လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ သမ္မတထံ အသနားခံစာတင်

မှော်ဘီမြို့နယ်ပိုင် စိန်ကျောင်း(မြောက်)ကွင်းဆိုပြီး ခတ်ထားတဲ့ ကွင်းအမှတ်၂၈၂ ကွင်းမှာရှိတဲ့ လယ်သမားဦးရေ ၂၈ ဦးထံမှ လယ်မြေဧက ၂၈၅ ဧကကို  ရွှေပြည်သာမြို့သစ် တည်ထောင်ရန်အတွက် ၁၉၉၀-၉၁ ခုနှစ်မှာ အိုးအိမ်ကနေ မြေကွက်တွေရိုက်မယ်ဆိုပြီး သိမ်းယူခဲ့ပါတယ်။ လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေက သူတို့လယ်အစားပြန်ရဖို့  နိုင်ငံတော်သမ္မတကြီးထံ ဒီဇင်ဘာ (၂)ရက်နေ့က အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။

နဝတ အတွင်းရေးမှူး (၂) ဦးတင်ဦး လက်ထက်တုန်းက လယ်သမားတွေကို ခေါ်ပြီးတော့ ဒီမြေကြီးတွေကို အိုးအိမ်ချထားမယ်ဆိုပြီး  လယ်ပိုင်ရှင်လယ်သမားတွေဆီက သိမ်းယူခဲ့တာပါ။ လယ်သမားတွေကို လျော်ကြေးပေးတာမျိုးလည်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ အသိမ်းခံရတဲ့ လယ်သမားတွေက အိုးအိမ်မဆောက်ရသေးတဲ့ လယ်ကွင်းနေရာတွေမှာ ဝမ်းစာရအောင်  စိုက်ပျိုးနေခဲ့ကြပါတယ်။ အဲလိုစိုက်ပျိုးတဲ့အပေါ်မှာတော့ အရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ လယ်သမားတစ်ဦးက ပြောပါတယ်။

အခု လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စအပေါ်ကို နိုင်ငံတော်သမ္မတကြီးနဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တခြားဌာနတွေထံသို့ ဒီဇင်ဘာ ၂ ရက်နေ့က အသနားခံစာတင်ထားပါတယ်။ ပေးပို့ခဲ့ပြီးအချိန်မှ ရက်သတ္တပတ် နှစ်ပတ်ကြာသည်အထိ အကြောင်းမပြန်ရင်တော့ နိုင်ငံတော် သမ္မတကြီးနဲ့ဝန်ကြီးချုပ်ဆီကို ထပ်မံပြီး အသနားခံစာ တင်မယ်လို့လယ်သမားအခွင့်အရေးကို ကူညီဖော်ထုတ်သူများက  ပြောဆိုခဲ့ပါတယ်။

“လယ်သမားတွေက လယ်မရှိတော့ လုပ်ကိုင်စားသောက်လို့မရဘူး။အခု ကျွန်တော်တို့ဘိုးဘွားပိုင်လယ်တွေ အသိမ်းခံရတော့ ဘာမှလုပ်ကိုင်စားလို့ မရဘူး။ ကျွန်တော်တို့လယ်သမားတွေက အလုပ်အကိုင်လက်မဲ့ဖြစ်နေတာကြောင့် အသနားခံတာပေါ့” ဟု ဘိုးဘွားပိုင် လယ် ၁၂ ဧက အသိမ်းခံခဲ့ရတဲ့ လယ်သမားဦးသန်းမြင့်က သူတို့ရဲ့ အခက်အခဲကို ဘားမားဗီဂျေကို ပြောပြခဲ့ပါတယ်။

“အခု ကျွန်တော်တို့ ဒီအမှုတွဲမှာ ၂၈၅ ဧက အသိမ်းခံခဲ့ရတာဖြစ်ပြီး တကယ်အသိမ်းခံရခဲ့တာက ဧက ၂၀၀၀ကျော် ရှိပါတယ်။ ဝါးတရာ၊သိမ်ကျောင်း၊သံတည်း၊လှော်ကား၊လိပ်ကုန်း ရွာတွေမှာရှိတဲ့ လယ်တွေကိုစုပြီး သိမ်းယူခဲ့တာပါ။ တောင်သူလယ်သမား အခွင့်အရေးတွေ၊လယ်ယာမြေသိမ်းကိစ္စတွေနဲ့လယ်သမားကိစ္စတွေကို ဥပဒေပညာတတ်တဲ့ လူငယ်တွေစုပေါင်းပြီးတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေကြတာပါ။ ကျွန်တော်တို့က လောလောဆယ် တရားဥပဒေနည်းအရ ကျွန်တော်တို့ လယ်အစားရရှိဖို့အတွက် လူမှုရေးအရ အစားပြန်ရရှိဖို့ မျှော်လင့်တယ်။ မရရင် ဥပဒေအရ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။”လို့ လယ်သမားအခွင့်အရေးကို လိုက်ပါကူညီပေးနေသူတစ်ဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

