အင်န်အယ်လ်ဒီပါတီနဲ့ နိုင်ငံရေး လမ်းဆုံ Political crossroad for NLD

စုံခုန်ခြင်းတော့မဟုတ်၊ သို့ပေမဲ့ တစ်လှမ်းပြီးတစ်လှမ်း အရှိန်အဟုန်နှင့်လှမ်းနေသည့် ခြေလှမ်းများနှင့်အတူ၊ မတူသည်များကိုဖယ်ထားပြီး တူညီသည်များကိုလက်တွဲလုပ်ဆောင်ကြမည်ဆိုသည့် အပြုသဘော ဆောင်သည့် ခပ်စိပ်စိပ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်…

နိုင်ငံရေးအကျဉ်းသားများကို တစ်ရစ်စီ နည်းနည်းချင်း လွှတ်ပေးနေရင်းက မကြာမီကာလတွင် အားလုံးကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်သည်ဆိုသော ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးသည့် အရိပ်အယောင်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါသည် ဆိုသည့်အပြောအဆိုများ၊ စသည်တို့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တစ်နှစ်တာကာလ အတွင်း  (သို့မဟုတ်)  ရွေးကောက်ပွဲအပြီး တစ်နှစ်တာကာလအတွင်း ထွက်ပေါ်လာသည့် အပေါင်း လက္ခဏာဆန်သည့် ရလဒ်များဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် အထက်ပါ ဖြစ်ထွန်းမှုများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ်ချက်ချမှတ်စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုင်စွဲခဲ့သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက် တချို့တ၀က်ကို လိုက်လျောသကဲ့သည့် သဘောလည်း ဖြစ်နေသည် ဆိုနိုင်သည်။  

နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန်၊ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ရန်၊ ၉၀ ရွေးကောက်ပွဲရလဒ် ကိုအသိအမှတ်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စသည့်တို့မှာ ၂၀၀၉ ဧပြီ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ပါဝင်သည့် အဓိကတောင်းဆိုချက်များ ဖြစ်သည်။

YPI မှယမန်နေ့က Facebook မှတစ်ဆင့် ကောက်ခံခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြီးပါက အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် အချက်ကို သဘောထား ကောက်ခံကြည့်သည်။ ထိုစစ်တမ်းအရ ၈၀ ရာနှုန်းသော Facebook မိတ်ဆွေများမှာ မှတ်ပုံတင်သင့်သည်ဟု သဘောထားပေးကြသည်။ မှတ်ပုံ မတင်သင့်ဟု ဆိုသူများမှာ ၁၅ ရာနှုန်းပင် မပြည့်သည်ကိုတွေ့ရသည်။


တိုင်းရင်းသား ညီနောင်ငါးပါတီတွင် ပါဝင်သည့် ကယန်း အမျိုးသားပါတီအတွင်းရေးမှုး ဦးနန်းရီက “ကျွှန်တော်တို့ ကတော့ မှတ်ပုံတင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီအင်အားစုအင်အားစုတစ်ခု အနေနဲ့ပေါ့၊ NLD ကဒီမိုကရေစီရရှိဖို့ အတွက်ကြိုးပမ်းနေတဲ့သူတွေ၊ ဒီမိုကရေစီလိုလားတဲ့သူတွေ၊ ဒီမိုကရေစီရဖို့အတွက်
သွားနေတဲ့သူတွေဆိုတော့သူတို့ကိုမှတ်ပုံတင်စေချင်တယ်၊ ရွေးကောက်ပွဲဝင်စေချင်တယ်”ဟုဆိုသည်။

အခြား လူမျိုးစု ပါတီတပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကလည်း “ သူတို့ မှတ်ပုံတင်ရင်လုံးဝကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံပါတီတွေက အင်အားနည်းနေတယ်၊ ဒါကြောင့်NLD လို အင်အားကြီးတဲ့ပါတီ တစ်ခုဝင်လာစေချင်တယ် ။ နောက် NLD မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ၀င်လာရင် လည်း ကျွှန်တော်တို့ အတိုက်အခံ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပေးပါလို့ တောင်းဆိုပါတယ်” ဟု အန်အယ်လ်ဒီကို လွှတ်တော်နိုင်ငံရေး အတွင်းပါဝင်လာစေချင်သည့် ဆန္ဒကို ဖေါ်ပြလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “အင်န်အယ်လ်ဒီပါတီပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာမူတည် ပါတယ်” ဟုပြောလာခဲ့ပြီ။

နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးသည့် ဆယ်စုနှစ် ၂ခုကြာ အဓိက နိုင်ငံရေးလိုအပ်ချက် တခုဖြစ်လို့နေသည်။

