ပြုပြင်ပြောင်းလဲရေးနဲ့ ပါတ်သတ်လို့  မြန်မာအစိုးရအတွင်း သဘောထားကွဲလွဲမှုတွေကို ဦးသိန်းစိန်ကဟီလာရီကိုပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ- ၁
လက်ရှိ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အတွင်းတွင်သမ္မတကို ထောက်ပံ့ကူညီသူများ ရှိပြီး၊ ပြောင်းလဲမှုများကိုစိုးရိမ်ပူပန်နေသူများလည်းရှိကာ ကြားနေသူများလည်းရှိကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော် တွင် တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ကလင်တန်က ညနေပိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယနေ့ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့များကို ပိတ်သိမ်းဖယ်ရှားသွားရန်မှာမူ အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားသွားခဲ့ပြီး အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆက်လက် လေ့လာစောင့်ကြည့်သွားရန်လိုအပ်နေသေးကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
ထို့အပြင် ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကနဦးခြေလှမ်းများကိုကြိုဆိုအသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ သို့သော်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ လက်နက်ကိုင်တိုင်းရင်းသားပဋိပက္ခများ၊ လက်ရှိ မြန်မာနိုင်ငံအရေးများကို ဆွေးနွေးခဲ့ပြီး ဟီလာရီကလင်တန်က လာမည့်အနီးဆုံးကာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကိုလွတ်လပ်၍တရား မျှတသော ရွေးကောက်ပွဲဖြစ်ရန်၊ နိုင်ငံရေးပါတီများအနေနှင့် နိုင်ငံတ၀န်းတွင် ပါတီရုံးခွဲများ ဖွင့်လှစ်ခွင့်ရရှိရေး ပဋိပက္ခဖြစ်ပွားနေသော နယ်မြေများသို့နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းထောက်များကို သွားလာခွင့်ပြုရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ကလင်တန်က မြန်မာနိုင်ငံ၏နျူကလီးယားလက်နက်မပြန့်ပွားရေးအတွက် မြောက်ကိုရီးယားနှင့် စစ်ရေးဖြတ်တောက်မှုများကို ကြိုဆိုကြောင်း ပြောကြားသွားခဲ့သည်။
ဟီလာရီကလင်တန်သည် နေပြည်တော်သို့ နိုဝင်ဘာ ၃၀ ရက်ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လည်စာအတူစားသောက်ခဲ့သည်။ သူမသည်ဆက်လက် ၍ ပြည်ထောင်စု လွှတ်တော်နာယကနှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ကိုတွေ့ဆုံဆွေးနွေးမှုများအပြီး ညနေ ၃ နာရီ နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲအပြီးတွင် သူမနှင့်အဖွဲ့ သည် နေပြည်တော်လေဆိပ်မှ တစ်ဆင့်ရန်ုကုန်မြို့သို့ ထွက်ခွာသွားပြီး ယနေ့ညတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ညစာသုံးဆောင်ရန်ရှိပြီး မနက် ၉ နာရီ (ဒီဇင်ဘာ ၂ ရက်)တွင် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
by 7Day News Journal

Reviewed by သစ်ထူးလွင်
on
19:58
Rating:
No comments:
Post a Comment