စင်ကာပူနိုင်ငံရှိ Mount Elizebath ဆေးရုံရှိ ခွဲစိတ်ခန်း တစ်ခု မြင်ကွင်း |
မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုပုံစံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှချမှတ်ထားသော လမ်းစဉ်ကို လက်ခံကျင့်သုံးခြင်း ဖြစ်သော်လည်း အားနည်းချက်များ ရှိနေကြောင်း၊ အဓိကအချက်မှာ အစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်ခွဲဝေမှုအတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကောင်အထည် ဖော်ရသည့်အတွက် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အသုံးစရိတ်ပိုရရှိရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက ဆိုပါသည်။ အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ၏ အရင်းအနှီးထည့်ဝင်မှု၊ ခေတ်မီစက်ပစ္စည်း ကိရိယာများ၊ ခေတ်မီသိပ္ပံနှင့် နည်းပညာများ ရယူအသုံးပြုမှုများ နည်းပါးနေ သည်ဟု သုံးသပ်မှုများရှိနေပြီး လူသားအရင်းအမြစ် ဖြစ်သော ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ပညာရှင်များကိုလည်း ကိုယ်တိုင်ပျိုးထောင်ပေးခြင်းထက် အစိုးရ၀န်ထမ်းများ ကိုသာ အားပြုနေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရပါသည်။
နိုင်ငံခြားတိုင်းပြည်များနှင့် ပူးပေါင်း၍ ပုဂ္ဂလိကဆေးရုံများ ထူထောင်နိုင်ပါက မြန်မာ့ဆေးပညာလောက အတွက် အကျိုးဖြစ်ထွန်းမှုများစွာ ရှိနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ‘စီးပွား ရေးလုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ ၀တ္တရားများအကြောင်း ဟောပြောပွဲ (Coperate Social Responsibility) တွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က Private-Private Partership for social services ခေါင်းစဉ်ဖြင့် ဟောပြောစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကျဆင်း မှုကို ကြည့်ရင် အဓိကနှစ်ချက်ကြောင့်လို့ ထင်တယ်။ နံပါတ်တစ်က ရှေ့ကို မကြည့်တာ။ ရှေ့ကို မကြည့်တော့ သိပ္ပံနဲ့ နည်းပညာတိုးတက်အောင် မပြုစုမပျိုးထောင်ဘူး။ နောက်တစ်ချက်ကတော့ ဆရာဝန်တချို့ရဲ့ တလွဲမာနထားကြတာ။ အရည်အချင်း တိုးတက်အောင် မမြှင့်တင်ချင်ဘူး။ ရှိပြီးသားနဲ့ နေကြတယ်။ ဒီကြားထဲ ကိုယ့်ကိုယ်ကိုယ် မာန်မာနထား ကြတယ် . . . |
လက်ရှိ မြန်မာနိုင်ငံ ဆေးပညာလောကတွင် မျိုးဆက်တစ်ခုနှင့်တစ်ခု ကွာဟမှုများ ပိုမိုလာခြင်းနှင့် ပတ်သက်၍လည်း ပါမောက္ခဒေါက်တာ ကျော်မြင့်နိုင်က”အခု ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခု ရှိပါတယ်။ Brain Drain ။ Brain Drainက အတော် ကြီးမားတဲ့ ပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့ဆီမှာ အခုဆိုလို့ရှိရင် Senior Level နဲ့ နောက် Level တစ်ခုမှာ Gap က တော်တော်လေးကို ရှိနေပါပြီ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဥပမာဆိုလို့ရှိရင် ဒီ Private တွေ လုပ်တဲ့အတွက် ကျေးဇူးလည်း တင်ကြပါတယ်။ နိုင်ငံခြားသွားလုပ်မယ့် အစား ဒီမှာလုပ်လာကြတယ်။ အခုဆိုရင် Retire တော်တော်များများဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လုပ်စား ကိုင်စားမဖြစ်နိုင်လို့ Retire Professor တော်တော်များများဟာ နိုင်ငံခြားမှာ သွားလုပ်နေကြပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အမျှ ငှက်ဖျား ရောဂါ၊ တီဘီရောဂါ၊ ၀မ်းရောဂါ စသည့်ရောဂါများမှ အစ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရော ဂါ၊ ကင်ဆာရောဂါ အမျိုးမျိုးကဲ့သို့ ရောဂါများထိ ဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့ ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်နှင့် လူနာရှင် မိသားစု စိုးရိမ်ပူပန်မှု လျော့နည်းစေရန် ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်း