တောင်ဒဂုံစက်မှုဇုန်(၁)မှာ ဆန္ဒပြပွဲဖြစ်ပွါး

လှိုင်သာယာ စက်မှုဇုံမှာ ဆန္ဒပြပွဲဖြစ်ပွါးခဲ့စဉ်က တွေ့ ရပုံ
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်(၁)၊ တောင်ကြီးလမ်းနှင့် ယောက်ကော်လမ်းထောင့် အမှတ် (၈၅) ရှိ အောင်စိန်လင်း သစ်အချောထည်စက်ရုံတွင် အလုပ်သမား (၂၂)ဦးမှ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် နှစ်စဉ်ကြေးနှင့်နစ်နာကြေးပြသာနာများကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
` အလုပ်သမားတွေရဲ့ အဓိကပြဿနာက နှစ်စဉ်ကြေး ပြန်ပေးတဲ့ပြဿနာပဲ။  နစ်နာကြေးအနေနဲ့က စာချုပ်ထဲက အတိုင်း (၆) လစာပေးတယ်။ ဒါကိုကျေနပ်တယ်။ နှစ်စဉ်ကြေးကိုမကျေနပ်ကြတာပဲ။ ဆန္ဒပြတယ်ဆိုတာလဲ အကြီးအကျယ်မဟုတ်ပါဘူး။ သူတို့လိုချင်တာလေးတွေ တောင်းဆိုရုံပါပဲ´ ဟု အဆိုပါဖြစ်စဉ်ကို ကူညီဖြေရှင်းပေးနေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

ဆန္ဒပြခဲ့ရခြင်းအကြောင်းအရင်းမှာ စက်ရုံမှ အလုပ်သမား ၂၆ ဦးအား လုပ်ငန်းမအောင်မြင်တော့သဖြင့် အလုပ်တာဝန်မှ ရပ်စဲ၍ နစ်နာကြေးပေးရာတွင် အလုပ်သမားများမှ မကျေနပ်သဖြင့် ဆန္ဒပြခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

`ကျွန်တော်ဆိုရင် ဒီစက်ရုံမှာ လုပ်သက် ၁၄ နှစ်ကျော်ပြီ။ အဲဒါကို အလုပ်က ရပ်စဲလိုက်တော့ နစ်နာကြေးဆိုပြီး ၃ သိန်း ၁ သောင်းပဲ ရတယ်။ တစ်ချို့အလုပ်သမားတွေဆိုရင် ၂ သိန်းကျော်ကျော်ပဲရတယ်။ ပြီးတော့ ကျွန်တော်တို့က နှစ်စဉ်ကြေးဆိုပြီး တစ်နှစ်ကို တစ်ထောင်စုရတယ်။ ဘယ်လောက်ရမှ ကျေနပ်မယ် ဆိုတာတော့ မဟုတ်ပါဘူး။ အလုပ်တစ်ခုရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ အလုပ်သမားတွေ အားလုံးအတွက် အဆင်ပြေရင်ရပါပြီ´ ဟု ဆန္ဒပြမှုတွင်ပါဝင်ခဲ့သော အောင်စိန်လင်း သစ်အချောထည်မှ အလုပ်သမား ကိုသိန်းတိုးကပြောသည်။

အလုပ်သမားများအလုပ်စ၀င်သည့်အချိန်တွင် နှစ်စဉ်ကြေး တစ်နှစ်လျှင် တစ်ထောင်သွင်းရမည့်စည်းကမ်းချက် စာချုပ်ထဲတွင်ပါဝင်ပြီး အလုပ်မှထွက်ခွာပါက ပြန်လည်ထုတ်ပေးမည့်အစီအစဉ်ကို အလုပ်သမားများမှ သဘောတူခဲ့သော်လည်း ယခုအခါ၎င်းတို့၏ ဘ၀သစ်ကိုပြန်လည်စတင်ရမည်ဖြစ်သောကြောင့် အဆိုပါနှစ်စဉ် ကြေးအား တိုးပေးပါရန် စက်ရုံထဲတွင် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်ကပြောသည်။

