ပူးတွဲကော်မရှင် အစည်းအဝေး နာတာလီဂါဝါ တက်ရောက် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း သီးခြားတွေ့ဆုံခဲ့

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုအစည်းအဝေးသို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ တက်ရောက်ခဲ့ပြီး အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ပြီး သီးခြားတွေ့ဆုံခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဆီဒိုးနားဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
''မြန်မာနိုင်ငံကို အောက်တိုဘာလအတွင်းက လာရောက်ခဲ့ပြီး အခုနောက်တစ်ကြိမ် လာရောက်တာပါ။ အောက်တိုဘာမှာလာခဲ့တုန်းက အာဆီယံဥက္ကဋ္ဌ တာဝန်အတွက် မြန်မာနိုင်ငံ အဆင်သင့်ဖြစ်၊ မဖြစ်ဆို တာကို လေ့လာဖို့ လာရောက်ခဲ့တာပါ။ ဒီတစ်ခါလာရောက်ချိန်မှာတော့ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင် ရဲ့ ဒုတိယအကြိမ်မြောက် အစည်း အဝေးအတွက် လာခဲ့တာပါ။ ပထမ အစည်းအဝေး ကိုတော့ ၂၀၀၇ ခုနှစ် မှာ ပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် နဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နိုင်မှုအလားအလာတွေကို ခန့်မှန်းရန် ပြုလုပ်ခြင်း ဖြစ်ပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက မီဒီယာများသို့ ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်-ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စရပ်ကို ၂၀၁၂ ခုနှစ်အတွင်း စတင်သွားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် သည့်အနေဖြင့် ပုဂံနှင့် Borobudur ခရီးသွား လာရေး မြှင့်တင်မှုအစီအစဉ်များကို ပူးတွဲဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး သီးခြားပြောဆိုခဲ့ရာတွင် ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများမှာ အတိုင်းအတာတစ်ခုအထိ ရလဒ်ထွက်ပေါ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်သွားရန်များ ရှိနေသေးကြောင်း၊ ဒီမိုကရေစီဖြစ်ထွန်းရေးဆိုသည်မှာ ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ အစဉ်အဆက် ဆက်လက်လုပ်ဆောင်သွားရမည့် ဖြစ်စဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး ဆောင်ရွက်နေမှုများကို ထောက်ခံ သွားမည်ဆိုသည့် အကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေးဆောင်ရွက်နေမှုများ ပိုမိုတိုးတက်လာစေရန် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ သိရှိနား လည်ခဲ့သော သင်ခန်းစာများနှင့် အတွေ့အကြုံများကို ဝေမျှခြင်းဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်တစ်ဦးအဖြစ် ဆောင်ရွက်သွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက ပြောကြားခဲ့သည်။
EMG
ပူးတွဲကော်မရှင် အစည်းအဝေး နာတာလီဂါဝါ တက်ရောက် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း သီးခြားတွေ့ဆုံခဲ့
Reviewed by သစ်ထူးလွင်
on
18:58
Rating:

No comments:
Post a Comment