ဒရိုင်ဘာကိုဝင်းသည် စတီယာရင်ပေါ် လက်အုပ်ချီလျှက် မျက်နှာကို အပ်ထား၏။
နှုတ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေသည်။ လေကာမှန်အပေါ်ဘက်တွင် ဘုရားပုံတော်များ
နှင့် ကားရှေ့တီဗွီစင်အပေါ်တွင် ရုပ်ပွားတော်တစ်ဆူက သပ္ပါယ်စွာစံနေ၏။ ညနေ ၅
နာရီခွဲပြီ။ ကိုဝင်းသည် ကားစက်နှိုးလိုက်ပြီး လီဗာကို နင်းကစားလိုက်၏။
လေပေါင်ပြည့်ပြီးသည့်နောက် ကားမှာ ရန်ကုန်ဂိတ်မှ စထွက်တော့သည်။
မြတ်စွာဘုရားရှေ့တွင် လက်အုပ်ချီ ခဲ့သော ထိုလက်များမှာ ယခုအခါမှာတော့
ခရီးသည်အားလုံး၏ အသက်များကို တာဝန်ယူထားသည့် သဖွယ် စတီယာရင်ပေါ်တွင်
မြဲမြံစွာရှိနေ ကြသည်။ စပယ်ယာကတော့ ကား၏ ခြေနင်းခုံပေါ်တွင်ရပ်ကာ
ရှေ့တူရှုသို့သာ ကြည့်နေလေ၏။
မကြာခင်ကားက ရပ်သွားသည်။ ယာဉ်ထိန်းရဲအဖွဲ့ကိုတွေ့ရပြီး စပယ်ယာက အနားသို့သွားကာ တစ်စုံတစ်ခုပြောဆိုပြီးနောက် တစုံတရာကို ပေးလိုက်၏။ ပြီးသော် ခရီးဆက်လက် ထွက်ခွာလာခဲ့သည်။ ဘာအတွက်လဲဟု မေးမြန်းကြည့်ရာ လမ်းခရီးတွင် တားဆီးစစ်ဆေးသည့် ယာဉ်ထိန်းများအား ထုံးစံအတိုင်း ပေးရခြင်း ဖြစ်သည်ဟု ပြောသည်။
ရခိုင်အထိခရီးစဉ်တစ်ကြောင်းတွင် လမ်း၌ ရဲကြေး ဂိတ်ကြေး တံတားကြေး အဖြစ် ဂိတ်မှ ငွေငါးသောင်းခွဲပေးလိုက်၍ များများပေးရပါက လိုငွေကို စပယ်ယာမှစိုက်ရပြီး စစ်ဆေးသည့် အဖွဲ့နည်းပါက ပိုငွေတစ်သောင်းခန့် ရကြောင်း သိရ၏။
ကားမှာဟွန်ဒိုင်းကားအမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် ခုံ ၄၅ ခုံပါသည်။ ထိုင်ခုံတစ်ဝက်ကျော် ဖြုတ်ထားသောကြောင့် ထိုင်ခုံ ၂၀ ခန့်သာရှိတော့သည်။ ထို့အတွက်လည်း ယာဉ်ထိန်းရဲတစ်ဖွဲ့ကို သုံးထောင်ကျပ် ပေးရသည်ဆို၏။ ထိုင်ခုံဖြုတ်၍ ကုန်တင်သည့်အတွက်ကြောင့် ယာဉ်ထိန်းရဲများကို ငွေပေးရခြင်းဖြစ်သည်။ သေချာသည်ကတော့ ယာဉ်ထိန်းရဲအား မဆုံချင်သည့် စပယ်ယာနှင့် စပယ်ယာနှင့်ဆုံချင်သည့် ယာဉ်ထိန်းရဲတို့တွင် တစ်ယောက်သို့မဟုတ် တစ်ယောက် ကတော့ ဆုတောင်း ပြည့်နေသည်ဆိုတာပဲဖြစ်သည်။
သည်ခရီးကတော့ စပယ်ယာဆုတောင်းမပြည့်သည့် ခရီးစဉ်ပဲဖြစ်သည်။ အဖွဲ့တော်တော်များများကိုတွေ့ရ၏။ ပိုက်ဆံပေးရ၏။ ကတ္တားဂိတ်များကိုဖြတ်ခဲ့ရာ တန်ပိုတစ်တန်လျှင် ဆယ်ဆပိုပေးရမည်ဟု သိရသော်လည်း ကားနှင့်ကုန် ပေါင်းလျှင် ၁၅တန်သာရှိသည့်အတွက် အခက်အခဲတစ်စုံတစ်ရာမရှိခဲ့။ ရှေ့လမ်းခုလတ်တစ်နေရာတွင်တော့ ဂိတ်မှကြိုလွှတ် ထားသည့် ကုန်ကားတစ်စီးစောင့်နေမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ရခိုင်ဘက်မှလာသော ကားများနှင့်ဆုံလျှင် အပြန်အလှန်နှုတ်ဆက်သည့်စကားကတော့'ကုန်ဘယ်လောက်ပါလဲ၊ ဖြတ်လို့ရလား' ဟူ၍ပင်ဖြစ်သည်။
