ရခိုင်ပြည်နယ်၊
သံတွဲမြို့နယ်တွင် ရပ်ကွက်နေလူထုက ကန့်ကွက်ထားသည့် ပုဂ္ဂိုလ်အား
ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ် လိုက်သဖြင့် ယင်းရပ်ကွက်လူထုက
လက်မှတ်ရေးထိုးကာ ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်တိုင်ကြားလိုက်ကြသည်။
အတိုင်ခံရသူမှာ သံတွဲမြို့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ခေါ် ဦးပါကြီးဖြစ်၍ ၎င်းသည် ရပ်ကွက်သားများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံသည့် အချက်ကို ရပ်ကွက်နေလူထုက သြဂုတ်လ ၁၇ ရက်နေ့တွင်တိုင်ကြားရာမှ တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည်။
ထိုသို့ ရပ်ဆိုင်းပြီး သီတင်းတပတ်အကြာတွင် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်ရန်ခဲ့ရာ ဦးမောင်ချေက ထောက်ခံမဲ အများဆုံးရ၍ ဦးဝင်းလတ်က ဒုတိယအများဆုံးရကာ ဦးကျော်နိုင်မှာ ထောက်ခံမဲ ၅၈ မဲဖြင့် အနည်းဆုံးရခဲ့သော်လည်း စက်တင်ဘာ ၂၄ ရက်နေ့တွင် ဦးကျော်နိုင်အား ပြန်လည် ခန့်အပ်လိုက်ကြောင်း ပြည်နယ် စည်ပင်ဝန်ကြီးက လက်မှတ်ထိုးထားသည့် စာထွက်ရှိလာခဲ့သည်။
ယင်းကဲ့သို့ ရပ်ရွာမှ မနှစ်သက်သူကို အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်သည့် ကိစ္စကို ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက စုပေါင်းလက်မှတ်ထိုးကာ စက်တင်ဘာ နောက်ဆုံးပတ်တွင် ပြည်နယ်စည်ပင်ဝန်ကြီးထံသို့ တိုင်ကြားခဲ့သော်လည်း နိုဝင်ဘာလအထိ အကြောင်းမထူးသောကြောင့် ရပ်ကွက်သားများပါ စုပေါင်းပါဝင်ကာ ယခုလ ၁၈ ရက်က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာဖြင့်ထပ်မံတိုင်ကြားခဲ့သည်။
“မဲအပြတ်အနိုင်ရခဲ့သူ တစ်ယောက်ကိုမခန့်ပဲ၊ ထောက်ခံမဲအနည်းဆုံး ကန့်ကွက်မဲအများဆုံးသူ ကရသွားတယ်ဆိုတော့ မစဉ်းစားတတ်အောင်ပါပဲ” ဟု ရပ်ကွက်သားတစ်ဦးကပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်စဉ်က ရွေးချယ်ပုံနည်းလမ်းနှင့် ကြိုတင်လျာထားသူရှိမရှိ ရပ်ကွက်လူထုက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးကြီး ဦးလှရွှေကိုမေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့်ကြိုတင်လျာထားသူများ မရှိကြောင်း ဒီမိုကရေစီ စနစ်အရလူထုဆန္ဒကိုသာ ခံယူမည်ဟု ဖြေဆိုခဲ့သည် ဟု ရပ်ကွက်နေသူတဦး ကပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးကြည်စိုးထွန်း၊ စာရေးကြီးဦးလှရွှေနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှနိုင်အေးတို့ပါဝင်ကြသည်။
စာပို့ပြီးလနှင့်ချီကြာသော်လည်း အကြောင်းမထူးသဖြင့် ယခုလ (၂၅)ရက် က တဖန် ပြည်နယ်ဝန်ကြီးချုပ်ထံ ဖုန်းဆက်ပြီးစုံစမ်းရာ ၀န်ကြီးချုပ်က သူ့ဆီသို့တိုင်စာရောက်လာကတည်းက တစ်ခုခုမှားနေပြီဆိုတာသိကြောင်း၊ အတိုင်အတော မလုပ်ရန် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ အားပြဿနာ မရှာရန်နှင့် လတ်တလော ခန့်ခြင်း ဖြုတ်ခြင်း ပြုလုပ်ဖို့ မလွယ်သောကြောင့် တစ်လခန့်စောင့်ကြည့်ပေးရန်သာ နှစ်သိမ့်ပြောဆိုခဲ့သည်ဟု မေးမြန်းသူများ က ပြောပြသည်။
လက်မှတ်ထိုးရာတွင်ပါဝင်ခဲ့သူတစ်ဦးက “ခုထိဘယ်သူမှအရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူး ဒါဆိုရင်ဘာဖြစ်လို့ဆန္ဒခံယူပွဲလုပ်တာလဲ လို့ မေးရတော့မယ် ”ဟုသူ၏မကျေနပ်ချက်ကို ပြောသည်။
ရပ်ကျေးဥပဒေဟု ခေါ်ဆိုသည့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမူကြမ်း ဥပဒေကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် လွှတ်တော်မှ ဆွေးနွေးအတည်ပြုခဲ့ပြီဖြစ်သည်။ အဆိုပါ ဥပဒေမူကြမ်းတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များ ရွေးချယ်ရာ တွင် ရပ်ကွက်ရှိ ဆယ်အိမ်မှူးများက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။ ဆယ်အိမ်မှူးများအား ရပ်ကွက် ရပ်မိရပ်ဖများက မဲပေးရွေးချယ်သွားမည်ဟုလည်း ဖေါ်ပြထားသည်။ အဆိုပါ ဥပဒေအတည်ဖြစ်စေရန် မကြာမီ သီတင်းပတ်များ အတွင်း သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်လိမ့်မည်ဖြစ်သည်။
ရန်ကုန်မြို့ မြို့နယ်အချို့တွင် ယခုနှစ် မေလက ခန့်အပ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုမူ ယင်းမြို့နယ်အပိုင် လွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးချယ်ခန့်အပ်ခဲ့ကြသည်ဟု ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးကပြောသည်။ ၎င်းတို့အနေဖြင့် မခန့်အပ်မီ အသိပေးခံရခြင်းမျိုး မရှိခဲ့ကြောင်းလည်း ဖြည့်စွက်ပြောဆိုသည်။
သံတွဲ၊ နိုဝင်ဘာ ၂၈၊ ၂၀၁၁ (YPI)

ရပ်ကွက်လူထု မလိုလားသည့် အုပ်ချုပ်ရေးမှူးအား ပြန်ခန့်၍ ကန့်ကွက်
Reviewed by သစ်ထူးလွင်
on
22:30
Rating:
No comments:
Post a Comment