လူထုခေါင်းဆောင် ဒေါ်စု နဲ့ ဗီဂျေးနမ်ဘီယာ တို့ သတင်းစာရှင်းလင်းပွဲ မှ ဖြေကြားချက်များ

ဓါတ်ပုံ(Burma VJ Media Network Video's)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာလ ၃ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀အချိန်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံမှုမှာ အချိန်တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ကြခြင်းမရှိပေ။ မြန်မာနိုင်ငံ၌ တိုးတက်မှုများကို မြင်တွေ့ရပြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့မှုအချက်အလက်များကို ယခုရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့မှ ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း၊ သူ့အနေဖြင့် အသေးစိတ်မပြောဆိုလိုသေးကြောင်း နမ်ဘီယာက ပြောကြားခဲ့ပါသည်။ "မြန်မာ့နိုင်ငံရေးတင် မဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံရေးမှာပါ ကုလသမဂ္ဂက ပိုပြီးတော့တက်တက်ကြွကြွပါတာ မြင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့လို့ နိုင်ငံလေးတွေအတွက်ဆိုရင် ကုလသမဂ္ဂက အင်အားရှိရှိနဲ့ ဝင်ပါနိုင်ရင် အကျိုးရှိတယ်လေ။ အဲတာမျိုးတော့ လိုလားပါတယ်။ အခုကတော့ (မြန်မာနိုင်ငံအပေါ်) တက်တက်ကြွကြွနဲ့ ပါဝင်ချင်တဲ့ စိတ်ဆန္ဒရှိတယ်လို့ မြင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ နမ်ဘီယာသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ အောက်တိုဘာလ ၃၁ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော နမ်ဘီယာမှာ နေပြည်တော်သို့သွားရောက်ကာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ထိုသို့မထွက်ခွာမီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် မည်ဟု သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ လေးနာရီအချိန်က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်နှင့် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့ပြီးနောက် နမ်ဘီယာနှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ဒေါက်တာ မဟာသီယာမိုဟာမက်သည် နိုဝင်ဘာလ ၂ရက်နေ့က မြန်မာနိုင်ငံသို့ စီးပွားရေးဆိုင်ရာ ဟောပြောမှုပြုလုပ်ရန် ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ ဒေါက်တာမဟာသီယာမိုဟာမက်နှင့် တွေ့ဆုံခြင်းသည် ပုဂ္ဂိုလ်ရေးအရ သီးခြားတွေ့ဆုံခြင်းဖြစ်ပြီး အခြားသောကိစ္စရပ်များ မပါဝင်ကြောင်းနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ သတင်းစကား သယ်ဆောင်လာခြင်း မရှိကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့်လည်း ကြားလူခံ၍ သတင်းစကားပေးပို့မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

သတင်း---Eleven Media Group
လူထုခေါင်းဆောင် ဒေါ်စု နဲ့ ဗီဂျေးနမ်ဘီယာ တို့ သတင်းစာရှင်းလင်းပွဲ မှ ဖြေကြားချက်များ လူထုခေါင်းဆောင် ဒေါ်စု နဲ့ ဗီဂျေးနမ်ဘီယာ တို့  သတင်းစာရှင်းလင်းပွဲ မှ ဖြေကြားချက်များ Reviewed by သစ်ထူးလွင် on 21:22 Rating: 5

No comments:

Powered by Blogger.