သည်လိုဆိုလျှင် အင်န်အယ်လ်ဒီပါတီအနေနှင့်ကရော …
မှတ်ပုံမတင်သင့်ပါဟု သဘောထားပေးနေသူအများစု၏ စိုးရိမ်မကင်းဖြစ်မှုများမှာ နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မြောက်သေးခြင်း၊ အခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်နိုင်ခွင့်ရမည် ဆိုသည်ကို မယုံကြည်ခြင်းတို့အပြင်၊  သမိုင်းပေး သင်ခန်းစာများအရ လက်ရှိအစိုးရအသစ်၏ ဆောင်ရွက်ချက်များအပေါ် အယုံအကြည် နည်းပါးနေသေးခြင်းတို့အပေါ်အခြေခံသည်။

မကြာမီလေးကမှ အကျဉ်းထောင်မှလွတ်မြောက်လာသည့် “နိုင်ငံရေးသမား လူပြက်” ဟု သူ့ကိုယ်သူ ဖွင့်ဆိုသော ကိုဇာဂနာအနေနှင့် အင်န်အယ်လ်ဒီပါတီကို ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက ပါဝင်စေချင်သည်။

“ဘာလို့လဲဆိုတော့ အဲလိုမှသာ (မှတ်ပုံတင်မှသာ) လွှတ်တော်ထဲမှာ အားပြိုင်နိုင်မှာလေ၊ အင်န်အယ်လ်ဒီက သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မ၀င်ဘူးလို့ဆုံးဖြတ်တာလဲ ကျွန်တော်နားလည်ပါတယ်၊ သို့သော် ခုချိန်မှာတော့ မှတ်ပုံ တင်ကိုတင်သင့်တယ်လို့ ကျွန်တော်ကလည်း ထင်ပါတယ်၊ မဟုတ်ရင် အန်တီက နောက်ငါးနှစ်ဆို ၇၁နှစ်ရှိပြီ၊ နောင်လူငယ်တွေအတွက် နိုင်ငံရေးကစားစရာ Ground ဘယ်မလဲ… Space ဘယ်မလဲ … မရှိတော့ဘူး ” ဟု ၎င်းကပြောသည်။

အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြန်လည်မှတ်ပုံတင်ဖြစ်ပါက၊ ခေါင်းခါးခြေလက်စုံသည့် နိုင်ငံရေးအင်အားစုကြီး တစ်ခုအဖြစ်ပြန်လည်အသက်ဝင်လာပြီး၊ အားနည်းသည့်အတိုက်အခံအင်အားစုများဖက်မှ မားမားမတ်မတ် တရားဝင်ရပ်တည်နိုင်ခွင့်ရှိလာမည်ဖြစ် သလို မှတ်ပုံမတင်ဖြစ်ခဲ့လျှင် လူငယ်များအကွဲကွဲအပြားပြားနှင့် နေရာအသီးသီးသို့ ရောက်သွားကြမည်မှာစိုးရိမ်ဖွယ်ဖြစ်ကြောင်း ကိုဇာဂနာက ပြောဆိုသည်။

အင်န်အယ်လ်ဒီ အနေနှင့် ဘယ်ကစားကွင်းကို ကစားမည်လဲ၊ လွှတ်တော် ပြင်ပကွင်းလား၊ လွှတ်တော် အတွင်း ကွင်းလား၊ ဘယ်ကွင်းက တိုင်းပြည်လူထုအတွက် ပိုအကျိုးရှိမည်လဲ ဆိုသည်ကလည်း အရေးကြီးပါသည်။ ယခု ရွေးချယ်မှုသည် အင်န်အယ်လ်ဒီပါတီ အနာဂတ်သာမက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးပါသည့် အဆုံးအဖြတ်တခု ဖြစ်သည်ကတော့ အသေအချာပင်။

“အန်တီ့ခေါင်းဆောင်မှုအောက်မှာဆိုရင်လူငယ်တွေတစ်စုတစ်စည်းတည်းရှိလိမ့်မယ်လို့ကျွန်တော်ယုံတယ်၊ အဲလိုသာမဟုတ်ခဲ့ရင် လူငယ်အဖွဲ့အစည်းတွေ အများကြီးဖြစ်သွားနိုင်တယ်၊ မှတ်ပုံပြန်တင်မယ်ဆိုရင် ကျွန်တော်ထောက်ခံတယ်၊ မှတ်ပုံပြန်တင်သင့်တယ်လို့လည်း ကျွန်တော်ယုံကြည်တယ်”  ဟု ဇာဂနာက ပြောသည်။

နိုဝင်ဘာ ၄၊ ၂၀၁၁- မိုးယုမေ ရေးသားသည်။
အင်န်အယ်လ်ဒီပါတီနဲ့ နိုင်ငံရေး လမ်းဆုံ Political crossroad for NLD အင်န်အယ်လ်ဒီပါတီနဲ့ နိုင်ငံရေး လမ်းဆုံ Political crossroad for NLD Reviewed by သစ်ထူးလွင် on 13:17 Rating: 5

3 comments:

Anonymous said...

