ရပ်နားထားရာမှ ပြည်ပသဲတူးသင်္ဘောများ ကော့သောင်းမြို့ အတွင်း ပြန်လည်ပြီး သဲများစုပ်ယူ

စင်္ကာပူနိုင်ငံမှ သဲတူးသင်္ဘောကြီးများ
 ခွင့်ပြုနယ်နမိတ်ကိုကျော်လွန်ပြီးကော့သောင်းမြို့တွင်လွန်ခဲ့သော(၂)နှစ်ခန့်ကတည်းဝင်ရောက်စုပ်ယူနေ  သော စင်္ကာပူနိုင်ငံမှ သဲတူးသင်္ဘောကြီးများဖြစ်သည့် သဲတူးသင်္ဘောကုမ္ပဏီများဖြစ်သည့် ( starlight company / fulink company / darfamily company/ s marine company ) တို့သည် (၆.၉.၂၀၁၁) ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် ထံလိပ်မူပြီး ကော့သောင်းမြို့နယ် သဘာဝဘေးအန္တာရာယ် ကွန်ယက်မှ လက်မှတ်ထိုး တိုင်ကြားမှုကြောင့် (၂) လ ကြာ ကော့သောင်းမြို့အပြင်ဘက် ဇာဒက်ကြီး ကျွန်းအနီး သွားရောက်စုတ်ယူလျှက် ခဲ့ပါတယ်။

              (၂၆.၁၁.၂၀၁၁) နေ့တွင် တန်ချိန်တစ်သိန်းခန့်တင်ဆောင်နိုင်သော သဲတူးသင်္ဘောကြီးများသည် ကော့ သောင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး စုပ်ယူလျှက်ရှိလာတာကို တွေ့လာရပါတယ် ၄င်းတို့စုပ်ယူနေသော နေရာသည် နယ်နမိတ်ခြင်းထိစပ်နေသော ထိုင်းနိုင်ငံမှ ရနှောင်းမြို့မှ နှစ်မိုင်ခန့်သွားရသော ဟိုက်စတင်းခဲမိုင်းနှင့် ဘန်နွန်းခဲမိုင်းများမှ သန့်စင်ပြီး ဘေးထွက်ခဲများနှင့် ရွှေတို့ အများဆုးံရှိသည့် မြန်မာပိုင်နေရာဟု သီရိမြိုင်ရပ်ကွက်မှ ဒေသခံများက ပြောပါတယ်။

              စင်္ကာပူနိုင်ငံ တွင်မြေယာတိုးချဲ့ရန်အတွက် အိမ်နီးနားခြင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ကမ္ဘော ဒီးယား၊လာအို တို့မှ နောက်ဆက်တွဲသဘာဝဘေးအန္တာရာယ် ဆိုးကြိုးများကြောင့် ရောင်းချခြင်းမှ ရပ်ဆိုင်းခဲ့သော လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ကြားခံပြီး သဲတတန်လျှင် ဒေါ်လာ ၂၀ ဖြင့်ရောင်းချခဲ့ခြင်း၏ နောက်ဆက် တွဲဆိုးကျိုးများ ကြောင့် ကော့သောင်းမြို့ရှိ ရွာသာရွာ (ခရူကျွန်း)၊ သီရိမြိုရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်တို့မှ လက် တလောဆိုးကြိုးများခံစာနေရကာ နှောင်နစ်အနည်းငယ်တွင် ၄င်းသဲစုပ်ရာမှ နောက်ဆက်တွဲဆိုးကြိုးဖြင့် ကော့သောင်းမြို့မှာ တဖြည်းဖြည်း သောင်ကမ်းပါးနှင့် မြေပြို မူများစသည့် သဘာဝဘေးအန္တာရယ် များကျရောက် လာ နိုင်ကြောင်း ပညာရှင်များက သတိပေးကြပါတယ်။

