ကရင်နီ(ကယား)ပြည်နယ် ကျေးလက်ဒေသများတွင် ဆက်သွယ်ရေး
ဖွံ့ဖြိုးတိုးတက်စေရန် မိုဘိုင်းဖုန်းများကို အမြန်ဆုံး ချပေးမည်ဟု
ဒေသဆိုင်ရာအာဏာပိုင်များက ပြောထားသော်လည်း ယခုချိန်အထိ အကောင်အထည်ဖော်
ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဆက်သွယ်ရေးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
၎င်းက “ပြည်နယ် ၀န်ကြီးတွေကနေ ပြည်ထောင်စု ၀န်ကြီးတွေအဆင့်ထိကို တင်ပြရအုံးမယ်ထင်ပါတယ်။ သူတို့လည်း ဒီကိစ္စအတွက်ဘာမှ ထပ်ပြီးညွှန်ကြားလာတာမရှိဘူး၊ အခုထက်ထိ ပေးဖို့အစီအစဉ်ကို ဘာမှ ပြန်မပြောသေးဘူး ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကတည်းပင် ဒီးမော့ဆိုမြို့နယ်တွင်းရှိ ကျေးရွာများကို တရွာလျှင် CDMA 800 MHz (သို့) 450 MHz ဖုန်းအမျိုးအစားများကို တလုံးစီချပေးမည်ဖြစ်ပြီး ကျပ်တသိန်းပေးသွင်းရမည်ဟု ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ကျေးရွာအသီးသီးမှ ကျေးရွာဥက္ကဋ္ဌများက လည်းလျှောက်လွှာများဖြင့် ဆက်သွယ်ရေးရုံးသို့ လာရောက် လျှောက်ထားခဲ့ ကြသည်။ လျှောက်ထားသည့် ကျေးရွာစာရင်းများကို ဆက်သွယ်ရေးရုံးမှ တဆင့် မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ချက်ချင်း တင်ပြထားရသည်ဟု သိရသည်။
ဖုန်းကျလာမည်ဆိုလျှင်လည်း ဖုန်းလိုင်း ဧရိယာနှင့် ဝေးသောကျေးရွာများသည် လိုင်းများရရှိရန် ထပ်မံဆောက်လုပ်မည့် ဧရိယာတိုင်များအတွက် ကုန်ကျစရိတ်များကို ကျေးရွာများမှ ပေးသွင်းရမည်ဖြစ်ပြီး ဖုန်းများသည် ကျေးရွာပိုင်မဟုတ်ကြောင်း ယင်းဆက်သွယ်ရေး ၀န်ထမ်းက ပြောသည်။
၎င်းက “တလုံးကို တသိန်းဆိုပေမဲ့ တခြား ကုန်ကျစရိတ်တွေလည်း ထပ်ကုန်ရအုံးမှာဆိုတော့ သုံးသိန်းလေးသိန်း လောက်ကုန်မှာပဲ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက်နဲ့ဘဲ ဆက်သွယ်ပြောဆိုဖို့ဆိုတော့
အဲဒီကျေးရွာကလည်း အပိုင်မရဘူး။ အာဏာပိုင်က ပြန်သိမ်းချင်တဲ့ အချိန်ပြန်သိမ်းမယ်” ဟု ပြောသည်။
ယခုကဲ့သို့ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဖုန်းဖြင့် အရေးအကြောင်း သတင်းထူးခြားချက်များကို လျှင်မြန်စွာ သတင်းမေးမြန်းခြင်း၊ သတင်းပေးပို့ခိုင်းခြင်းများကို ပြုလုပ်နိုင်ရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ယူဆလျှက်ရှိသည်။
ကရင်နီ(ကယား)ပြည်နယ်တွင်းရှိ ဆက်သွယ်ရေးဖုန်းများမှာ မြို့တမြို့နှင့် တမြို့ဆက်သွယ်ရန်တွင်လည်း လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ နှစ်မြို့တည်းသာ ကြိုးဖုန်းများနှင့် GSM ဖုန်းများသုံးစွဲနိုင်ပြီး ကျန်သည့် ဘောလခဲ၊ ဖရူဆို၊ မယ်စဲ့ ၊ ဖာဆောင်း ၊ ရှားတော၊ မြို့များတွင် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ဖြစ်သည့် အိုင်ပီစတားဖုန်း နှင့် ကြိုးဖုန်းစနစ်များသာ ရှိသေးသည်။ ။
ဒီးမောဆို-ဒီဇင်ဘာ ၁၃၊ ၂၀၁၁ (YPI)

ကျေးလက်ဖွံ့ဖြိုးရေးအတွက် မိုဘိုင်းဖုန်းတပ်ဆင်မှု နှောင့်နှေးနေ
Reviewed by သစ်ထူးလွင်
on
09:03
Rating:
No comments:
Post a Comment