ရခိုင်ရိုးမပေါ်သို့ မတက်ခင်လေးတွင် ကုန်ချိန်းမည့်နေရာသို့ရောက်ပြီ။ ကားချင်းတေ့၍ ကုန်ချိန်းကြ၏။ ကြိုလွှတ်ထားသောကားပေါ်မှ ကုန်စည်များကို ခရီးသည်တင်ကားပေါ်သို့ ပြောင်းတင်ကြသည်။ ပြီးလျှင် ကုန်ကားမှာ ရန်ကုန်သို့ပြန်မည်ဖြစ်သည်။ ကံကောင်းလျှင် ရိုးမပေါ်မှဆင်းလာသော ခရီးသည်တင် ကားပေါ်ပါကုန်များကို ပြန်လည်သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ခရီးသည်များကတော့ ထမင်းစားပြီးစဖြစ်၍ ကား ပေါ်တွင်အိပ်သူအိပ်၊ အညောင်းပြေလမ်းလျှောက်သူ လျှောက်နှင့် ရှိနေကြ၏။ ရှေ့လမ်းခရီးအတွက် ရည်မှန်းသတ်မှတ်ချိန် မရှိ။ သွားချင်သွား၊ ရပ်ချင်ရပ်၊ လုပ်ချင်ရာလုပ်။ အဓိက ကတော့ ရိုးလမ်းခရီးကို အန္တရာယ် ကင်းစွာဖြတ်ကျော်ပြီး မိမိမြို့ရွာ သို့ ရောက်ရန်ပဲဖြစ်သည်။
နံနက် ၃နာရီတွင် ရခိုင်ရိုးမကို စတင်တက်တော့သည်။ ခရီးသည်များ အေးဆေးသက်သာစွာ နေကြသော်လည်း ဒရိုင်ဘာမှာတော့ ယာဉ်နှင့်ကုန် တန် ၂၀ ကျော်ရှိသည့် ကားကြီးကို အကွေ့အကောက်နှင့် မတ်စောက်သည့် တောင်နှင့် ချောက်ကြား ကားတစ်စီးသွားရုံသာလမ်းပေါ်တွင် ကျွမ်းကျင်စွာ ထိန်းသိမ်းမောင်းနှင်ရင်း ကွမ်းတစ်ယာပြီး တစ်ယာဝါးနေ၏။ "ကားပိုင်ရှင်တွေအတွက်ကြောင့် ဒီလောက်ဝိတ်တွေ တင်လာရတာ။ ကားသမားတိုင်းကတော့ ကုန်နည်းလေကြိုက်လေပေါ့။ ဒါပေမယ့် ကုန်နည်းနည်းလေးနဲ့ ရိုးဖြတ်ရမယ်ဆိုရင် ဈေးတွေတက်ကုန်လိမ့်မယ်" ဟုပြောရင်း ဂီယာချိန်းလိုက်သည်။ ကားက ငယ်သံပါအောင် အော်ရင်းတောင်ပေါ်သို့ တစ်ရွေ့ရွေ့တက်နေ၏။ ကုန်ကားတစ်စီးအပိုသုံးရပြီး ကုန်ချိန်းနေရသော်လည်း တန်ဆာခပိုမယူသည့်အတွက် ဒေသတွင် ကုန်ဈေးနှုန်းများ တက်မလာခြင်းအပေါ် ဂိတ်နှင့် ကားပိုင်ရှင်တို့အား စိတ်တွင်းမှ ကျေးဇူးတင်မိတော့သည်။
အတက်အဆင်း အကွေ့အကောက်များနှင့် သုံးနာရီခန့် မောင်းနှင်အပြီးတွင်တော့ မိုင် ၅၀ ကျော်ရှည်လျားသည့် ရိုးမလမ်း၏ တစ်ဝက်ခန့်ဖြစ်သော ချင်းရွာသို့ရောက်ခဲ့၏။ ခဏနားကြ၏။ ကားလမ်းဘေးတွင် မူလတန်းကျောင်း တစ်ထပ် အုတ်တိုက်လေးကိုတွေ့ရသည်။ တောင်ခိုးများဝိုင်းနေသည့် တောင်တန်းအသွယ်သွယ်ကိုလည်းလွမ်းမောဖွယ်တွေ့နေရ၏။
၂