              ထိုကဲ့သို့ နယ်နမိတ်ကျော်ကာ ၀င်ရောက်ခိုး၍ စုပ်ယူနေသော သဲသင်္ဘောကြီးများကြောင့် ငါးပုဇွန်း၊ဂဏန်း တို့၏စားကျက်များပျက်စီး၍ ငါးပုဇွန်တို့ရှားပါးမှုများဖြစ်ပေါ်လာသောကြောင့် အနီးဝန်းကျင် ရှိ ငါးပုဇွန်၊ဂဏန်း ဖမ်းယူ၍ အသက်မွေးဝမ်းကြောင်းပြုနေသူ တံငါသည်များမှ မကျေနပ်၍ ဆန္ဒပြရန် စီစဉ်နေကြောင်း သိရှိရပါတယ်။

၂၈ နိုဝင်ဘာ ၂၀၁၁ ကော့သောင်း

Myanmar News Now
     
 ဆိုပါ သဲတူးမှုနဲ့ ပါတ်သတ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကွန်ယက် မှ တိုင်းကြားစာကိုလည်း ပြန်လည်းအောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


သို့                                                                                                ရက်စွဲ။   ။ ၆.၉.၂၀၁၁
       
       ဦးသိန်းစိန်
       နိုင်ငံတော်သမ္မတ
       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


­
အကြောင်းအရာ။     ။ ပြည်ပသဲသင်္ဘောကြီးများ  သဲစုတ်ရာမှ  ကော့သောင်းမြို့   ကမ်းခြေရပ်ကွက်/ကျေးရွာများ၏
                             နောက်ဆက်တွဲဆိုး  ကျိုးများအား ထိရောက်စွာ စုံစမ်းအရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြ­ခြင်း။         


-       မြန်မာပြည်၏ တောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပါချန်မြစ်ကြီး
စီးဝင်ရာ တနင်္သာရီကမ်းရိုးတန်းသည် ကော့သောင်းမြို့နှင့် ယှဉ်တွဲတည်ရှိပြီး ကမ်းရိုးတန်းတလျှောက်တွင် ဂဏန်း၊ ပုဇွန်၊ သားငါးမျိုးစုံ၊ မုတ်ကောင်၊ သတ္တုနှင့် ပင်လယ်ရေအောက် သတ္တ၀ါမျိုးစုံ ကျက်စားရာ ရေအောက် သန္တာကျောက်တန်းများ၊ လှပသော ကမ်းခြေများဖြင့် စုစည်းထားသော နေရာဒေသဖြစ်ပါသည်။
                                                                          
                         ယခုအခါ ကော့သောင်းမြို့သည်       ၎င်းဧရာမသဲတူးသင်္ဘောများကြောင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပါပြီ။ သဲတူးသင်္ဘောကုမ္ပဏီများဖြစ်သည့် ( starlight company / fulink company / darfamily company/ s marine company )တို့သည် တနင်္သာရီကမ်းရိုးတန်းတလျှောက် တူးဖေါ်ရာမှ ယခုအခါ ကော့သောင်း မြို့အတွင်းတွင် အလွန်ကြီးမားသော တန်ချိန်(၁)သိန်းကျော်ခန့် တင်ဆောင်နိုင်သော ဧရာမ သဲတင်သင်္ဘော၊ သဲစုပ်သင်္ဘောကြီးများဖြင့် တစ်နေ့လျှင် တန်ချိန်ပေါင်းများစွာ စုပ်ယူမှုများကြောင့် ကမ်းပါးနှင့် သဲခုံများ လျှော့ကျပျောက်ကွယ်မှုများဖြင့် ရင်ဆိုင်နေရမည့် အန္တရာယ် နှင့်ကြုံတွေ့လျှက်ရှိပါသည်။

