ဒဂုံဆိပ်ကမ်းစက်မှုမြို့နယ်ရှိ စက်မှုဇုန်မြေကွက်များ စက်ရုံအမြန်ဆုံးဆောက်ရန် သတိပေးချက် ထုတ်ပြန်

ဒဂုံဆိပ်ကမ်းစက်မှုမြို့နယ်ရှိ စက်မှုဇုန်မြေကွက်အချို့ကို ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
ဒဂုံဆိပ်ကမ်းစက်မှုမြို့နယ်ရှိ စက်မှုဇုန်မြေကွက်များကို ခြောက်လအတွင်း စက်ရုံအမြန်ဆုံးဆောက်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး အဆိုပါလအတွင်း ဆောင်ရွက်ခြင်းမရှိသည့် မြေကွက်များအား ၀ယ်ယူခွင့် ပြန်လည် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိပါသည်။
ယင်းသို့ သတိပေးချက် ထုတ်ပြန်ရခြင်းမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ဧရိယာတွင် စက်မှုမြေကွက်ပေါင်း ၄၆၄ကွက်ရှိသည့်အနက် ၁၄၈ကွက်မှာ စက်မှုဇုန်မြေကွက်များ ရောင်းချပေးသည့်၂၀၀၁ ခုနှစ်မှစတင်၍ ယခုအချိန်အထိ စက် ရုံအဆောက်အအုံများ လာရောက်ဆောက်လုပ်ခြင်းမရှိသည့်အပြင် အချို့မှာလည်း မြေကွက်များကို ဈေးကစားကာ ရောင်းဝယ်နေကြခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုလက်ရှိတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)စက်မှုမြို့နယ်အတွင်း၌ အထည်ချုပ်လုပ်ငန်း စက်ရုံ ၉ရုံ၊ စားသောက်ကုန် လုပ်ငန်းစက်ရုံ ၂၅ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ တစ်ရုံ၊ ဆောက်လုပ်ရေးပစ္စည်းစက်ရုံ ငါးရုံ၊ သစ်နှင့် သစ်အချောထည်လုပ်ငန်း စက်ရုံ၁၈ရုံ၊ဓာတုဗေဒလုပ်ငန်းစက်ရုံ တစ်ရုံ၊ စက္ကူနှင့်စာရေးကိရိယာစက်ရုံ ၆ရုံ၊ စက်နှင့် စက်ကိရိယာစက်ရုံနှစ်ရုံ၊ ရော်ဘာအမှုန့်ကြိတ်လုပ်ငန်း စက်ရုံတစ်ရုံ၊ ရေထွက်ပစ္စည်းနှင့် အအေးခန်းစက်ရုံ ခြောက်ရုံ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း စက်ရုံရှစ်ရုံနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစက်ရုံတို့လုပ်ငန်း လည်ပတ်မှုရှိနေသည်။
''စက်မှုဇုန်ဧရိယာအတွင်း စက်မှုမြေကွက်ဝယ်ထားပြီး စက်ရုံအဆောက်အအုံ ဆောက်ထားမှု မရှိသေးတဲ့သူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်မှာ အမြန်ဆုံး စက်ရုံအဆောက်အအုံ ဆောက်လုပ်ကြဖို့ အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်အရ ကြေညာချက်ထုတ်ပြီး သုံးလအတွင်းမှာ မြေကွက်ပိုင်ရှင်တွေက မိမိပိုင်မြေကွက်ကို ခြံစည်းရိုးခတ်ပြီး ၆လအတွင်း စက်ရုံအဆောက်အအုံ ဆောက်ရမှာဖြစ်တာကြောင့် အဲဒီကာလတွေရောက်ရင် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန နဲ့ စက်ရုံကြီးကြပ်ရေးဌာနတို့ပေါင်းပြီး လိုက်လံစစ်ဆေးမှုပြုမှာပါ။ အဲဒီလိုစစ်ဆေးတဲ့အခါ ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတာကိုတွေ့ရှိခဲ့ရင် စက်မှုဇုန်မြေကွက်ဝယ်ယူခွင့်ကို ပယ်ဖျက်ပြီးပေးသွင်းထားတဲ့ စက်မှုမြေကွက်တန်ဖိုးကို ဌာနကနေပြန်လည် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်'' ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

EMG
ဒဂုံဆိပ်ကမ်းစက်မှုမြို့နယ်ရှိ စက်မှုဇုန်မြေကွက်များ စက်ရုံအမြန်ဆုံးဆောက်ရန် သတိပေးချက် ထုတ်ပြန် ဒဂုံဆိပ်ကမ်းစက်မှုမြို့နယ်ရှိ စက်မှုဇုန်မြေကွက်များ စက်ရုံအမြန်ဆုံးဆောက်ရန် သတိပေးချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 13:50 Rating: 5

1 comment:

CHO said...

ကောင်းပါတယ်။အခုလိုမျိုး သတိပေးချက်ထုတ်လိုက်ခြင်းဟာ။ဒါမှမြေဈေး
ကျမှာပါ။မြန်မာပြည်မြေဈေးကအလွန်ကိုကြောက်စရာကောင်းနေပါသည်။
အောက်ခြေလူတန်းစားများအိမ်ပိုင်ဘို့ပိုပိုဝေးသွားလို့ပါ။

Powered by Blogger.