ရန်ကုန်-ဒလ ဥမင်လိုဏ်ခေါင်း သို့မဟုတ်
တံတား တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီး နောက် ဒလမြို့ရှိ
အိမ်ခြံမြေဈေး ကွက် တစ်ဟုန်ထိုး မြင့်တက် သွားကြောင်း ဒလမြို့ခံတို့က
ပြောသည်။
”ဒီမှာ ကောင်းကင်တံတား ဆောက်မယ်လို့လည်း ကြားရော ရန်ကုန်ဘက်က အဝယ်တွေအရမ်း လာကြတယ်။ အိမ်ခြံမြေဈေးက တော်တော် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာ။ ဈေးက အဆမတန် တက်သွားတာ” ဟု ဒလမြို့မှ အကျိုးဆောင် တစ်ဦးက ပြောသည်။
လက်ရှိတွင် ဒလမြို့၊ကျန်စစ်သား ရပ်ကွက်အား အများဆုံး စိတ်ဝင်စားကြပြီး သွားလာမှု လွယ်ကူသည့် ပင်မလမ်းတစ်လျှောက်၌ ယခင် ကျပ်သိန်း ၇ဝ တန် ၂၅ထ၅ဝ ပေ မြေကွက်တစ်ကွက်လျှင်ကျပ် သိန်း ၃ဝဝ ခန့်အထိ ပေါက်ဈေး ရှိသွားကြောင်း သိရသည်။
”မိန်းလမ်းမဘေးက မြေဈေးတွေက အတော်များများ တက်သွားတယ်။ ကျွန်မတို့ ဒီအထဲပိုင်းက လည်းတစ်ဆကျော်လောက်တက် သွားတယ်။ ကျွန်မတို့မှာ လူမနေတဲ့ ခြံကွက်တစ်ကွက် ရှိတယ်။ အရင်က အဲဒီမြေကွက် သိန်း ၃ဝ ပဲတန်တာ။ အခုလာဝယ်တယ်။ သိန်း ၇ဝ ပေးမယ် ပြောတယ်”ဟု ကျန်စစ်သား ရပ်ကွက်နေ အသက် ၄ဝ ခန့် အမျိုးသမီး တစ်ဦးက ပြောသည်။
ကျန်စစ်သား ရပ်ကွက်တွင် မြို့ခံအိမ်ရာ အတည်တကျ နေထိုင်သူ များမှာ အနည်းစုဖြစ်ပြီး အများစု မှာရွှေ့ပြောင်း လာရောက်ကာတဲထိုး နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ဝ ရက်နေ့က ကိုရီးယား ကုမ္ပဏီတစ်ခု နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ တွေ့ဆုံပြီးနောက် ယင်းမြေအောက် ဥမင်လိုဏ်ခေါင်း သို့မဟုတ် တံတား တည်ဆောက်ရန် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် စည်ပင်သာယာရေး မှ ယင်းတည်ဆောက်မှု အတွက် အတည်ပြုချက် ထုတ်ပြန်မထားသေးဘဲ နည်းပညာ၊ ငွေကြေးစသည့် အခက်အခဲများအတွက် အချိန်ယူ စဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားထားသည်။
ဒလမြို့သည် ရန်ကုန်မြို့တွင်း နှင့် အနီးဆုံးမြို့နယ်ဖြစ်သော်လည်း ရေလမ်းခရီး ဖြင့်သာ သွားလာနေရသဖြင့် အိမ်ခြံမြေ ဈေးကွက်မှာ အခြား ရန်ကုန်မြို့တွင်းနှင့် ဝေးကွာသည့် မြို့နယ်များထက် အဆမတန် နည်းပါးလျက် ရှိသည်။

မိုးမြင့်မြတ်
ဥမင် လိုဏ်ခေါင်း တည်ဆောက်မည် ဆိုသော သတင်းကြောင့် ဒလ အိမ်ခြံမြေ စင်ပေါ်သို့ရောက်
Reviewed by သစ်ထူးလွင်
on
19:25
Rating:

No comments:
Post a Comment