မှတ်ပုံတင်သင့်ကြောင်းလုံးဝထောက်ခံပါသည်

Anonymous said...

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က အခြေအနေမှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေအရ မှတ်ပုံပြန်လည်မတင်သင့်ဘူး ရွေးကောက်ပွဲ မဝင်ဘူး ဆိုတဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်သင့်မြတ်ခဲ့သလို ...
ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ မပါဝင်လို့မဖြစ်ဘူး ဆိုတာကို လက်ရှိအာဏာဆုပ်ကိုင်ထားသူတွေက နားလည်လက်ခံလာပြီ ဖြစ်သလို ... တွေ့ဆုံဆွေးနွေးမှုတွေလုပ်လာ အလျော့ပေးပြီး ဥပဒေတွေ ပြန်လည်ပြင်ဆင်ပေးတဲ့ အတွက် မှတ်ပုံပြန်တင်သင့်ပြီး ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ဝင်ပြိုင်သင့်သည် ... ဒီမိုကရေစီရေး ရည်မှန်းချက်ပန်းတိုင်အတွက် အခြေအနေ အချိန်အခါအပေါ် မူတည်၍ အချို့အပေါ်မှာ လျော့တန်လျော့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံက ရနိုင်သမျှ ထိုးဖေါက်နိုင်ဖို့ လိုအပ်သည်ဟု ထင်မြင်ယူဆပါသည် ...
NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တစိုက်မတ်မတ်ကိုင်စွဲကာ တောင်းဆိုခဲ့သည့်အတိုင်း ယခုအခါ တွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသော တိုးတက်ပြောင်းလဲလာသည့် အခြေအနေအပေါ် မိမိရရ ဆုပ်ကိုင်ဖို့ လိုအပ်ပါသည် ယခုအခြေအနေမှ ဒီထက်ပိုမိုကောင်းမွန်မည့် အခြေအနေကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ လုပ်ဆောင်နိုင်မည်ဟု အပြည့်အဝယုံကြည်သည် ...
မတင်သင့် မဝင်သင့်ဟု ပြောဆိုနေသူများမှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း အခြေအနေအပေါ် အမှန်တကယ် နားမလည် မသုံးသပ်ပဲ ... အစွန်းရောက်အမြင်ဖြင့် မျက်စိမှိတ် တင်းခံ ဆန့်ကျင်သူများသာ ဖြစ်သည် မိမိတို့ လိုချင်သည့် ပြုပြင်ပြောင်းလဲမှုများကို ယခုကဲ့သို့ အခြေအနေ အချိန်အခါပေါ် မူတည်၍ လိုက်လျောညီထွေစွာ မလုပ်ဆောင်ကြလျှင် အခြားမည်သည့်နည်းလမ်းဖြင့် မည်ကဲ့သို့လုပ်ဆောင်မည်နည်း ... ပြန်စဉ်းစားသင့်သည် ..................
(မြန်မာနိုင်ငံသားတဦး)

Anonymous said...

အယ်အန်ဒီ မှ အန်တီစုအနေနဲ့လိုအပ်သည့်အဓိကအချက်လေး
များရပါက .မှတ်ပုံပြန်တင်သင့်ပါသည်၊ မှတ်ပုံတင်ခြင်းဖြင့်လှုပ်ရှား
မှု့ပိုပြီးကျယ်ဝန်းလာမည်ဟုသုံးသပ်မိပါသည်၊ဒီမိုပါတီငယ်လေးများ
ကိုစုပေါင်းလိုက်ပါက အင်အားပိုမိုရရှိမည်၊အဲဒီကမှတဆင့်.ဖဆပ
လ အဖွဲ့ချုပ်.(ဗိုလ်ချုပ် ) ဦးဆောင်စဉ်ကကဲ့သို့ နိုင်ငံရေးတပ်ပေါင်း
စုဖြစ်လာမှာသေချာသလောက်ရှိသည်၊မတင်သင့်.ရွှေဂုံတိုင်ကြေ
ငြာစာတန်းတို့သည် သူ့အချိန်သူ့အခါတုန်းကမှန်ကန်ခဲ့သည်၊ယခု
နိုင်ငံရေးအခင်းအကျင်းသည်ပြောင်းလဲသွား၏..မတင်သင့်ဆိုသူ
များသည်အများအားဖြင့် ဘေးထွက်နိုင်ငံရေးသမားများ( ၀ါ )
ပြည်ပရောက် အာ သမားများဖြစ်သည်၊ကျနော့်တဦးထဲအမြင်
အရမူ မှတ်ပုံတင်ခြင်းကိုကြိုဆိုပါသည်၊

Powered by Blogger.