ဆရာမများ ကျူရှင်ပြဿနာကြီးထွားလာ

အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာမများ၏ ကျူရှင်ပြဿနာမှာ တစ်စတစ်စနှင့် ကြီးထွားလာနေပြီး ကျူရှင်ယူသော ကျောင်းသားနှင့် ကျူရှင်မယူသောကျောင်းသားများအား ခွဲခြားဆက်ဆံမှုများပြုလုပ်လာသည်အထိပင် ဆိုးရွားလာကြောင်း မိဘအုပ်ထိန်းသူများ အသိုင်းအဝိုင်းက တညီတညွတ်ထဲပြောကြားသည်။

"ကျွန်တော့်သားကို စာအုပ်ထဲမှာ မျဉ်းတားလို့ဆိုပြီး ပြဿနာရှာတယ်။ အင်္ဂလိပ်စာမှာ တချို့စာလုံးပေါင်းတွေကို မြန်မာလို မသိတော့ကလေးက စာလုံးရဲ့အောက်မှာခဲတံနဲ့ မျဉ်းတားပြီး မြန်မာလိုရေးထားတယ်။ အဲဒါကို မျဉ်းတားလို့ဆိုပြီး ပြဿနာရှာတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ နင်ရဲ့ငါ့စာထဲမှာ ဘာမှမရေးနဲ့ဆိုတဲ့ စကားမျိုးတွေပါသေးတယ်။ မသိတဲ့စကားလုံးရဲ့ အောက်မှာမျဉ်းတားပြီးမှတ်တာ အပြစ်တစ်ခုလားဗျာ။ သွားပြောရင်လည်း ကလေးကိုမဲဦးမယ်ဆိုတော့ သည်းခံနေတာ၊ ဟိုတစ်ကေ့တော့ မရတော့ဘူး ကျောင်းအုပ်ဆရာကြီးနဲ့သွားတွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ ကျောင်းအုပ်ဆရာကြီးကတော့ အဲဒီဆရာမခေါ်ပြီး သတိပေးမယ်ပြောတာပဲ" ဟု တာမွေမြို့နယ်အတွင်းရှိသော ယောင်္ကျားလေးသီးသန့်ကျောင်းမှ သတ္တမတန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အခြေခံပညာကျောင်းများရှိ ဆရာမများမှ သက်ဆိုင်ရာ အတန်းလိုက်ဘာသာရပ်ဆရာမများအားလုံး စုစည်း၍ နီးစပ်ရာကျောင်းသား မိဘများ၏ နေအိမ်များတွင် နေ့စဉ်အလှည့်ကျသွားရောက်သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသို့သင်ကြားပေးသည့် အတွက် အတန်းကိုလိုက်၍ ကျောင်းသားတစ်ဦးလျှင် အနိမ့်ဆုံးငွေကျပ်တစ်သောင်းခွဲမှ နှစ်သောင်းခွဲ၊ သုံးသောင်းအထိရယူကြသည်။

"ကျွန်မသားကို ကျောင်းကဆရာမတွေသင်တဲ့ ကျူရှင်မှာထားတာ ဟိုတစ်လောတုန်းကဆရာမတစ်ယောက်က သားကိုကျောင်းရောက်ရင် ကျူရှင်မသင်တဲ့သူတွေနဲ့ မပေါင်းနဲ့ဆိုပြီးမှာတယ်၊ သားက အဲဒါကို ကျွန်မကိုပြောပြလို့ အဲဒီဆရာမကို ဒီလိုမသင်ပေးဖို့ သွားပြောလိုက်တယ်။ ဘယ့်နဲ့ကျွန်မတို့က ကလေးပညာရေးအတွက် သူတို့ဆီကျူရှင်ထားတာ- လူတန်းစားခွဲခြားဆက်ဆံဖို့မှမဟုတ်တာ၊ ကလေးကိုလည်းမှာထားရတယ်။ အားလုံးသူငယ်ချင်းတွေလို ဆက်ဆံရမယ်လို့" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

"ဘာလဲဗျာ…… ဘယ်သူနဲ့ပဲသင်သင် အဓိကကလေးပညာတတ်ဖို့ပဲ မဟုတ်လား၊ အဲဒါကို သူတို့ဆီမှာပဲ သင်ရမယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး။ ကျောင်းစအပ်ထဲက ကလေးကိုကျူရှင်အပ်မလားဆိုပြီး မေးတာ…… မအပ်ဘူးဆိုပြီးပြန်ဖြေခဲ့တယ်။ အဲဒါကိုဗျာကလေးကို တောပြောတောင်ပြောနဲ့ ခဏခဏပြောတာနဲ့ တစ်ခါထပ်သွားပြီး မထားဘူးလို့ပြတ်ပြတ်ပဲပြောခဲ့လိုက်တယ်" ဟုလည်း မိဘတစ်ဦးက ပြောသည်။

