မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်

မြန်မာနိုင်ငံသို့ စီးပွားရေးကိစ္စရပ် အလို့ငှာ ရောက်ရှိနေသော မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်သည် နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီတွင် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် များစွာနီးစပ်သူ တစ်ဦးက အတည်ပြု ပြောကြားသည်။

အရှေ့တောင်အာရှ စီးပွားရေး အင်အားကြီး မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အနှစ် ၂ဝ ကျော် တာဝန်ထမ်းဆောင် ခဲ့သော ဒေါက်တာ မဟာသီယာသည် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးအဖြစ် ရောက်ရှိလာကာ မြန်မာလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ရန်ကုန်မြို့တော် ကုန်သည်ကြီးများ ဟိုတယ်တွင် စီးပွားရေးဆိုင်ရာ ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့သည်။

Felda Global Group နှင့် မလေးရှား ဆီအုန်းကောင်စီတို့၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ထံ ဆက်သွယ်စီစဉ်မှုဖြင့် မြန်မာ - မလေးရှား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည်။

အာရှနိုင်ငံများတွင် သက်တမ်းရှည် နိုင်ငံခေါင်းဆောင်များအနက် တစ်ဦးဖြစ်သော ဒေါက်တာ မဟာသီယာသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတနှင့် တွေ့ဆုံရန် ရှိကြောင်း သတင်း ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။

အစ္စလမ်မစ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနေသော အနောက်နိုင်ငံပုံစံကို အတုမယူဘဲ ဂျပန်နှင့် တောင်ကိုရီးယား တို့ကဲ့သို့သော အရှေ့နိုင်ငံများ၏ စီးပွားရေး ပုံစံကို အတုယူသော ' အရှေ့မျှော်ပေါ်လစီ ' ကိုသာ ဆက်လက် အတုယူသင့်ကြောင်း မကြာသေးမီက အသက် ၈၆ နှစ်အရွယ်ရှိ ဒေါက်တာ မဟာသီယာက ထုတ်ဖော် ပြောဆိုထားသည်။

ဒေါက်တာ မဟာသီယာသည် ၁၉၇၆ မှ ၁၉၈၁ အထိ မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ၁၉၈၁ မှ ၂၀၀၃ အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်အသီးသီး ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မဟာသီယာသည် မလေးရှား အစိုးရပိုင် ပက်ထရိုနပ် ရေနံကုမ္မဏီ၏ အကြံပေးနှင့် ပရိုတွန် ကားကုမ္မဏီ၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

မဟာသီယာ ခရီးစဉ်အပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ပရိုတွန်ကား အရောင်းပြခန်းတစ်ခု ပေါ်ပေါက်လာဖွယ် ရှိကြောင်း နှစ် ၂ဝ ဝန်းကျင်ခန့် မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်လာသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

သတင်း---The Voice Weekly
မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်    နှင့် တွေ့ဆုံမည် Reviewed by သစ်ထူးလွင် on 08:42 Rating: 5

No comments:

Powered by Blogger.