင်းတွေကို တော်တော်များများ ရေးလို့ရ လာတယ်။ ပါတီတွေရဲ့ထင်မြင် ချက်တွေ၊ သူတို့နဲ့ အင်တာဗျူးတွေ ထည့်လို့ရလာတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဓာတ်ပုံတွေကိုလည်း သေသေချာချာ ထည့်လို့ ရလာတယ်။ ဒါတွေကတော့ ထူးခြားတယ်လို့ ပြောလို့ရတယ်"လို့ ဆရာမောင်ဝံသက ပြောပါတယ်။
နှစ်လယ်ပိုင်းမှာတော့ စာပေစိစစ်ရေးကနေ တင်/ထုတ်စနစ်ထဲက ဂျာနယ်ငါးမျိုးဖြစ်တဲ့ အနုပညာ၊ ကျန်းမာရေး၊ ကလေးစာပေ၊ နည်းပညာနှင့် အားကစားစတဲ့ အမျိုးအစားတွေကို ဇွန်လ ၁၀ ရက်နေ့ကစပြီး ထုတ်/တင် စနစ်ကို ပြောင်းလဲပေးလိုက်ပြီး မီဒီယာ တွေအပေါ် တင်းကျပ်မှုအနည်းငယ် ပြေလျော့လာခြင်းအပေါ် မီဒီယာလောကသားတွေ ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာ ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူကြား အပြန်အလှန်ပြောကြတာတွေ၊ သဘောထားတွေကို ဂျာနယ်တွေကနေ အဆက်မပြတ်ရေးသားခဲ့ကြသလို ဒီိကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးက အရေးတယူရှိခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ စီမံကိန်းကို သူ့ရဲ့သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ကြေညာခဲ့တာကပဲ မီဒီယာလောကရဲ့ အကျိုးပြုနိုင်မှုကို ပြခဲ့သလို ဖြစ်တယ်လို့ ဆရာမောင်ဝံသက ပြောပါတယ်။
အသက်ရှူချောင်လာတဲ့ သတင်းလောကဟာ ၂၀၁၁ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲတွေ ရှိလာတယ်၊ တိုးတက် လာတယ်လို့ ဆိုရနိုင်ပေမယ့် တကယ်တမ်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မီဒီယာစံနှုန်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီး ပြောင်းလဲဖို့ လိုအပ် နေသေးတယ်လို့လည်း သူက ဆိုပါတယ်။
"နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်စံနဲ့ ယှဉ်ပြော မယ်ဆိုရင် ဒီကအဝေးကြီး၊ အများကြီးလိုသေးတယ်။ ရေးသားတဲ့နေရာမှာ လွတ်လပ်ခွင့်ဆိုတာကို အခြေခံအချက်ဖြစ်တဲ့ ပုဂ္ဂလိက သတင်းစာ ထုတ်ခွင့်တောင် မရှိသေးဘူး။ ကမ္ဘာနဲ့ မပြောနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ယှဉ်ရင်တောင် ကွာခြားတယ်။ ကမ္ဘောဒီးယားဆိုလည်း အထိုက်အလျောက်လွတ်လပ် ခွင့်ရှိနေပြီ"လို့ ဆရာမောင်ဝံသက ပြောပါတယ်။
Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးဝေဖြိုးကတော့ ၂၀၁၁ ခုနှစ်မှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကပိုပီပြင်လာပြီး အရင်အခြေ အနေတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်တယ်လို့ ဆိုပါတယ်။
"ဒီနှစ်မှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကပိုပြီး တိုးတက် အားကောင်းလာတယ်။ လုပ်ဆောင်မှုတွေက သိသိသာသာ ကောင်းလာတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေက နောက်ပိုင်းမှာ တာဝန် ပိုကျေပွန်လာတယ်။ အများပြည်သူကလည်း စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါမှုကို လည်း ပိုအသိအမှတ်ပြုလာတယ်" လို့ဆိုပါတယ်။ သမ္မတကိုယ်တိုင်ရဲ့ အရေးတယူရှိမှုကြောင့် အစိုးရအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေအပါအ၀င် လူတွေက မီဒီယာနဲ့ ရင်းနှီးမှုပိုလာပေမယ့် ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန် အခါမှာ ရှိသင့်ရှိထိုက်တဲ့ အနေအထားမျိုး ရောက်မနေသေးဘူးလို့ သူက ဆိုပါတယ်။
"မီဒီယာနဲ့ ရင်းနှီးလာတယ်ဆိုတာကတော့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် မီဒီယာကို အသိအမှတ်ပြုလာတာကြောင့်လည်းပါတယ်။ မိန့်ခွန်းမှာလည်း ထည့်ပြောခဲ့တယ်။ ဒါပေမယ့် မီဒီယာနဲ့ ရင်းနှီးမှု ဆိုတဲ့နေရာမှာ ကျွန်တော်တို့က နယ်ပယ်ပေါင်းစုံ၊ အလွှာပေါင်း စုံကလူ တွေနဲ့တွေ့ဆုံရတာ။ သတင်းတွေရေးတဲ့အခါ အကောင်းအဆိုးကို ဝေဖန် ထောက်ပြတဲ့အခါ သတင်းအရင်းအမြစ်တွေက မိမိဘယ်သူဘယ်ဝါဆိုတာကို ပြောဆိုနိုင်ပြီး ရဲရဲဝံ့ဝံ့ဝေဖန် ထောက်ပြတာတွေ မရှိဘူး။ ဒီတော့ ဟိုးလွန်ခဲ့တဲ့ လေးငါးဆယ်နှစ်က လုပ်ဆောင်ခဲ့ရတဲ့ အနေအထားတွေနဲ့ ယှဉ်ပြီးပြောရင်သာ မဆိုးဘူးဆိုနိုင်ပေမယ့် တကယ့်တကယ် နိုင်ငံတကာ စံနှုန်းတွေနဲ့ပဲ တိုင်းတာတိုင်းတာ မီဒီယာနဲ့ ရင်းနှီးမှု ရှိသင့်သလောက် ရှိမလာဘူး။ ဒါပေမယ့် ထုတ်ဖော်ပြောရကောင်း မှန်းတော့သိလာကြပါရဲ့"လို့ ဦးဝေဖြိုးက ပြောပါတယ်။
၂၀၁၁ မှာ မီဒီယာလောကထဲ တိုးတက်မှု၊ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရတယ်ဆိုတာကိုလက်ခံကြသလို လာမယ့် ၂၀၁၂ မှာ ဒီထက် ပိုတဲ့ အပြောင်းအလဲတွေနဲ့ မီဒီယာလောကရဲ့ တိုးတက်မှုကို အားလုံးက မျှော်လင့်နေကြပါတယ်။
ရတနာထွန်း (မြန်မာ့တိုင်းမ်)
သတင်းလောက အသက်ရှူချောင်လာ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁) သတင်းလောက အသက်ရှူချောင်လာ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁) Reviewed by သစ်ထူးလွင် on 15:24 Rating: 5

No comments:

Powered by Blogger.