အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အင်ဒိုနီးရှားဝန်ကြီးက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက် စိတ်ဝင်တစား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားဝန်ကြီး မာတီ နာတာလီဂါဝါ နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။
အင်ဒိုနီးရှားဝန်ကြီးအပေါ် ဘယ်လိုရှုမြင်ပါသလဲလို့ အာရ်အက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆို ခဲ့တာဖြစ်ပါတယ်။ “နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးကို တကယ်ပဲ အားပေးချုင်တာ ထင်ရှားပါတယ်။ အာဆီယံမှာ ဒီလို ငယ်ငယ်ရွယ်ရွယ် နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်တွေ ပေါ်ပေါက်လာတာ တွေ့ရတာ သိပ် သဘောကျတာပဲ” အဲဒီတွေ့ဆုံပွဲမှာ အင်ဒိုနီးရှားဝန်ကြီးက ဘာတွေပြောဆိုခဲ့ပါသလဲလို့ အာရ်အက်ဖ်အေက ဆက်လက် မေးမြန်း ခဲ့ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ခုလိုဖြေကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးလိုတာတို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုတာတို့၊ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှမျှတတ သန့်သန့်ရှင်းရှင်းဖြစ်ဖို့လိုတာစသဖြင့် ပြောသွားတာ ရှိပါတယ်” မြန်မာနိုင်ငံတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အာရ်အက်ဖ်အေကို ပြောပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတလီဂါဝါဟာ နေပြည်တော်ကို ရောက်ရှိခဲ့စဉ်မှာ မြန်မာအစိုးရ ခေါင်းဆောင်တွေကို လာမယ့် ရွေးကောက်ပွဲတွေမှာ မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း လည်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ဆီဒိုနားဟိုတယ်မှာ သတင်းစာရှင်းပွဲပြုလုပ်ရာမှာတော့ လာမယ့် လေးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး ကုန်သွယ်မှာဖြစ်သလို အခုလာမယ့် ၂၀၁၂ ခုအတွင်း မြန်မာနိုင်ငံက သစ်တော၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖွံဖြိုးဖို့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ စီစဉ်ပေးမယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။
RFA
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင် Reviewed by သစ်ထူးလွင် on 06:54 Rating: 5

No comments:

Powered by Blogger.