ကျောင်းကားများတွင် အုပ်ချုပ်မှုအဖွဲ့ထားရှိရန်လိုအပ်

ကျောင်းကား
ကျောင်းသူကျောင်းသားများ၏ လုံခြုံရေးအတွက် အခြေခံပညာကျောင်းများရှိ ကျောင်းကားများတွင် အုပ်ချုပ်မှုအဖွဲ့ထားရှိရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)မှ ဥက္ကဌဦးလှအောင်က ပြောသည်။

ကျောင်းကားများတွင် အုပ်ချုပ်မှုအဖွဲ့မရှိသဖြင့် ယာဉ်များတွင် 'ခ' လိုင်စင်ကိုင်ဆောင်ထားသူများ မောင်းနှင်ခြင်းကြောင့် ကျောင်းသားကျောင်းသူငယ်များ အတွက်လုံခြုံမှုမရှိနိုင်ကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်အတွက် ထိုသို့ဖွဲ့စည်းသင့်ကြောင်း သိရသည်။

"ဃလိုင်စင်ရှိမှပဲ ကလေးတွေ အတွက်ပိုပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာက ကြိုပို့ကားတွေကို မလုပ်ရဘူးလို့ပြောတာ မဟုတ်ပါဘူး။ သူတို့စီးပွားရေးကိုလဲ ပိတ်ရာကျမယ်။ ဒီလိုဖြစ်ရင် တရားစွဲတင်တာက ယာဉ်ထိန်းရဲက လုပ်တာပါ။ ကျွန်တော်တို့က ထိန်းကွပ်ပြီး အုပ်ချုပ်ရုံပဲလုပ်မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို) ဥက္ကဌဦးလှအောင်က ပြောသည်။

ထိုသို့ ကျောင်းကားယာဉ်မောင်းများတွင် 'ခ' လိုင်စင်ဖြင့် မောင်းနှင်နေခြင်းမှာ အကျုံးမဝင်ကြောင်း၊ ကျောင်းကားများသည် ခရီးသည်တင်ယာဉ်ဖြစ်သောကြောင့် 'ဃ' လိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိကြောင်း သိရသည်။

"အခြေခံပညာ အထက်တန်းကျောင်းတွေမှာ အုပ်ချုပ်မယ့်အဖွဲ့မရှိဘူး။ ဒါကို ကျွန်တော်တို့ ပို့ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရုံးအဖွဲ့၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဆိုပြီး ပေါင်းစပ်ညှိနှိုင်းအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က အုပ်ချုပ်မှု တာဝန်ပေးအပ်ရင် ကျွန်တော်တို့ မထသ (ဗဟို)က လက်ခံဆောင်ရွက်သွားမှာပါ" ဟု ယင်းက ထပ်မံရှင်းပြသည်။

"ခရီးသည်ပို့ဆောင်ရေးက 'ခ' လိုင်စင်ရှိတယ်။ ဒါပေမဲ့ ကြိုပို့ဆိုရင် 'ခ' လိုင်စင်မရှိတော့ဘူး။ စည်းကမ်းနဲ့စနစ်တကျဖြစ်သွားအောင် လုပ်ချင်တာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို) မှ ဒုတိယဥက္ကဌဦးလှသောင်းမြင့်က ပြောသည်။

"စည်းကမ်းနဲ့ စနစ်တကျဖွဲ့စည်းရင်တော့ ကောင်းပါတယ်။ ယာဉ်မောင်းပဲဖြစ်ဖြစ်၊ စပယ်ယာပဲဖြစ်ဖြစ် သေချာစိစစ်ပြီးလုပ်ရင်တော့ ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့လဲ ယာဉ်မောင်းကိုပြီးစလွယ် မခန့်ထားဘူး။ အတွေ့အကြုံရှိတဲ့သူတွေကို ခန့်ထားတယ်။ ကျွန်တော့ဇနီးကိုယ်တိုင်လိုက်ပြီးတော့ ကလေးတွေ ကျောင်းကြိုတာ ကွပ်ကဲပါတယ်။ ဒီလို လမ်းမှန်ကမ်းမှန်နဲ့ ဖွဲ့စည်းရင်တော့ ကြိုဆိုပါတယ်" ဟု အ.လ.က (၁) ဒဂုံ ကျောင်းကားကြိုပို့ပြေးဆွဲနေသူ ဦးဇော်ထွန်းက ပြောသည်။

အလားတူ စက်ရုံ၊ တက္ကသိုလ်ကြိုပို့ယာဉ်များအတွက် 'ဃ' ကြိုပို့ယာဉ်ဟူ၍လည်း ဥက္ကဌတစ်ဦး၊ အဖွဲ့ဝင်သုံးဦး၊ သက်ဆိုင်ရာ ယာဉ်လိုင်းများမှ လက်ထောက်ဌာနခွဲမှူးတစ်ဦးစီးအား အတွင်းရေးမှူး အဖြစ်ဖွဲ့စည်းပြီးခဲ့ကြောင်း သိရသည်။

ပန်းသတင်းဂျာနယ်

Myanmar News Now
ကျောင်းကားများတွင် အုပ်ချုပ်မှုအဖွဲ့ထားရှိရန်လိုအပ် ကျောင်းကားများတွင် အုပ်ချုပ်မှုအဖွဲ့ထားရှိရန်လိုအပ် Reviewed by သစ်ထူးလွင် on 20:05 Rating: 5

No comments:

Powered by Blogger.