`သူတို့ပြဿနာက နှစ်စဉ်ကြေးဆိုတာသိရတယ်။ ကျွန်တော်ကမေးတယ်။ ခင်ဗျားတို့ အလုပ်စ၀င်တုန်းက ဘာလို့ အဲဒီ့အချက်ကို သဘောတူခဲ့လဲဆိုတော့ အဲဒီ့တုန်းက အလုပ်ကလေးရှိရင် ပြီးရောဆိုပြီးတော့ သဘောတူခဲ့တာပါတဲ့။ ကျွန်တော်ဘက်ကတော့ လိုအပ်တာလေးတွေလိုက်ပြီးကူညီပေးရုံပါ။ ငွေရေးကြေးရေး ကိစ္စကတော့ သူတို့အလုပ်ရှင်နဲ့ အလုပ်သမားတွေပြေလည်အောင်ညှိရမယ့်အပိုင်းလေ´ဟု ဦးဖုန်းမြင့်အောင်ကဆက်လက်ပြောသည်။

အောင်စိန်လင်းသစ်အချောထည်စက်ရုံသည် လုပ်ငန်းအဆင်မပြေတော့သည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခင် အလုပ်သမား ၁၅၀၀န်းကျင်နှင့်လည်ပတ်ခဲ့ရာမှ လုပ်ငန်းမအောင်မြင်တော့သောကြောင့် အလုပ်သမားများအား တစ်ဖြည်းဖြည်းလျော့ချခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းအား အပြီးရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

`ကျွန်တော်တို့ဘက်ကတော့ စာချုပ်ထဲကအတိုင်း၊ သူတို့ ရရှိမယ့် အခွင့်အရေးအတိုင်း အားလုံးပေးပြီးသားပါ။ ပိုက်ဆံထုတ်ပြီးတဲ့သူတွေလဲ ထုတ်ပြီးသွားကြပါပြီ။ အဲဒါကိုမှ သူတို့မကျေနပ်ဘူးဆိုလို့ အခု သက်ဆိုင်ရာ လူကြီးတွေနဲ့ ဒါရိုက်တာအဖွဲ့နဲ့ ညှိပေးဖို့ စီစဉ်နေပါတယ်´ ဟု အောင်စိန်လင်းသစ်အချောထည်စက်ရုံမှ မန်နေဂျာ ဦးဇော်ဝင်းကပြောသည်။

အောင်စိန်လင်းသစ်အချောထည် စက်ရုံအတွင်း ဆန္ဒပြခဲ့သော အလုပ်သမားဦးရေမှာ အမျိုးသမီး (၃)ဦး အပါအ၀င် (၂၂)ဦးရှိပြီး အဆိုပါ စက်ရုံအတွင်း မနက်(၈) နာရီခွဲမှ ညနေ (၃) နာရီဝန်းကျင်အထိ တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ဒီဇင်ဘာ ၁၄ရက်၊ ရန်ကုန်မြို့။
ကျော်ဇင်မန်း(မြစ်မခ)
တောင်ဒဂုံစက်မှုဇုန်(၁)မှာ ဆန္ဒပြပွဲဖြစ်ပွါး တောင်ဒဂုံစက်မှုဇုန်(၁)မှာ ဆန္ဒပြပွဲဖြစ်ပွါး Reviewed by သစ်ထူးလွင် on 18:59 Rating: 5

1 comment:

CHO said...

အခု့လိုမျိုးပြသနာတွေကိုသာဓကယူပြီးအလုပ်သမားတွေအတွက်တိကျပြတ်သား
တဲ့ဥပဒေများကိုပြင်ဆင်ထားသင့်တဲ့အချိန်ဖြစ်ပါပြီ။နောက်နှောင်များတွင်အပြည်
ပြည်မှလာရောက်ရင်းနှီးလုပ်ကိုင်ကြမည့်ကုမဏ္ဏီများစွာဝင်လာအုံးမှာဖြစ်သည်။
ကိုယ့်ပြည်သူပြည်သားအလုပ်အမားများအတွက်နစ်နာမှုမရှိရလေအောင်ယခု
အချိန်မှစတင်ကာပြင်ဆင်ထားသင့်ပါပြီ။

Powered by Blogger.