လမ်းနားဘေးမှာတော့ ဆိုင်းဘုတ်များက စီရရီ။ " သားငှက်တိရိစ္ဆာန်များကို မပစ်ခတ်ရ" "ဥတုရာသီတောကို မှီ၏ " စသည် ဖြင့်၊ မြန်မာ့စက္ကူဓါတုလုပ်ငန်း၏ "၀ါးထိန်းသိမ်းကာကွယ်တော" ဆိုသည့် ဆိုင်းဘုတ်များကိုမူ လမ်းတစ်လျှောက်တွေ့ခဲ့ရ၏။ ၀ါးသုဉ်းပြီးစဖြစ်၍ ၀ါးပင်တို့က ကျိုးတိုးကျဲတဲသာရှိသေးသည်။ ၀ါးသုဉ်းသည်ဆိုသည်မှာ ပုံမှန်အားဖြင့် အပွင့်မပွင့်၊ အသီးမသီးလေ့မရှိသော ၀ါးပင်များတွင်ဝါးသီးများသီးလာပြီး ၀ါးပင်များသေသွားခြင်းဖြစ်သည်။ နှစ်နှစ်ဆယ်ဝန်းကျင်မှ တစ်ကြိမ်လောက်သာဖြစ်လေ့ဖြစ်ထရှိသည်ဟု ရှေ့မီနောက်မီ လူကြီးများကပြောကြသည်။
ခေါင်းထဲသို့ဝင်လာသည့်အတွေးတစ်ခုကတော့ ရခိုင်ရိုးမတစ်လျှောက် ဟိုသည်တစ်စုစီနေထိုင်ကြသည့် ချင်းမျိုးနွယ်စုများ၏ စားဝတ်နေရေး။ သူတို့လုပ်ကိုင်ကြသည်က တောင်ယာ၊ ၀ါးခုတ်၊ အမဲလိုက်ခြင်း။ လူသူမနီးသည့် ဒေသတွင် ရွေ့လျားနေထိုင်ကြပြီး ရာသီအလိုက်အလုပ်ပြောင်းလဲကာ ဘ၀ကို တည်ဆောက်ကြသည်။ ၀ါးမခုတ်ရတော့လျှင် ထိုရာသီတွင် သူတို့ဘာလုပ်ကြမည်နည်း။ ၀ါးများကို ထိန်းသိမ်းရန်လိုသလို တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘ၀ကိုကာကွယ်ရန်လည်း လိုအပ်ပါလိမ့်မည်။ ရိုးတစ်နေရာတွင် " ရွေ့လျားစာသင်ကျောင်း" ဟု ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အဦးလေး တစ်ခုတွေ့ခဲ့ရသေး၏။
အတည်တကျမနေသည့်လူမျိုးများအတွက် လိုက်လံရွှေ့ပြောင်းသင်ပေးရသောစာသင်ကျောင်းဖြစ်သည်။ အနီးအနားတွင် အိမ်အနည်းငယ်မျှသာရှိသည့် နေရာတွင် ယခုလိုကျောင်းမျိုးရှိနေသည့် အတွက် ကျေးဇူးတင်စရာပင်။
ရိုးလမ်းခရီးကိုဆက်ကြရသည်။ ပွင့်လင်းရာသီအစမို့ တောင်ပြိုသည့် အန္တျရာယ်မရှိသော်လည်း မိုးတွင်း တစ်မိုးတွင်းလုံး ပျက်စီးနေခဲ့သည့် လမ်းတို့က အသည်းယားဖွယ်၊၊ ကားလမ်းနှင့် ကပ်လျှက် မြေပြိုထားသည်က မုန့်စိမ်းပေါင်းကို လှီးထား သည့်အတိုင်း။ အချို့နေရာများတွင်တော့ လက်မောင်းလုံးခန့်သစ်ချောင်းများဖြင့် မြေထိန်းပြုလုပ်ထားသည်ကိုတွေ့ရ၏။ အကွေ့များတွင် ကားနောက်ပိုင်းတစ်ခုလုံးချောက်ထဲ ၀ဲနေအောင် ပါဝါစတီယာရင် အားကိုး၍ ကွေ့ယူရ၏။ ရိုးလမ်းတစ် လျှောက်လုံး ဘုရားတရသည့် အကြိမ်ပေါင်းကတော့ အိမ်တွင်တစ်နှစ်လုံး ဘုရားတသည့်အကြိမ် အရေအတွက်နှင့်ညီမျှသည်။
