မြန်မာနိုင်ငံရှိ ဘဏ်အားလုံးတွင် အသုံးပြုနိုင်မည့် ငွေထုတ်ကတ် (Debit Card) စနစ်မှာ လာမည့် ခြောက်လ အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)မှ သိရှိရသည်။
လက်ရှိအချိန်မှစတင် ခြောက်လအတွင်း MPU (Myanmar Payment Union) စနစ် ရရှိနိုင်မည် မဟုတ်ကြောင်း ၊အဆိုပါ ကဒ်မှာ ဘဏ်တစ်ခုနှင့် တစ်ခုကြား အချက်အလက်များ လွှဲပြောင်းသည့် ဗဟိုစုစည်းမှုပုံစံ ဖြစ်ပြီး National Switch အနေဖြင့် အခြားဘဏ် တစ်ခုချင်းစီ၏ Switch များက လာရောက် ချိတ်ဆက်သည့် စနစ် ဖြစ်ကြောင်း MPU ကတ်အတွက် နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူထားသည့် MIT (Myanmar Infor mation Technology ) ကုမ္ပဏီ သိရှိရသည်။
အဆိုပါ စနစ် အသုံးပြုနိုင်ရန် “ပထမအဆင့် အနေနှင့် ဗဟိုဘဏ် ခွင့်ပြုချက်နဲ့ ယခုနှစ်ကုန်မှာ ATM စက်နဲ့ ငွေထုတ်ကတ်စနစ် စတင် အသုံးပြုဖို့အတွက် ဘဏ်အားလုံးက စီစဉ်နေပါတယ်၊ AGD ဘဏ်က ဒီဇင်ဘာလမှာ စတင် အသုံးပြုမှာပါ” အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)မှ တ၀န်ရှိသူ တစ်ဦက ဆိုသည်။
“ကျွန်တော်တို့ ဘဏ်က မလောပါဘူး။ ဒါမျိုးက အမှား မခံဘူးလေ။ ဒီနှစ်ကုန် လာမယ့် နှစ်ဆန်းလောက်မှ ဖြစ်မှာပါ”ဟု အမေရိကန် NCR တံဆိပ် ATM စက်များ မှာယူထားဆဲ ဖြစ်သည့် ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကပြောကြားသည်။
အဆိုပါ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)တစ်ခုတည်းတွင် သုံးသည့် ကတ်စနစ်များ (Debit Card)၊ ဘဏ်အားလုံးတွင် သုံးနိုင်မည့် MPU ကတ်များ၊ ဈေးဝယ် စင်တာများတွင် သုံးနိုင်မည့် POS စနစ်များ အသုံးပြု ပြီးချိန်တွင် နိုင်ငံတကာမှ Visa Card၊ Smart Card များ သုံးနိုင်မည့် အဆင့်ထိ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
အခြားဘဏ် အသီးသီးမှလည်း GRG၊ Wincore အစရှိသည့် ATM များ ဝယ်ယူ အသုံးပြုလျက် ရှိပြီး ငွေထုတ်ကတ်များကို နိုင်ငံတကာ ကုမ္ပဏီများထံမှ ဝယ်ယူရန် လေ့လာနေကြကာ ယခုနှစ်ကုန်တွင် အကောင် အထည် ဖော်နိုင်ရန် စီစဉ်နေကြောင်း ဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။
MPU စနစ် ပေါ်ပေါက်လာပါက ဘဏ်ကို အသုံးပြု၍ ငွေပေးချေမှု၊ လွှဲပြောင်းမှု၊ အကြွေပြဿနာ စသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း အနည်းငယ် တိုးတက်လာနိုင်သော်လည်း နိုင်ငံတကာနှင့် မချိတ်ဆက်နိုင်ပါက ကြီးမားသော အကျိုးကျေးဇူး ဖြစ်ထွန်းလာမည် မဟုတ်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
သတင်း---ဥာဏ်ဥာဏ်(မြစ်မခ)
ငွေထုတ်ကတ် (Debit Card) စနစ်အားလာမည့်(၆)လ အတွင်း ဘဏ်အားလုံးတွင် အသုံးပြုနိုင်မည်
Reviewed by သစ်ထူးလွင်
on
08:08
Rating:
No comments:
Post a Comment