အန်င်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မည်ဆိုသည်ကို သမ္မတဦးသိန်းစိန် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီ ရွေးကောက် ပွဲဝင်မည် ကို ကြိုဆိုကြောင်း၊ များစွာ ကျေနပ်အားရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာသတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"အစကတည်းက တူတာတွဲလုပ်၊ မတူတာဖယ်ထားပြီး လက်တွဲလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်ကလည်း ပြောဆိုခဲ့ပါတယ်။ အခုလို မှတ်ပုံတင်ပြီး ပါဝင်လာမယ်ဆိုတဲ့အတွက် အများကြီးဝမ်းသာ ပါတယ်။ သူ့ကို အစိုးရအဖွဲ့မှာ ဘယ်နေရာပေးမလဲဆိုတာကတော့ အရင်ဆုံးရွေးကောက်ပွဲဝင် ပြီးတော့ ပြည်သူရဲ့ဆုံးဖြတ်မှုကို အရင် ယူရမှာပါ"ဟု သမ္မတက ပြောသည်။
"ပြည်သူအားလုံးရဲ့ဆန္ဒအတွက် တိုင်းပြည်အကျိုးရှိအောင်လက်တွဲပြီး ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။
သမ္မတက မြန်မာသတင်းထောက်များနှင့် ယခုကဲ့သို့ သီးသန့်တွေ့ဆုံ သည် မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ရန် အာဆီယံက အတည်ပြုပြီးနောက် တွေ့ဆုံခြင်းလည်းဖြစ်သည်။
တွေ့ဆုံမှုတွင် သမ္မတကြီးက လက်ရှိ ဆောင်ရွက်နေသော နိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲအပြင် ၎င်း ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။
"ဒီကိုရောက်နေတဲ့ အချိန်မှာ သတင်းကောင်းတွေ ဆက်တိုက်ကြားရတယ်။ အိုဘားမားက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အသိအမှတ် ပြုတာ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာမှာ၊ အင်န်အယ်လ်ဒီက ပြန်လည်မှတ်ပုံတင်မှာရယ်၊ မြန်မာက ဆီးဂိမ်းမှာ ရွှေတံဆိပ်တွေ ဆက်ပြီးရနေတယ်ဆိုတာရယ်"ဟု သမ္မတကြီးက ပြောသည်။
ထို့နောက် သမ္မတကို မြန်မာတိုင်း(မ်)က မေးမြန်းသည့် ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်ကာလတွင် ကျင်းပ ရန်ရှိသည်နှင့် ပတ်သက်ပြီး ဆက်လက် ပြောသည်မှာ "ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေရာ ၄၀ ကျော်ရှိနေသေးကြောင်း၊ သို့ရာတွင် မည်သည့် အချိန်ကာလတွင် ကျင်းပမည်ဆိုသည်ကို အစိုးရအဖွဲ့က လက်ရှိတွင် အလုပ်များလျက်ရှိနေသောကြောင့် အတိအကျ မပြောဆိုနိုင်သေးကြောင်း" ပြောသည်။
ထို့ပြင် သမ္မတသက်တမ်းစတင်သည့် ကာလမှစတင်ခါ အကျဉ်းသားပေါင်း ၂၀,၀၀၀ နီးပါးမျှ လွှတ်ပေးပြီးဖြစ်ကြောင်း၊ သင့်လျော် သည့် အချိန်တွင် ဆက်လက်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
သမ္မတက မြန်မာ့ဒီမိုကရေစီကို ဆက်လက်ရှင်သန်ရေးအတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရမည်ဖြစ်ကြောင်း၊ လုံခြုံမှုရှိရန်လည်း လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသည်။
ထို့နောက် မြန်မာအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ ရှိရာတွင် ခုနစ်ဖွဲ့နှင့် အကြမ်းဖျင်းနှစ်ဖက် တိုက်ခိုက်ခြင်း မပြုတော့ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ပြောသည်။
သမ္မတဦးသိန်းစိန်က အစိုးရသက်တမ်း အချိန်ကာလတိုအတွင်း ယခုကဲ့သို့ လျင်မြန်သည့် အပြောင်းအလဲများရရှိ လာအောင် ဆောင်ရွက်နိုင်သည်မှာ ၎င်းတစ်ဦးတည်း၏ စွမ်းဆောင်ချက်ကြောင့်မဟုတ်ဘဲ အစိုးရအဖွဲ့၏ စွမ်းဆောင်မှုကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ကျော်ဆုမွန် 
အန်င်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မည်ဆိုသည်ကို သမ္မတဦးသိန်းစိန် ကြိုဆို အန်င်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မည်ဆိုသည်ကို သမ္မတဦးသိန်းစိန် ကြိုဆို Reviewed by သစ်ထူးလွင် on 06:11 Rating: 5

No comments:

Powered by Blogger.