ပြည်ပမှ တရားမဝင် တင်သွင်းထားသည့်
ကားများအတွက် လိုင်စင်ထုတ်ပေးခြင်း ကိစ္စကို ပြုလုပ်ပေးတော့မည် မဟုတ်ဟု
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က
အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
”တရားမဝင် တင်သွင်းထားတဲ့ ကားတွေကို လိုင်စင် မပေးတော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အတော မသတ်နိုင်တော့လို့”ဟု အထက်ပါ ပုဂ္ဂိုလ်က အတည်ပြု ပြောသည်။
ပြည်ထောင်စုဝန်ကြီးက အဆိုပါ ကားများအတွက် လိုင်စင်တစ်ခါ ထုတ်ပေးလိုက်တိုင်း နောက်တစ်ကြိမ် ထပ်မံ၍ တင်သွင်းလာကြောင်း၊ လက်ရှိ၌လည်း တရားဝင် ပေးနေသည့် အတွက် တရားမဝင်သည် များကို တရားဝင်အောင် ပြုလုပ်မပေးတော့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
တရားမဝင် တင်သွင်းလာသည့် ကားများကို ၂ဝ၁ဝ နှစ်ပိုင်းက နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပြီး ထိုအထဲတွင် ဘုန်းတော်ကြီးကျောင်းများမှ ယာဉ်များပါ ပါဝင်ခဲ့ကြောင်း သိရသည်။
တရားမဝင် ကားတင်သွင်းခဲ့ခြင်းမှာ လိုင်စင် ခက်ခဲသည့်အတွက် လုပ်ဆောင်ကြသည်ဟု အပြောများ နေသော်လည်းပဲ လောဘဇော အတောမသတ်နိုင် ကြခြင်းသာ ဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သုံးသပ်မှုများ ရှိနေကြသည်။
စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ”အခု တရားဝင် ပေးနေတာပဲ ထပ်မသွင်းကြတော့နဲ့ပေါ့၊ တရားမဝင် ကားတွေကို တင်သွင်းတဲ့အခါမှာလည်း လမ်းတစ်လျှောက် ပေးရတဲ့ စရိတ်က နည်းတာမှ မဟုတ်တာ၊ နောင်ဆို တင်သွင်းကြဖို့က ရှိတော့မှာတော့ မဟုတ်တော့ဘူး ထင်တယ်” ဟု မှတ်ချက်ပြုသည်။ စီးပွား၊ကူးသန်းမှ တရားမဝင် ကားများကို တရားဝင် ဖြစ်အောင် ကားပိုင်ရှင်အား အခွန် ၈၅ ရာခိုင်နှုန်း ဆောင်ခိုင်းပြီး လုပ် ဆောင်ပေးခဲ့ခြင်းကိစ္စရပ်များ ရှိခဲ့ကြောင်း၊ ထိုစဉ်အခါ ကတည်းက ကြေညာချက်ထဲတွင် ပြည်တွင်း၌ ရောက်ရှိပြီးသား ကားများကိုသာဆို လိုကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ယခင်က ဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ် အကြောင်းကို စုံစမ်း သိရှိရသည်။ ”အဲဒီကတည်းကိုက တင်သွင်းမယ့် ကားတွေကို အခွန်ဆောင်ပြီး တရားဝင် ဖြစ်အောင်လုပ်ပေးမယ် ဆိုတာမပါဘူး၊ ဒါကို မသိချင် ယောင်ဆောင်ပြီး ထပ်တလဲလဲ သွင်းနေကြတာ၊ လိုင်စင် ထုတ်ပေးခဲ့တဲ့ အချိန်တုန်း ကတည်းက လုပ်ပြီး ရင်တော်ရောပေါ့၊ လုပ်ပေးခဲ့တဲ့အချိန် က ပူတာအိုကနေ ကော့သောင်း အထိ မောင်းလာပြီး လုပ်ရင်တောင် အချိန်မီတယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထိုစဉ်က ဖြစ်ရပ်ကို ပြန်ပြောင်းဆိုသည်။

မေမြန်မာ---ပေါ်ပျူလာသတင်း
ဒီသတင်းနဲ့ တဆက်ထဲမှာပဲ ဧရာတီ မှ သတင်းတပုဒ်ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး
မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်ကား ရာပေါင်းများစွာ တင်သွင်းခဲ့သော အမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦး စုစုပေါင်း ၃ ဦးပါဝင်သော ခုံရုံးအဖွဲ့ကို ဖွဲ့စည်း စစ်ဆေးနေကြောင်း၊ သို့ရာတွင် ခုံရုံးအဖွဲ့ဝင်များ ကိုယ်တိုင် လာဘ်ယူမှုများ ရှိသည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေးနိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။
“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေပါတယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော်မှ အရာရှိက ပြောသည်။
စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။
“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။
တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်း တင်သွင်း မှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။
၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
သတင်း---ဧရာဝတီ
ပြည်ပမှ တရားမဝင် တင်သွင်းထားသည့် ကားများအား လိုင်စင် ထုတ်ပေးတော့မည် မဟုတ်
Reviewed by သစ်ထူးလွင်
on
17:30
Rating:
1 comment:
ဒီလူတွေက လက်ရှိအစိုးရထဲ့လူတွေပဲ ဘာလို့အထွေအထူးပြောနေရတာလဲ မပြောလဲသိနေတာပဲ လွတ်လပ်စွာနဲ့လုပ်ရင် ဘယ်သူမဆို တရားဝင်တင်သွင်းခွင့်ပေးလိုက်ပါလား
Post a Comment