ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်နယ် ပယ်မှ အနုပညာရှင်များ တွေ့ဆုံညှိနှိုင်းခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံညှိနှိုင်းခြင်းကို အချိန်တစ်နာရီခွဲခန့်ကြာအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အတွင်းမှ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းစသည့်အလွှာများမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
ဆွေးနွေးညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရိုက်ကူးမည်ဖြစ်သည့်အပြင် အတ္ထုပ္ပတ္တိရိုက် ကူးမည်ဖြစ်သောကြောင့် သမိုင်းကြောင်းစာအုပ်များ၊ အထောက်အထားများကို သေချာလေ့လာပြီးမှသာ ရိုက်ကူးစေလိုကြောင်း၊ ရိုက်ကူးရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးစပ်ဆုံး တူညီနိုင်သူကို ထည့်သွင်းစေလိုကြောင်း၊ ပြည်ပအနုပညာရှင်များ၏ အကူအညီ လိုအပ်ပါက ရယူနိုင်ကြောင်း၊ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းကာ ရိုက်ကူးသွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသွားခဲ့သည်။
တက်ရောက်လာသည့် အနုပညာရှင်များထဲမှ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ရာ၌ မောင်မိုးသူ၊ ဇာဂနာ၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဇင်ဝိုင်း၊ ၀ိုင်း၊ ကြည်ဖြူသျင်စသူ တို့ပါဝင်သည့် ကော်မတီတစ်ရပ်အား ဖွဲ့စည်းခဲ့ပြီး ကျန်အနုပညာရှင်များမှ ကျရာတာဝန်ကို အသီးသီးပါဝင်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။
''ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးနိုင်ဖို့ ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းတာပါ။ လောလောဆယ်တော့ တိုင်ပင်ညှိနှိုင်းတဲ့ အဆင့်ပေါ့လေ။ တာဝန်အရမ်းကြီးပါတယ်။ လုပ်ရမယ့်အဆင့်တွေ အရမ်းများမှာဖြစ်တဲ့အပြင် နှစ်ရှည်လများ စိတ်ပါဝင်စားစွာ လုပ်ရမှာပါ။ ဒီနှစ်ရက်သုံးရက် အတွင်း ပထမအဆင့်မှာဘာလုပ်မယ်ဆိုတာ တိုင်ပင်ရမှာပါ။ သုတေသန အရင်လုပ်ရမယ်။ ပြီးရင် သရုပ်ဆောင်ရှာရမယ်။ ဇာတ်ညွှန်းကို ဘယ်လိုပုံစံ ရေးရမလဲဆိုတာ ချဉ်းကပ်ရမှာပါ။ အစ်ကို့ရဲ့စိတ်ကူးကတော့ နိုင်ငံတကာပညာရှင်တွေပါမှရမှာပါ။ ဇာတ်ညွှန်းပညာရှင်သုံးယောက် လောက် ပါဖို့လိုပါလိမ့်မယ်'' ဟု ဒါရိုက်တာဝိုင်းကရှင်းပြသွားခဲ့သည်။
ထို့အပြင် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ကလည်း ''အင်တာဗျူးတစ်ခုမှာ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရရင် ဘာကားရိုက်မ လဲဆိုတဲ့မေးခွန်းကို ဖြေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ချင်ပါတယ်လို့ ဖြေခဲ့ဖူးပါတယ်။ အခုကတော့ အရမ်းလုပ်ချင်တဲ့အရာတစ်ခုကို ရိုက်ခွင့်ရမယ်ပေါ့လေ။ သုံးနှစ်အချိန်ကာလအတွင်းမှာ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ပါတိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးရမှာပါ'' ဟုပြောပြသွားခဲ့သည်။
လူငယ်သရုပ်ဆောင် နေတိုးကလည်း ''ကျွန်တော်တို့ ကျရာ အခန်းကဏ္ဍကနေ ပါဝင်သွားမှာပါ။ ဒီအတွက်ပဲ လာရောက်ခဲ့တာပါ။ ကျွန်တော်တို့ လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတယ်လို့လည်း မြင်ပါတယ်'' ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားအား သုံးနှစ်အချိန်ယူရိုက်ကူးရန် စီစဉ်ထားပြီး ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ပြသနိုင်ရန်စီစဉ်သွားမည်ဟု သိရသည်။
ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာ၌ ပြည်တွင်းရှိ အနုပညာရှင်များသာမက နိုင်ငံတကာမှ ဒါရိုက်တာများ၊ ဇာတ်ညွှန်းပညာများနှင့် ပူးပေါင်းရိုက်ကူးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အ နုပညာရှင်များတွေ့ဆုံပွဲသို့ ရုပ်ရှင်အနုပညာရှင်များ အများအပြားတက်ရောက်ခဲ့သည်ဟု သိရှိရသည်။
Eleven Media Group
ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးနိုင်ဖို့ ယာယီကော်မတီတစ်ရပ် ဖွဲ့စည်း
Reviewed by သစ်ထူးလွင်
on
01:05
Rating:
5 comments:
အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်တခုဖြစ်သလို ... ခုလိုအချိန်မှာ အနုပညာရှင်တွေဟာ ညီညွတ်စွာနဲ့ ပါဝင်လာကြတာတွေ့ရတော့ စိတ်ထဲမှာ အင်မတန် ကြည်နူးဝမ်းမြောက်မိပါတယ် ... အချို့တွေ တချိန်တုန်းက အာဏာပိုင်တွေ အကြိုက်လိုက်ခဲ့ လုပ်ခဲ့ပေမဲ့ ဒါကလည်း အခြေအနေ အချိန်အခါအရ လုပ်ခဲ့ကြတာပဲလို့ သဘောထားကြီးကြီး ထားပြီး နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် ... အမှားလုပ်မိတဲ့အတွက် အမြဲတမ်း ကျဉ်ထားမဲ့အတူတူ အဲဒီအမှားမျိုး နောက်မလုပ်ဖြစ်အောင် စည်းရုံးပြုပြင်တာမျိုး လုပ်ဖို့လည်း လိုပါတယ် ... ဒါမှလည်း နိုင်ငံကို စည်းလုံးညီညွတ်စွာနဲ့ ရှေ့အနာဂါတ်ကို အောင်မြင်အောင် လျှောက်လှမ်းနိုင်မှာပါ ..... အဲဒီလိုမျိုး ရှိလာအောင် ဖြစ်လာအောင်တောင် စည်းရုံးဖို့လိုတာ ခုလို သူတို့ကိုယ်တိုင်က လိုလားစွာ ပါဝင်လာတော့ ပိုကောင်းတာပေါ့ ... ဗိုလ်ချုပ်အဖြစ် လိုက်ဖက်မဲ့ သရုပ်ဆောင်ကို အွန်လိုင်းမှာ အချို့တော်တော်များများက ၈၈ ဗကသ ခေါင်းဆောင် ကိုကိုကြီးကို ညွှန်းကြတာတွေ့ကြတယ် ... ဟုတ်ပါတယ် ကိုကိုကြီးဟာ မျက်နှာအကျ စတိုင်က ဗိုလ်ချုပ်နဲ့ တော်တော်ဆင်တာ ဟိုးအရင်ကတည်းက သတိထားမိတယ် ... လက်ရှိ အသက်အရွယ်နဲ့တော့ ဗိုလ်ချုပ်အကြောင်း ဇတ်ကားရိုက်မဲ့ အသက်အရွယ် နဲနဲတော့ကွာမှာပေါ့ ... ဗိုလ်ချုပ်လိုမျိုး သရုပ်ဆောင်မဲ့သူက သိပ်တော့မလွယ်လောက်ဘူး ... ဒါပေမဲ့ အနုပညာဆိုတာကလည်း ရုပ်ထက် သရုပ်ဆောင်မှုက ပိုအရေးပါတော့ အံဝင်ဂွင်ကျဖြစ်မဲ့ သရုပ်ဆောင်မျိုးကို တာဝန်ယူပြီးရိုက်ကြမဲ့ သူတွေက အကောင်းဆုံး ရွေးချယ်ကြမှာပါ ... မြန်မာ့ အနုပညာ အရည်အသွေးက မနိမ့်ပါဘူး အရင်ချိန်တုန်းက လွတ်လပ်စွာ လုပ်ဆောင်ပြခွင့် မရတဲ့အတွက် ကျဆင်းနေတာပါ .... နောင်အနာဂါတ်အတွက် အားလုံးညီညွတ်စွာ အတူလက်တွဲ လျှောက်လှမ်းနိုင်ကြပါစေ .....
မြင်ရ.တွေ့ရ.ကြားရ တာလေးတွေအားလုံးကတော့ရင်ထဲမှာကြည်နူး
စရာကြီးပါဘဲလား။ဒါဘဲလေ-မေတ္တာဆိုတာ။ဘယ်သူ့ကိုမှ-ဘယ်အနုပညာရှင်
ကိုမှ ချိန်းခြောက်မူတွေဖိအားပေးမူတွေ မရှိဘူးနော်။အားလုံးကလဲ
မေတ္တာတွေစေတနာတွေတပွေ့တပိုက်နဲ့ဘဲနော်။ဒါဘဲလေ-ခေါင်းဆောင်
ကောင်းဆိုတာ။ငါတို့တိုင်းပြည်မှာလိုနေတာ မေတ္တာတွေနဲ့တရားမျှတမူတွေ။
ငါတို့ပြည်သူပြည်သားတွေကဆင်းရဲကြပေမဲ့-နုလုံးသားလေးတွေလှတယ်-
စိတ်ချမ်းသာမူ့လေးတွေလိုချင်တယ်။မြန်မာပြည်ကြီးအမြန်ဆုံး
ဆင်းရဲခြင်းအ
ပေါင်းကလွှတ်ကင်းပါစေ။
မြင်ရတွေ့ရကြားရတာတွေဟာမင်္ဂလာရှိလိုက်တာ...
