ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကွယ်လွန်


FILE - in this Dec. 10 2011 file photo Tibetan spiritual leader the Dalai Lama, left, hands a present to Czech ex-president Vaclav Havel, right, during their meeting in Prague, Saturday, Dec. 10, 2011.
ဓာတ်ပုံ AP
ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် မကွယ်လွန်ခင် ချက်သမ္မတနိုင်ငံကို လာရောက်ခဲ့တဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (၀ဲ) က မစ္စတာ ဟာဗဲလ်ကို လက်ဆောင်ပစ္စည်း ပေးအပ်နေစဉ်။ (ဒီဖင်ဘာလ ၁၀၊ ၂၀၁၁)
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ လူ့အခွင့်ရေး တိုးတက်ရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့က ကွယ်လွန်သွားပါတယ်။ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် အဆိုပြုထောက်ခံခဲ့သူ တစ်ဦးဖြစ်သလို သူ မကွယ်လွန်ခင် နောက်ဆုံးအချိန်ထိ မြန်မာ့အရေးကို အလေးထားစောင့်ကြည့်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သမ္မတဟောင်း ဟာဗဲလ်ရဲ့ မြန်မာ့အရေးပေါ် အားပေးခဲ့တဲ့ အခြေအနေတချို့နဲ့အတူ သူရဲ့ဘ၀အကြောင်း တစေ့တစောင်းကိုတော့ မသင်းသီရိက အစီရင်ခံထားပါတယ်။
ချက်ကိုစလိုဗက်ကီးယား ကွန်မြူနစ်အစိုးရ အုပ်ချုပ်စဉ်ကာလအတွင်း ချက်သမ္မတ နိုင်ငံအဖြစ် ထူထောင်ကာ ဒီမိုကရေစီရေးကို သွေးထွက်သံယိုမှုမရှိ ကတ္တီပါတော်လှန်ရေးရယ်လို့ အောင်မြင်စွာ ဦးဆောင်ခဲ့သူ အသက် ၇၅ နှစ်အရွယ် ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ဟာ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပါပြီ။ ချက်နိုင်ငံမြို့တော် ပရပ်ဂ်မြို့အပြင်မှာရှိတဲ့ သူရဲ့နေအိမ်မှာပဲ သူခံစားနေရတဲ့ အဆုတ်ကင်ဆာ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားတာဖြစ်သလို အခုအချိန် ချက်တနိုင်ငံလုံးရဲ့ သတင်းမီဒီယာတွေမှာ သူကွယ်လွန်တဲ့ သတင်းတွေကိုပဲ ထိပ်တန်းက ထုတ်လွင့်ပြသနေတယ်လို့ ချက်နိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မစပယ်စိုးက ပြောပါတယ်။
“သူ နေမကောင်းဖြစ်နေတာ၊ သူ ကင်ဆာဖြစ်ခဲ့တာ၊ ၁၉၉၀ ခုနှစ်နောက်ပိုင်းထဲမှာ ရောဂါ ခဏခဏ ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာလည်း သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက်ကြောင့် မိုလို့ ကျန်းမာရေးက တော်တော်ကြီးကို ဂရုစိုက်ခဲ့ရပါတယ်။ ဒီနေ့ သူ ဆုံးတဲ့အချိန်မှာတော့ သူ့ရဲ့ အမျိုးသမီး Dagmar Havel နဲ့ သူ့ကို ပြုစုစောင့်ရှောက်တဲ့ သီလရှင်တစ်ယောက် အနားမှာပဲ သူ ဆုံးသွားတယ်လို့ ပြောပါတယ်။ ချက်နိုင်ငံရဲ့ သတင်းတွေအားလုံး နေရာမှာတော့ ဒီအကြောင်းကိုပဲ အဓိက ဦးစားပေးပြီး တင်ပြနေပါတယ်။”
မစ္စတာ ဟာဗဲလ်ဟာ ၁၉၉၁ ခုနှစ်မှာ  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘဲယ်ဆုအတွက် အဆိုပြုတင်သွင်းခဲ့သူတစ်ဦး ဖြစ်သလို မြန်မာ့အရေးအတွက် အစဉ်တစိုက် ပြောဆို အားပေးခဲ့တဲ့ ချက်သမ္မတဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူတာဝန် ထမ်းဆောင်စဉ် ကာလအတွင်းမှာရော၊ သမ္မတအဖြစ်က အနားယူပြီးနောက်ပိုင်းတွေမှာပါ မြန်မာ့အရေးကို ချက်နိုင်ငံမှာ ထိပ်တန်းနေရာကရှိအောင် ပြောဆိုစည်းရုံးခဲ့သူလည်း ဖြစ်ပြီး နောက်ဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ကိုသွားတဲ့ ကိစ္စတွေအထိ မြန်မာ့အရေးအပေါ်မှာ ပြောဆိုသုံးသပ်သွားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
“မြန်မာပြည်အကြောင်းနဲ့ပတ်သက်လို့ကတော့ နှစ်တိုင်းလိုလို ချက်နိုင်ငံမှာ နံမည်ကြီး Forum 2000 ဆိုတဲ့ အစည်းအဝေးမှာ အမြဲတမ်း မြန်မာပြည်အကြောင်းကို တင်ပြခဲ့ပါတယ်။ ဒီ့အပြင်ကိုလည်း လူ့အခွင့်အရေးကို ဦးစားပေးပါဆိုပြီးတော့ ဒီနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေကိုလည်း အားပေးခဲ့ပါတယ်။ ဒါကြောင့်မိုလို့လဲ မြန်မာနိုင်ငံက ချက်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီထဲမှာ အရေးပါတဲ့နိုင်ငံထဲမှာ ပါပါတယ်။”