ယင်းသို့ဆရာမတချို့၏ ကျင့်ဝတ်နှင့်ဆန့်ကျင်သော လုပ်ရပ်များကြောင့် လုပ်ဖော်ကိုင်ဖက် ဆရာမတချို့ ကိုယ့်ကျင့်သိက္ခာကိုပါ ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသည့်အပြင် မမြင့်မားလာသေးသည့် မြန်မာ့ပညာရေးကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုရမှာဖြစ်ပါသည်။

"ဒီအလုပ်က တကယ့်ကို ကုသိုလ်ရတဲ့အလုပ်ပါ။ အဲဒီကုသိုလ်ရတဲ့ အလုပ်ကိုမှ ကောင်းအောင်မလုပ်နိုင်ရင် အကုသိုလ်ပဲရတော့မှာပေါ့။ ဒါမျိုးတွေဟိုတုန်းကလည်းမရှိဘူး။ ကြားလည်းမကြားခဲ့ဘူး။ အခုလိုတွေကြားနေရတော့ မွန်မြတ်ဖြူစင်တဲ့အလုပ်က အကျည်းတန်ညစ်ပတ်သွားတယ်လို့ ခံစားရတယ်" ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားသည်။

အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ပြောင်းလဲမှုအနည်းဆုံး မြန်မာ့ပညာရေးကဏ္ဍအတွင်းမှ ကျင့်ဝတ်ဆန့်ကျင်ကာ လုပ်ဆောင်နေကြသော ဆရာမများနှင့် ပတ်သက်၍ မည်သို့မည်ပုံဖြေရှင်းမည်ဆိုသည်ကို ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများမှ စောင့်ကြည့်လျက်ရှိနေသည်။
Myanmar News Now
ဆရာမများ ကျူရှင်ပြဿနာကြီးထွားလာ ဆရာမများ ကျူရှင်ပြဿနာကြီးထွားလာ Reviewed by သစ်ထူးလွင် on 19:42 Rating: 5

2 comments:

မိုးချစ်သူ said...

ဒီလိုခံစားမှုမျိုးကို ကျောင်းမပြီးခင်က ခံစားဖူးတယ်။။ တချို့ဆရာမတွေကျတော့ တော်တော်ဆိုးတယ်.... ညီမ ၆ တန်းကျောင်းသူအရွယ်က မောင်လေးက ၄ တန်း၊ ညီမလေးက ၂ တန်း...ကျောင်းမှာ အဲ့တုန်းက အချိန်ပိုကြေးတောင်းတယ်... မနေလို့မရ.. ၃ ယောက်လုံးမထားနိုင်လို့..လျော့ခိုင်းတယ်...အငယ်ဆုံး ၂ တန်းကျောင်းသူကို သူ့အတန်းပိုင်က ကျောင်းအပြင်ဘက်ထွက်မတ်တပ်ရပ်ခိုင်းတယ်တဲ့... အဖေက မကျေနပ်လို့ စာ ၃ စောင်ရေးပြီး တိုင်စာ တပ်လိုက်တယ်.... ဆရာမကို နယ်ပြောင်းရုံပါပဲ....
ဟုတ်တယ် ဆရာ ဆရာမဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာ(နာ ၃နာ)နဲ့ကိုက်ညီမှလုပ်လို့ရတယ်လေ... တကယ်ကုသိုလ်စိတ်နဲ့လုပ်မယ်ဆိုရင် အရင်းမစိုက်ပဲ အကျိုးအမြတ်ရသလိုပါပဲ...အဲ့လိုသူတွေကို ဆရာ မပီသတဲ့ ဆရာတွေပေါ့နော်..............

CHO said...

မြန်မာပြည်ရဲ့ပညာရေးစနစ်ကတော့တော်တော်လေးကိုပျက်စည်းနေပါပြီ။
ဒါတွေအားလုံးကိုပြုပြင်ရမယ်ဆိုရင်တော့-၀န်တမ်းလစာကစရမယ်။
အခြေခံလူတန်းစားလောက်ငှာ့နိုင်မဲ့လစာမျိုးကို ဘယ်လိုပုံစံဘယ်လိုနည်း
နဲ့ဖြေရှင်းကြမလဲ။ဒါကိုအဓိကထားစဉ်းစားရမယ်။
အစိုးရကပေးတဲ့လစာကမလောက်ငှာ့ဘူး။
အိုကေဒီတော့လောက်ငှာ့အောင်ဆရာမိဘပူးပေါင်းရမယ်။အားလုံးညှီ့နှိုင်း
ကြရမယ်။ဆရာ.ဆရာမတွေအားလုံးကလဲတပည့်တွေကိုကြောသားရင်သား
မခွဲခြားဘဲကျောင်းချိန်အတွင်းမှာဘဲတပြေးညီထဲသိအောင်တတ်အောင်သင်ပေး
သင့်တယ်။မြန်မာပြည်ကခလေးတွေသိပ်သနားဘို့ကောင်းတယ်။နားချိန်ကိုမရှိဘူး။

Powered by Blogger.