                         ကော့သောင်းမြို့မှ (၁၀) မီနစ်ခန့် စက်တပ်လှေငယ်ဖြင့် မောင်းနှင်းရောက်ရှိနိုင်သော သဲစုတ်/ သဲတင်သင်္ဘောများသည် (၂၀၀၉)ခုနစ်မှစတင်၍ ကော့သောင်းမြို့တွင်းသို့တန်ချိန်(၁)သိန်းနီးပါးခန့်တင်ဆောင် နိုင်သော သဲတင်သင်္ဘောကြီး (၅)စီး ဆွဲသင်္ဘော၊ သဲစုတ်သင်္ဘော (၈)စီးဖြင့် ဆက်တိုက်စုတ်ယူမှုများကြောင့် ရေအောက်ချိုမ့်ဝှမ်းများဖြစ်ပေါ်ပြီး ၎င်းချိုမ့်ဝှမ်း အတွင်းသို့ အစားထိုး နုန်းများနှင့် သဲများစီးဆင်းလာရာမှ အဆုံးရွားဆုံး ကမ်းပါးပြိုမှုနှင့် သဲသောင်များ ပျက်စီး ပျောက်ကွယ်လုနီးပါး ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိပါသည်။

                        ထို့အတူ နောက်ဆက်တွဲ ဆိုးကျိုးများကို အဆိုးရွားဆုံးတိုက်ရိုက်ခံစားနေရသည့်ရပ်ကွက် နှင့်ကျေးရွာများမှာ ရွှေပြည်စိုးကျေးရွာအုပ်စု ( ခုနှစ်မိုင်ချောင်းဝ ) ၊ သီရိမြိုင်ရပ်ကွက် ၊ ဘုရင့်နောင်ရပ်ကွက်၊ ပုလုံးတုံးတုံးကျေးရွာ၊ ဆလုံကျွန်း နှင့်  ရွာသာရွာ ( ဒေသအခေါ်- ခရူကျွန်း) တို့ဖြစ်ပါသည်။

                        အထက်ပါရပ်ကွက်နှင့် ကျေးရွာများမှ အဆိုးရွားဆုံး ကျေးရွာနှင့် ရပ်ကွက် နှစ်ခုဖြစ်သည့် သီရိမြိုင် ရပ်ကွက် နှင့် ရွာသာရွာ တို့၏ အခြေနေကို တင်ပြရလျှင်။


သီရိမြိုင်ရပ်ကွက်
                       သီရိမြိုင်ရပ်ကွက်သည် အလွန်လှပပြီး သဘာဝကဖန်တီးပေးထားသော မီတာ(၂၀၀)ခန့် ရှည်လျားသော ကန်းရိုးတန်းကမ်းခြေ၏ ကမ်းနဖူးပေါ်တွင်ရှိသော မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး အဓိကအသက်မွေး ၀မ်းကြောင်းဖြစ်သည့် ဂဏန်း၊ ပုဇွန် နှင့်ဂွေးထိုး ( ငါးပိလုပ်သည့် ပုဇွန်ငယ်များ) တစ်နိုင်တစ်ပိုင်ဖမ်းကာ ရိုးသားစွာ အသက်မွေးဝမ်းကျောင်းဖြင့်ရပ်တည်နေထိုင်လာကြသော ရပ်ကွက်လည်းဖြစ်ပါသည်။ ရပ်ကွက်မှ လူငယ်/လူလတ် များသည် ညီညာပြေပြစ်သော သဲခုံပေါ်တွင် ပျော်ရွင်စွာ ဘောလုံးကစားနိုင်ခဲ့သော ရပ်ကွက်လည်းဖြစ်ပြီး ယခင်က ဆူနာမီကဲ့သို့သော အနရာယ်များနှင့်  ပြောင်းလဲလာသော ရာသီဥတုဒဏ်ကိုလည်း သဘာဝပေးအခြေနေများဖြင့် ကြံ့ခိုင်နိုင်ခဲ့သော ရပ်ကွက်လည်းဖြစ်သည်။ မူလကပြေပြစ်ပြီး လှပသောကမ်းခြေသည် ၎င်းဧရာမ သဲစုပ် သင်္ဘောများ ၀င်ရောက်စုပ်ယူပြီးနောက် တစ်နှစ်အတွင်းတွင်ပင် အမြင့်ပေ (၁၀) ပေနီးပါးခန့် နိမ့်ကျသွားပြီး စောက်ထိုးနီးပါး ဖြစ်သွားသောကမ်းခြေ၏ အခြေနေကြောင့် သဲသောင်ပြင် ဘောလုံးကွင်းကြီးလည်း ပျောက်ကွယ် သွားခဲ့ပါသည်။ ယခင်က ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခိုင်ခံနိုင်ခဲ့သော်လည်း ပြောင်းလဲသွားသော ကမ်းခြေသဲခုံအနေထားများကြောင့် ရာသီဥတုပြောင်းလဲရာမှ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးဆိုးကြီးများ၏ အန္တရာယ်နှင့် ရင်ဆိုင်ရလာနိုင်သည့်ဘေးကို ရပ်ကွက်သူ/ရပ်ကွက်သားများ အနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျှက်ရှိပါသည်။