ချက်နိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Center Prague အဖွဲ့က ဒါရိုက်တာ မစပယ်စိုးက ပြောပြခဲ့တာပါ။ မစ္စတာဟာဗဲလ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့တွေအပြင် ကုလသမဂ္ဂလို အဖွဲ့ကြီးတွေထိ တင်ပြခဲ့သူတစ်ဦး ဖြစ်သလို ပြည်ပအခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကိုလည်း ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးကူညီခဲ့သူတစ်ဦး ဖြစ်တယ်လို့  အခု ချက်နိုင်ငံကို ခေတ္တရောက်နေတဲ့  AAPPB အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ကျနော်တို့ ပြည်ပရောက် အတိုက်အခံတွေနဲ့ ပတ်သက်ပြီးတော့ ဗားဆလပ်ဟာဗဲလ် သမ္မတ လက်ထက်မှာပဲ ဖြစ်ဖြစ်၊ သူ အနားယူပြီးနောက်မှာပဲဖြစ်ဖြစ် သူက ပြည်ပရောက် အတိုက်အခံတွေကို အင်မတန်မှ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ဖြစ်နိုင်သမျှ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီး ရှယ်ယာလုပ်ပေးတယ်။ နောက်… တချို့ပွဲတွေမှာဆိုရင် ဥပမာ ကျနော်ဆိုရင် ၂၀၀၁ ခုနှစ်က ဒီချက်နိုင်ငံရဲ့ ပရပ်ဂ် ဆိုတဲ့မြို့တော်မှာ သူနဲ့ကျနော်နဲ့အတူတူ သတင်းစာရှင်းလင်းပွဲတစ်ခုကို အတူတူ လုပ်ခွင့်ရတယ်။ ဆိုတော့ အဲဒီလိုမျိုးအထိ ကျနော်တို့ အတိုက်အခံတွေကိုလည်း အင်မတန်မှ အားပေးတယ်။ စိတ်ဓါတ်မကျအောင် သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးတော့ ကျနော်တို့ကို ရှင်းပြတာရှိတယ်။”
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPP) က ကိုဘိုကြည် ဖြစ်ပါတယ်။ သမ္မတဟောင်း ဟာဗဲလ်ဟာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ပူးတွဲရေးသားပြီး ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေ ဖြန့်ချိခဲ့တာရှိသလို မြန်မာအစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ် အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ပြဇာတ်ရေးဆရာဘ၀ကနေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ၊ အဲဒီကနေ နာမည်ကျော် နိုင်ငံရေးသမား တစ်ဦးဖြစ်ခဲ့တဲ့ ဗားဆလပ်ဗ် ဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ထောင်ဒဏ် လေးနှစ်ခွဲ ကျခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဒီမိုကရေစီရေး တောင်းဆိုအုံကြွတဲ့ ကတ္တီပါတော်လှန်ရေးကို အောင်မြင်မှုရတဲ့အထိ ခေါင်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ကတ္တီပါတော်လှန်ရေးပြီးတဲ့နောက် ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ကုန်ပိုင်းမှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ အဖြစ်ကနေ ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်သမ္မတနိုင်ငံတွေအဖြစ် ကွဲထွက်သွားပြီးတဲ့နောက် ချက်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရဖူးပေမဲ့ နိုဘဲလ်ဆုကိုတော့ မရသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀န်းက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကွယ်လွန်ချိန်အထိ တက်တက်ကြွကြွ ထောက်ခံအားပေးသွားခဲ့သူ ဖြစ်ပါတယ်။
VOA
ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကွယ်လွန် ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကွယ်လွန် Reviewed by သစ်ထူးလွင် on 03:31 Rating: 5

1 comment:

Yangon Thar said...

Our sincere condolences to the family of Vaclav Havel who was the former President of Czech Republic, Nobel Peace Prize winner and a great supporter of Daw Aung San Suu Kyi, leader NLD party of Burma-Myanmar.

May you rest in peace Mr. Havel and thank you so much for your undying support for DASSK and democratic movement in Burma.

Powered by Blogger.