ကားတစ်စီးသွားသာရုံလမ်းပေါ်တွင် ကားချင်း ဆုံကြလျှင် နောက်ဆုတ်သူဆုတ်၊ ရှေ့တိုးသူတို့ဖြင့် နားလည်မှုရှိစွာ နေရာရှောင်ပေးကြသည်ကိုတွေ့ရ၏။ ထိပ်တိုက်ရပ်နေ ကြလျှင် မည်သူမျှရွှေ့၍ရမည်မဟုတ်။ အရွေ့ရှိမှ အလုပ်ဖြစ်သော ရူပဗေဒသဘောတရားကို ဘ၀အသိဖြင့် ကျင့်သုံးနေကြ ခြင်းပင်ဖြစ်သည်။
နံနက် ၈ နာရီခန့်တွင် ဂွမြို့သို့ရောက်ပြီး လက်ဖက်ရည်သောက်ကြ၏။ ပြန်ထွက်သော် ဒရိုင်ဘာနောက်တစ်ဦး မောင်း၏။ လမ်းတစ်လျှောက်မြင်ကွင်းများက တောရွာတို့ ဓလေ့ထုံးစံအတိုင်း သစ်ပင်ကြီးငယ်နှင့် လယ်ကွင်းများသာ။ ဂွနှင့် သံတွဲ မိုင် ၈၀ ကျော်ဝေးခရီး၌ တံတားကြီးငယ်လတ်ပေါင်း ၁၅၀ခန့်ကို ကျော်ဖြတ်ရ၏။ အများစုကတော့ သစ်သားတံတား များဖြစ်ပြီး ကားသမားတို့အဆိုအရ မည်သို့မျှ စိတ်ချမရနိုင်သောတံတားများလည်းဖြစ်၏။ ကွန်ကရစ်တံတား သုံးလေးစင်းသာရှိသည်။ မိုးတွင်းဆိုလျှင် ခရီးသည်များ ကားပေါ်မှဆင်းလျှောက်ရသည်။ ယခုတော့လျှောက်စရာ မလိုပေ။ တံတားနှင့် ချဉ်းကပ်မြေသားလမ်းများမှာ တစ်ညီတည်းမဟုတ်ဘဲ အနိမ့်အမြင့်မညီသောကြောင့်
တံတားကို လှမ်းမြင်ရသည်နှင့် အရှိန်လျှော့၊ ဂီယာချိန်း၊ ဖြည်းဖြည်းတက်၊ တံတားမှ အသံကိုနားထောင်ရသည်မှာ လုပ်ရိုးလုပ်စဉ်များဖြစ်သည်။ တံတား တစ်ခုတွင်တော့ အပေါ်ဘီးနင်းတုံးများ ပြုတ်ထွက်နေသည်ကိုတွေ့ရ၏။ ဒရိုင်ဘာနှင့် စပယ်ယာတို့ ဆင်းသွားပြီး ပြင်ဆင်ကြ၏။ တူ၊ သံ အစရှိသည်တို့ ကားပေါ်တွင်ပါလာသည်ကို မြင်ရသည်မှာ တံတားအပျက်များနှင့် ကားသမားတို့ ရေစက်မည်မျှ ဆုံခဲ့ပြီကို မှန်းဆ၍ရနိုင်လေသည်။
ရခိုင်ဒေသ၏ အဝေးပြေးလမ်းမကြီးကတော့ ကတ္တရာတစ်ပိုင်းတစ်စနှင့် မြေလမ်းများသာ ဖြစ်ပြီး တစ်ရာရီလျှင် ၁၀မိုင်နှုန်းဖြင့် ဖုန်လုံးများကြားတွင်မောင်းနှင်ခဲ့သော အဝေးပြေးကားကြီးမှာ ညောင်တုန်း၊ ကျောင်းကုန်း၊ အသုတ်၊ ရေကြည် နှင့် ရခိုင်ရိုးမကိုဖြတ်သန်းခဲ့ပြီးနောက် ဂွမြို့မှတစ်ဆင့်ညနေ ၃း၃၀ အချိန်တွင် သံတွဲမြို့သို့ ချောမောစွာဖြင့် ဆိုက်ရောက်ခဲ့ပေပြီ။
ယာဉ်စီးခ ကျပ်တစ်သောင်းဖြင့် ၂၂၅ မိုင် ၀န်းကျင်ရှိသောခရီးကို ၁၅ နာရီကားစီးရသည်။ လမ်းတစ်လျှောက် ခရီးသည်တို့အား ဂရုတစိုက်ရှိခဲ့ကြသော ကားသမားတို့အား ကျေးဇူးတင်မိသလို ခရီးစဉ်တစ်ခုလုံး ဘုရားများစွာတခဲ့ရသည့်အတွက် သက်ဆိုင်ရာ၊ သက်ဆိုင်ရာတို့အား ကျေးဇူးတင်ချင်သေးတော့သည်။ ။
နိုဝင်ဘာ ၂၃၊ ၂၀၁၁ (YPI) သိုးဖြူ ရေးသားသည်။

ဘုရားတခြင်းများနှင့် ရခိုင် ရိုးလမ်းခရီး
Reviewed by သစ်ထူးလွင်
on
20:26
Rating:
No comments:
Post a Comment