ရွာသာရွာ ( ဒေသအခေါ်- ခရူကျွန်း )

                        ရွာသာရွာသည် ကော့သောင်းမြို့မှ စက်တက်လှေဖြင့် မီနစ်(၂၀)ခန့် သွားရပြီး သဲသောင်များဖြင့် ပတ်ပတ်လည်ဝိုင်းရံနေသော အိမ်ခြေ(၁၂၀)ခန့်ရှိပြီး လူဦးရေ(၄၀၀)ကျော်ခန့် နေထိုင်၍ အလွန်လှပသောကျွန်းစု ကမ်းခြေရွာဖြစ်ပြီး သဲသောင်ပြင်များတွင် ဆောက်လုပ်ထားသော အိမ်များနှင့် ရွာသူရွာသားများသည် ငါး၊ ပုဇွန်၊ ဂဏန်းတို့ကို ဖမ်းသည့်လုပ်ငန်းဖြင့် အသက်မွေးကြပြီး ကျောင်းသူ/ကျောင်းသား (၂၀၀) ကျော်တက်ရောက် သင်ကြားနေသည့် တွဲဖက်မူလွန်ကျောင်းနှင့် ရွာမှမလှမ်းမကမ်းတွင် ရေကျချိန်တွင် ကြီးမားကျယ်ပြန့်ပြီးညီညာ နေသော သဲခုံကြီးတွင် အနီးနားရှိရွာများမှ လူငယ်/လူလတ်များ ဘောလုံးကစားရာ ဘောလုံးကွင်းလည်းရှိသော ရွာဖြစ်ပါတယ်။
                        ရွာသာရွာသည် သဲစုပ်သင်္ဘောကြီးများ၏ လုပ်ကွက်နှင့် အလွန်နီးကပ်စွာရှိပြီး ၎င်းမှ  နောက်ဆက်တွဲဆိုးကျိုးများကို (ဧပြီလ-၂၀၁၁) နောက်ပိုင်းမှစ၍သဲခုံများ (၄)ပေခန့်နိမ့်ဆင်း ပြိုကျပျက်စီးသွားပြီး  ၎င်းသဲခုံများပေါ်တွင် ဆောက်လုပ်ထားသော အနည်းဆုံးအိမ်ခြေ(၅)လုံးခန့် ယိမ်းယိုင်ပျက်စီးမည့်အခြေအနေသို့ ရောက်ရှိနေပြီး အင်္ဂတေဖြင့် ခိုင်မာစွာဆောက်လုပ်ထားသည့် နတ်စင်သည်လည်းပြိုကျပျက်စီးလျှက်ရှိပါသည်။ သဲခုံဘော်လုံးကွင်းသည်လည်း တူးမြောင်းကြီးသဖွယ် ဖြစ်သွားကာ ပျောက်ကွယ်ပျက်စီးသွားသည်ကို တွေ့မြင်ရပါ   သည်။

                       အချင်း(၂) ပေခန့်ရှိသော သဲစုပ်ပိုက်ဖြင့် အားကောင်းစွာစုပ်ယူမှုကြောင့် ပင်လယ်ရေသတ္တ၀ါများ နားခိုကျက်စားရာ သန္တာကျောက်တန်းများနှင့် တခြားကျက်စားရာ စားကျက်များပျက်စီးပျောက်ကွယ်သွား သောကြောင့် ငါး၊ ပုဇွန်၊ ဂဏန်းနှင့် အခြားရေသတ္တ၀ါများ ရှားပါးပျောက်ကွယ်သွားမှုကြောင့် တစ်နိုင်တစ်ပိုင် ရေလုပ်ငန်းများဖြင့် ရပ်တည်နေသော ရွာသားများအပြင် အခြားကမ်းခြေရပ်ကွက်များနှင့် ကျေးရွာများလည်း အသက်မွေးရပ်တည်မှုများ တစ်နေ့တစ်ခြား ခက်ခဲမှုများနှင့် ရင်ဆိုင်လာရလျှက်ရှိပါသည်။

