ပခုက္ကူရေဘေး လှူဒါန်းပစ္စည်းများ ရောင်းချ ငွေရှာရန် ကြိုးပမ်း

လူရာချီ သေဆုံး ပျောက်ဆုံးနေသော ပခုက္ကူရေဘေးသို့ လာရောက် လှူဒါန်းသော အဝတ်အထည်၊ ဓါတ်ဆားနှင့် ဆန်မျိုးစုံ ပါဝင်သော ပြွန်းဆန်များကို ဒေသခံများက ပခုက္ကူမြို့   မြို့ မဈေးနှင့် ကမ္မဈေးရှိ အရောင်းဆိုင်အချို့ ကို လာရောက် ရောင်းချရန် ကြိုးပမ်းနေကြောင်း ယင်းအရောင်းဆိုင် အချို့ ထံမှ သိရသည်။လာရောက် လှူဒါန်းထားသော ဓါတ်ဆားနှင့် အဝတ်အထည်များသည် ရေဘေးသင့်သူများ အနေနှင့် မလိုအပ်ဘဲ ပြိုကျ ပျက်စီးသွားသော ၄င်းတို့နေအိမ်များ ပြင်ဆင်ရန် ငွေကြေး လိုအပ်သဖြင့် ထိုသို့ လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း ကမ္မရွာဈေးမှ အရောင်းဆိုင် လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဒေါ်ချိုတူးက ပြောကြားသည်။" အိမ်ပြင်ဖို့ မျှောတိုင် တစ်လုံးစာဖိုးပဲ ရရ၊ ထရံ တစ်ချပ်စာဖိုးပဲ ရရ ဆိုပြီး ပြောပြီး လာရောင်းကြတာ " ဟု ၄င်းက ဆက်လက် ပြောဆိုသည်။ရေကြီးစဉ်က မျှောပါခဲ့ခြင်း မရှိသော ဆိတ်၊ ကြက် စသည်တို့ကို ရောင်းချသော်လည်း ဈေးကောင်းမရဘဲ အနှိမ်ခံရသဖြင့် အိမ်ပြင်ဆင်ရေး ငွေကြေးရရှိရန် ဆန်မျိုးစုံ ပါဝင်သော ပြွန်းဆန် အများအပြား ရောင်းချရန် ရေဘေးသင့် ကျေးရွာ ငါးရွာခန့်က ဈေးနှုန်းမေးမြန်း ကြကြောင်း ပခုက္ကူမြို့ မှ ဆန်ကုန်သည်တစ်ဦးက The Voice Weekly သို့ ပြောဆိုသည်။" ခင်ဗျားတို့ အဲဒီဆန်တွေ ရောင်းလိုက်ရင် နောင်ကျ ဘာနဲ့ သွားစားမလဲ ဆိုတော့ ဆန်အကောင်းတွေ ရောင်းပြီး ဆန်အညံ့တွေ ဝယ်စားမှာပေါ့ဗျာတဲ့ " ဟု ယင်းက ထပ်မံ ပြောကြားသည်။လာရောက်သော အလှူရှင်များ အနေနှင့် ပခုက္ကူမြို့ နယ်၏ ရာသီဥတု အခြေအနေနှင့် သဘာဝ အနေအထားကို သေချာစွာ မသိရှိ၍ ရေဘေးသင့်သည်ဆိုတိုင်း ဧရာဝတီဒေသ နာဂစ်လေဘေးဒဏ် ခံခဲ့ရသကဲ့သို့ ထင်မှတ်ကာ ဆေးဝါး၊ ဆန်နှင့် အဝတ်အထည်များကိုသာ အဓိက လာရောက် လှူဒါန်းကြကြောင်း ဒေသခံများထံမှ သိရသည်။ရေလွှမ်းခံရသော ဒေသနှင့် သဲချောင်းများသည် မြစ်ဝကျွန်းပေါ် ဒေသကဲ့သို့ ကြာရှည်စွာ ရေဝပ်ခြင်း မရှိသဖြင့် ဝမ်းရောဂါ ကဲ့သို့သော ရောဂါများ ဖြစ်ပွားခြင်း မရှိသောကြောင့် ဆေးဝါးများ မလိုအပ်ကြောင်း၊ ရာသီဥတု ပူပြင်းသော မိုးနည်းရေရှား ဒေသဖြစ်သဖြင့် ထူထဲ နွေးထွေးသော အဝတ်အစားမျိုးလည်း မလိုအပ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ရေမြုပ် မျှောပါသွားသော နေအိမ်များကိုသာ အစိုးရက ထောက်ပံ့ကြေးငွေ ငါးသောင်းကျပ်နှင့် နေအိမ် ပြန်လည် တည်ဆောက်ပေးရန် စီစဉ်ထားသဖြင့် အခြားပျက်စီးသော နေအိမ်များသည် မိမိအစီအစဉ်ဖြင့် ပြန်လည် ဆောက်လုပ်ရမည် ဖြစ်သောကြောင့် အဓိက လိုအပ်သော ပစ္စစည်းများမှာ အိမ်ဆောက်ပစ္စည်းများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

သတင်း---The Voice Weekly
ပခုက္ကူရေဘေး လှူဒါန်းပစ္စည်းများ ရောင်းချ ငွေရှာရန် ကြိုးပမ်း ပခုက္ကူရေဘေး လှူဒါန်းပစ္စည်းများ ရောင်းချ ငွေရှာရန် ကြိုးပမ်း Reviewed by သစ်ထူးလွင် on 08:39 Rating: 5

No comments:

Powered by Blogger.