နောက်ပြီးကျွန်တော်ဒီဓါတ်ပုံတွေထဲကထူးခြားတာတစ်ခုကိုမြင်လိုက်ရပါတယ်အနုပညာရှင်မောင်နှမတွေ့ရဲ့ဝတ်စားဆင်ယဉ်မှုကအရမ်းကိုကျတ်ကရေရှိပါတယ်ခင်ဗျာ
်ဗိုလ်ချုပ်ကိုတစ်တိုင်းတစ်ပြည်လုံးကလေးစားကြည်ညိုတာဟာဟိုးယခင်ကတဲကစပြီးယခုအချိန်ထိအထွတ်အထိပ်ကိုရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်ရဲ့ပုံရိပ်၊ဗိုလ်ချုပ်ကိုချစ်ခင်မြတ်နိုးတဲ့စိတ်ဟာလူတိုင်းရဲ့နှစ်လုံးသားထက်မှာစွဲထင်နေပါပြီ။ရုပ်ရှင်အဖြစ်ရိုက်ကူးတင်ပြပြီးဒီထက်မကစူးရှနက်ရှိုင်းဘို့ဆိုတာခက်ခဲလှပါလိမ့်မယ်။အဲဒီရုပ်ရှင်ကိုကြည့်ပြီးကာမှအထူးသဖြင့်လူငယ်တွေရဲ့စိတ်အတွေးတွေမှာတွေးစရာတွေမေးစရာတွေဖြစ်လာမှာကိုစိုးရိမ်ပါတယ်။အနုပညာရှင်တွေ၊အတတ်ပညာရှင်တွေကိုမယုံကြည်လို့၊လျှော့တွက်လို့မဟုတ်ပါဘူး။တစ်နည်းမဟုတ်တစ်နည်းအနည်းနဲ့အများဆိုသလိုအားနည်းချက်တွေရှိုနိုင်ပါတယ်။ဥပမာ၊သရုပ်ဆောင်ဟာဘယ်လောက်ကောင်းကောင်းသူဟာဗိုလ်ချုပ်ကိုယ်တိုင်မဟုတ်ပါဘူး။ထပ်တူထပ်မျှကျဘို့ဆိုတာမဖြစ်နိုပ်ပါဘူး။အဲဒီထပ်တူထပ်မျှမကျနိုင်ခြင်း၊တစ်စွန်းတစ်စလေးမျှကွဲလွဲနေခြင်း၊စသည်တို့ဟာဗိုလ်ချုပ်အပေါ်မှရှိရင်းစွဲလေးစားမှုတွေကိုအရောင်ပြောင်းလေးတွေဆိုးသွားနိုင်ပါတယ်။ဒါတင်မကရုပ်ရှင်မှာတစ်ခြားအားနည်းချက်၊ချို့ယွင်းချက်တွေလည်းရှိနိုင်ပါတယ်။ကျွန်တော်ဖတ်ရှုလေ့လာမှတ်သားမိသလောက်ကိုဘဲ၊ဗိုလ်ချုပ်မှာလေးစားစရာတွေ၊အားကျစရာတွေ၊သနားလည်းသနားစရာတွေအများကြီးပါဘဲ။သူ့ဘတစ်ခုလုံးကိုနှစ်နာရီသုံးနာရီမျှကြည့်ရတဲ့ရုပ်ရှင်ကားတစ်ခုပေါ်မှာပြည့်ပြည့်စုံစုံတင်ရိုက်ဘို့ဆိုတာဖြစ်နိုင်ပါသလား၊ဒီတစ်ချက်ကိုဘဲသေသေချာစဉ်းစားစေခြင်တယ်။ပြည်သူတွေရဲ့ရင်ထဲရှိနေတဲ့ဗိုလ်ချုပ်ရဲ့ရုပ်ပုံလွှာဟာအဖြူရောင်သန့်သန့်လေးဖြစ်ပါတယ်။ဒီအဖြူရောင်သန့်သန့်လေးထဲကိုအစွန်းအထင်းဆိုလို့ထပ်တူထပ်မျှအဖြူရောင်စွန်းလေးတစ်ခုတောင်မကျစေချင်ပါဘူး။ပွင့်ပွင့်လင်းလင်းစိတ်ထဲရှိတာကိုရေးရရင်ဒီရုပ်ရှင်ကိုမရိုက်စေချင်ပါဘူး။ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါ။အသက်အရွယ်အတန်ရနေပြီဖြစ်တဲ့အင်ဂျင်နီယာတစ်ဦးမျှသာဖြစ်ပါတယ်။ဗိုလ်ချုပ်ကိုလေးစားကြည်ညိုရင်းစွဲသက်သက်ဖြင့်စေတနာနဲ့တင်ပြရခြင်းဖြစ်ပါတယ်။ဦးသန်းထွန်း၊ခေတ်တစင်ကာပူ။။
Post a Comment