                       ထိုကြောင့် ကမ်းရိုးတန်းတစ်လျှောက်၏ ဂေဟစနစ်များကို ပြောင်းလဲလာပါက ကမ်းရိုးတန်းတစ်  လျှောက်တွင် မှီခိုနေကြသော ကမ်းခြေနေ ကျေးရွာ/ရပ်ကွက်များ၊ သဲခုံများပျက်စီးခြင်း သောင်ပြိုခြင်း၊ ငါးစားကျက်  များပျက်စီးခြင်း စသည့်ဆိုးကျိုးများကြောင့် ရေလုပ်ငန်း အပေါ်ရပ်တည်နေရသော ကမ်းခြေနေ ပြည်သူများ အနေဖြင့်  နေ့စဉ်ဘ၀ ရပ်တည်ရေးကို ဆိုးရွားစွာထိခိုက်လာနိုင်သည့်အပြင် ပြောင်းလဲလာသော ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်များအတွက် အကာကွယ်မဲ့စွာ ရင်ဆိုင်ရမည့် အခြေနေသို့ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက သက်ဆိုင်ရာ ကုမ္ပဏီတို့၏ တာဝန်သာဖြစ်ကြောင်းနှင့် အာဏာပိုင် များ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိန်းသိမ်းသူများအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများကို ပိုမိုထိရောက်စွာ ထိန်းသိမ်းလိုက်နာပြီး ထိရောက်မှန်ကန်စွာ လုပ်ကိုင်နိုင်ရန်နှင့် အရေးယူဆောင်ရွက်ပေးပါရန် လေးနက်စွာ တင်ပြအပ်ပါသည်။







ဦးမြင့်သိန်း                  ဦးစိုးသိန်း                 ဦးအောင်ရွှေ                  ဦးမြင့်မောင်                 ဒေါ်ခင်အေးမူ
တာဝန်ခံ

­
                                                                         သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကွန်ယက်
                                                                                 ကော့သောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး။





မိတ္တူကို

         (၁)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ (ဗဟို)
         (၂)   ၀န်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့။
         (၃)   ၀န်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့။
         (၄)   စစ်ဗျူဟာမှူး၊ အခြေချစစ်ဗျူဟာအဖွဲ့၊ ကော့သောင်းမြို့။
         (၅)   ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့။
         (၆)   မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့သောင်းမြို့။
         (၇)   တပ်ဖွဲ့မှူး- စစ်ဖက် ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊ ကော့သောင်းမြို့။
         (၈)   တပ်ဖွဲ့မှူး- မြို့နယ်သတင်းတပ်ဖွဲ့၊ ကော့သောင်းမြို့။
         (၉)   ဦးစီးမှူး-  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကော့သောင်းမြို့။
         (၁၀) မြို့နယ်မှူး- မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကော့သောင်းမြို့။
         (၁၁) စည်းရုးံရေးမှူး-  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊  ကော့သောင်းမြို့။
         (၁၂) ဦးစီးမှူး- ငါးလုပ်ငန်း ဦးစီးဌာန၊ ကော့သောင်းမြို့။


                                                     
              
ရပ်နားထားရာမှ ပြည်ပသဲတူးသင်္ဘောများ ကော့သောင်းမြို့ အတွင်း ပြန်လည်ပြီး သဲများစုပ်ယူ ရပ်နားထားရာမှ ပြည်ပသဲတူးသင်္ဘောများ  ကော့သောင်းမြို့   အတွင်း ပြန်လည်ပြီး သဲများစုပ်ယူ Reviewed by သစ်ထူးလွင် on 09:24 Rating: 5

No comments:

Powered by Blogger.