မြို့တော်ခန်းမအနီး တွေ့ရှိသော အမေရိကန် လက်ပစ်ဗုံးကို မြန်မာဗုံးရှင်းလင်းရေး အဖွဲ့များ နှစ်ဆင့်ခွဲ ဖျက်ဆီး

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမနှင့် လူစည်ကားရာ ဘတ်စ်ကားဂိတ်များအနီး အောက်တိုဘာလ ၃ဝ ရက်နေ့ ည ၇ နာရီ အချိန်က တွေ့ရှိခဲ့သော အမေရိကန်နိုင်ငံလုပ် အမ် ၇၅ လက်ပစ်ဗုံးကို မြန်မာဗုံးရှင်းလင်းရေး အဖွဲ့များက လူအထိခိုက် မရှိဘဲ နှစ်ဆင့်ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကျောတ်တံတားမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။အဆိုပါ အမ် ၇၅ လက်ပစ်ဗုံးကို မြို့တော်ခန်းမ ကားရပ်နားရန် နေရာအနီးတွင် အောက်တိုဘာလ ၃ဝ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အငှားယာဉ်မောင်းများက တစ်ဆင့် သတင်းပို့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ည ၇ နာရီ ၅ မိနစ်တွင် တစ်ကြိမ်၊ ည ၉ နာရီ ၅ မိနစ်တွင် တစ်ကြိမ် အချိန်နှစ်နာရီ ခြားပြီး ယင်းလက်ပစ်ဗုံးအား Water Cannon (ဗုံးကို အားပျော့သွားအောင် လုပ်သော နည်းစနစ်သုံး) ရေဗုံးသုံး၍ ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရာထမ်း တစ်ဦးက The Voice Weekly သို့ ရှင်းပြသည်။" ပထမအကြိမ် ဖောက်ခွဲတုန်းက ဗျောက်အိုးအကြီးစား ဖောက်တဲ့ အသံလောက်ပဲ ထွက်ပြီး မကွဲဖူး။ ဒုတိယအကြိမ် ပစ်မှ ကွဲတယ် " ဟု စည်ပင်သာယာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ဆိုသည်။ယင်းဗုံးဖောက်ခွဲရန် ပြင်ဆင်နေစဉ် ကာလအတွင်း ရန်ကုန်မြို့လယ်မှ ဆင်ခြေဖုံး မြို့နယ်များသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ အပါအဝင် ယာဉ်သွားလာမှုများ ၃ နာရီခန့် ရပ်ဆိုင်းသွားပြီး တနင်္ဂနွေနေ့ ဖြစ်၍ လူသွားလူလာ ပုံမှန်ထက် နည်းပါးကာ လာရောက် ကြည်ရှုသူ အနည်းငယ်သာ ရှိကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူ တစ်ဦးက ပြောကြားသည်။

သတင်း---The Voice Weekly
မြို့တော်ခန်းမအနီး တွေ့ရှိသော အမေရိကန် လက်ပစ်ဗုံးကို မြန်မာဗုံးရှင်းလင်းရေး အဖွဲ့များ နှစ်ဆင့်ခွဲ ဖျက်ဆီး မြို့တော်ခန်းမအနီး တွေ့ရှိသော အမေရိကန် လက်ပစ်ဗုံးကို မြန်မာဗုံးရှင်းလင်းရေး အဖွဲ့များ နှစ်ဆင့်ခွဲ ဖျက်ဆီး Reviewed by သစ်ထူးလွင် on 08:28 Rating: 5

No comments:

Powered by Blogger.