ဒီလယ်ယာမြေတွေကို သိမ်းပြီးတော့ စက်ရုံတွေဆောက်တယ်။ နိုင်ငံတော်ရဲ့  စီးပွားရေးကို လက်ဝါးကြီးအုပ်နေတဲ့ ကိုယ်ကျိုးရှာအုပ်စုတွေက သူတို့အကျိုးစီးပွားအတွက် လယ်ယာစိုက်ပျိုးနေတဲ့ လယ်မြေများကို သိမ်းယူပြီးတော့ ကိုယ်ကျိုးရှာရေးအတွက် အစိုးရရဲ့ အပေါ်မှာ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားကြတဲ့ လက်တစ်ဆုပ်စာလူတစ်စုက နိုင်ငံတော်ရဲ့အကျိုးစီးပွားမူဝါဒတွေကို ပြည်သူလူထုရဲ့အကျိုးစီးပွားတွေကို ကောင်းဖို့ ဖြစ်မလာပဲနဲ့ ဒီလက်တစ်ဆုပ်စာလူတွေအတွက် ကောင်းကျိုးတွေကိုပဲ ဖြစ်နေတယ်။ အဲတော့ လယ်ယာမြေသိမ်းတာဟာ လယ်သမားတွေရဲ့ ဘဝကို ထိခိုက်စေပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးလာစေရန်အတွက် လယ်သမားတွေ ရပိုင်ခွင့်အခွင့်အရေးကို နိုင်ငံတော်ကနေပြီးတော့ အမှန်တကယ်ကာကွယ်ပေးနေဖို့ လိုပါတယ်။ လယ်ယာမြေကဏ္ဍတွေ၊လယ်သမားတွေရဲ့ဘဝတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်စူးပါတယ်။ နိုင်ငံတော်သမ္မတကြီးထံသို့အပါအဝင် ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနအသီးသီးကိုလည်း အကြောင်းကြားသွားမှာပါ။” လို့ လယ်သမားအခွင့်အရေးကို လိုက်ပါကူညီပေးနေသူတစ်ဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

 By ဇာဏီ (Burma VJ Media Network)
လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ သမ္မတထံ အသနားခံစာတင် လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ သမ္မတထံ အသနားခံစာတင် Reviewed by သစ်ထူးလွင် on 20:24 Rating: 5

1 comment:

ူ့freedomlover said...

ဒီလိုဘဲ အသိမ်းခံရတဲ့နယ်ပယ်တွေလည်းရှိပါသေးတယ်....ဒါတွေအားလုံးကို နိင်ငံတော်မှ တရားဝင်စီစစ်ပြီး တောင်သူလယ်သမားတွေရဲ့ ဘ၀ကို ကူညီပေးရင် အကောင်းဆုံးပါဘဲ
ယခု အချိန်တွင်နေ့စဉ်နှင့် အမျှ ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ်၊ ဘူးကွဲကြီးကျေးရွာရှိဒေသခံ အုန်းခြံ ပိုင်ရှင်များပိုင်ဆိုင် သော ကမ်းရိုးတန်း တစ်လျှောက်ရှိ ၂.၅ မိုင် အလျှားရှိတဲ့မြေတွေကို ငွေဆောင်ဟိုတယ်ဇုံ ၂ ဟု အမည်ပေးပြီး စီးပွားရှင်တို့ ၏ အကျိုးငှာ မတရားးသိမ်းယူထားပြီး အခုအထိ မည်သည့် အဆာက် အအုံမှဆောက်လုပ်ခြင်းမရှိ ဘဲ၎င်းနေရာများတွင် ယခုအခါ လှေလှော် ရွက်တိုက် အသင်းမှ အဆောက် အအုံများ ဆောက်လုပ် ရန် အကြောင်းပြပြိး အထက်မှ ဟုဆိုကာနေစဉ် နှင့် အမျှ ခေါ်ပြီး ခင်ဗျားတို့ အုန်းခင်း ကို ဘယ်လောက်နဲ့ရောင်း မလဲ ဟုမေးလျှက် ရှိပါတယ်။ အုန်းခြံပိုင် ရှင်များက ရလိုသော ဈေးကို ပြောဆိုသော အခါတွင်လည်း ဒီလောက် အထိမပေး နိင်ဘူး ခင်ဗျားတို့ အုန်ါ်ခြံတွေကို နိုင်ငံပိုင်သိမ်းလို့ရတယ် ဘာမှတ်နေလဲ ဟု ခြိမ်ခြောက်မှုများကို ပြုလုပ်လျက်ရှိပါသည်၊ ထိုကြောင့် တိုကျေးရွာနေ သူများ မှာ စိတ်အေးချမ်းမှု မရရှိ ကြပါ။
ထို့ကြောင့် လူသားချင်းစာနာသောစိတ်ထား ရှိကာ သင့်တင့်လျှော်ကန်သောရပိုင် ခွင့်များ ကို ပေးလျှက် ကျေးလက်နေပြည်သူတို့၏ ဘ၀မြင့်မားရေး ကို ရှေးရှုနေပါသည် ဆိုသည့် နိင်ငံတော်မှ ညှာတာထောက်ထားမှုပေးမည် ဆိုပါ က ကျွန်တော်တို့ ဆင်းရဲ နွမ်းပါးသော ကျေးလက်နေပြည်သူတို့၏ နေ့စဉ်လူနေမှု ဘ၀ကို မြှင်တင်ပေးရာေ၇ာက်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု မပပြောက်ရအောင် လွှတ်တော် အမတ်များက လည်း ဆောင်ရွက်ပေး သင့်ပါကြောင်း ဒီနေရာက တင် ပြတောင်းဆိုအပ်ပါသည်၊
ရတတ်မအေးရသူ

Powered by Blogger.