မြင့်မားရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများကို အစိုးရ ဆေးရုံဆေးခန်းများ၊ ပုဂ္ဂလိကပိုင် ဆေးရုံဆေးခန်းများက ၀န် ဆောင်မှုပေးလျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက ဆေးရုံအရေ အတွက်မှာ ၆၀ ကျော်ရှိကြောင်း သိ ရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံ တကာအဆင့်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါကကျန်းမာရေးဝန်ဆောင်မှု ခံယူရာတွင် လူနာနှင့် ဆရာဝန်ဦး ရေမမျှတခြင်း၊ ကျွမ်းကျင်ပညာရှင် ရှားပါးခြင်းနှင့်မရှိမဖြစ်လိုအပ်သော အရေးပေါ်အခြေအနေသုံးစက်ကိရိ ယာများ၊ ရောဂါရှာဖွေစမ်းသပ်မှု ကိရိယာများနှင့် ရောဂါတစ်ခုချင်းစီ အလိုက်အသုံးပြုကုသရသည့် စက် ကိရိယာများ အသုံးပြုနိုင်မှုနည်းပါး ခြင်းစသည့် အခြေအနေများကို တွေ့မြင်နိုင်ကြောင်း ကုသမှုခံယူခဲ့သူ များနှင့်ပညာရှင်များက ဆိုပါသည်။
ပုဂ္ဂလိကဆေးရုံတွေက ခုထိအစိုးရဆေးရုံက ဆရာဝန်ကြီးတွေ နောက်ကိုပဲလိုက်နေတုန်းပဲ။ ကိုယ်ပိုင် HR ကိုယ်ပိုင်Residential Specialistရှိတဲ့ ဆေးရုံဆေးခန်းဆိုတာ မရှိဘူး။ အစိုးရ ဆေးရုံက ပါမောက္ခတွေကမျှပြီး ထိုင်နေရတော့ လူနာတွေမနစ်နာသင့်ဘဲ နစ်နာတဲ့ဖြစ်ရပ်တွေ ဖြစ်နေရတယ်။ အဓိကကတော့ ပုဂ္ဂလိက ဆေးရုံ တွေကို ကိုယ်ပိုင်Residential Specialistရှိအောင် သက်ဆိုင်ရာအနေနဲ့ စည်းကမ်းထုတ်သင့်တယ်။ လိုအပ်ရင်နိုင်ငံခြားက ငှားသင့်ရင်ငှားပေါ့ . . . |
“ကျွန်မမောင်လေးက စက်တင် ဘာလ ၂ ရက်နေ့ကမှ နိုင်ငံခြားကပြန်လာတဲ့ သင်္ဘောသားတစ်ယောက်ပါ။ စက်တင်ဘာ ၈ ရက်နေ့မှာ ဗိုက်အောင့် တယ်အောင့်တယ်ဆိုလို့ မိသားစုဆရာဝန်ကို ပြခဲ့ပါတယ်။ သူကဆေးရုံတက်ဖို့ပြောတာနဲ့ ညနေ ၄ နာရီ လောက် ကျွန်မတို့ သုခကမ္ဘာအထူးကု ဆေးခန်းကို ရောက်ပါတယ်။ အဲဒီမှာ Ultra Sound ရိုက်ကြည့်တော့ အူအတက်လို့ အဖြေထွက်တယ်တဲ့။ အဲဒါနဲ့ ည၈နာရီခွဲမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦးက ခွဲစိတ်ပေးခဲ့ပါတယ်။ ခွဲပြီးလို့ နှစ်ရက်အကြာမှာ ချုပ်ရိုးက အရည်တွေ ထွက်နေတယ်။ ဗိုက်တစ်ခုလုံးကလည်း တင်းနေတာပဲ။ လူနာ အခြေအနေ ကြည့်ရတာလည်း အားမရတာနဲ့ တာဝန်ကျ ဆရာဝန်တစ်ဦးကို ခေါ်ပြခဲ့တယ်။ သူက ဆရာဝန်ကြီးလာမှ ပြကြည့်ပါလို့ ပြောပါတယ်။ ဆရာဝန်ကြီးလည်း လာရော Ultra Sound ထပ်ရိုက်ဖို့နဲ့ တခြားဆေးစစ်ချက်တွေ လုပ်ပါတယ်။ ပြီးတော့ နောက်ထပ်တစ်ကြိမ် ထပ်ခွဲဖို့ ပြောပါတယ်။ ကျွန်မတို့လည်း ကောင်းမယ်ထင်ရင် လုပ်ပါလို့ပြောခဲ့တယ်။ အဲဒါနဲ့ ည ၈ နာရီ လောက်မှာ ခွဲခန်းထဲကို ထပ်ဝင်ရတယ်။ ခွဲခန်းထဲ မှာ ခွဲနေရင်း လူနာရဲ့အခြေအနေက ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပို့မှ ဖြစ်မယ်လို့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်သူ က ပြောခဲ့ပါတယ်။ အဲဒါနဲ့ချက်ချင်းပဲ သုခကမ္ဘာက ကားနဲ့ ရန်ကုန်ဆေးရုံကြီး ကိုသွားခဲ့ရပါတယ်။ ဆေးရုံရောက်ပြီး နောက်နေ့မှာ လူနာကဆုံးသွားတာပါ” လူနာရှင်၏ အစ်မဖြစ်သူ ဒေါ်ညိုမိက ပြောကြားခဲ့ပါသည်။
ထို့အတူ မန္တလေးမြို့မဟာအောင်မြေမြို့နယ် ဂေါဝိန်ရပ်ကွက်တွင် နေထိုင်သည့် မမိချိုကလည်း”ကျွန်မ အစ်ကိုဦးလှမင်းက ရက် ၂၀ လောက် အဖျားတာရှည်ခဲ့ပါတယ်။ ဒါပေမယ့် အိပ်ရာထဲလဲတဲ့အထိ မဟုတ်ဘဲ သွားနိုင်၊ လာနိုင်၊ စားနိုင်ဖြစ်ပြီး နှစ်ရက် သုံးရက်လောက် ဖျားလိုက် ပျောက်သွားလိုက်ပုံစံမျိုးပါ။ အဲဒါနဲ့ ဆရာဝန်သွားပြတော့ ဆရာဝန်ရဲ့ဆေးစစ် ချက်အရ သူ့မှာ အသည်းကြီးတယ်၊ နှလုံးအဆီဖုံးတယ်၊ လေးဘက်နာ ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။ ဆရာဝန်က ဆေးရုံတက်ဖို့ေ ပြာလို့ တက်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်ကြီး ရှိမနေပါဘူး။ အဲဒါနဲ့ ဆေးရုံက လက်ထောက်ဆရာဝန်တစ်ဦး ကကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန် က လူနာကို စအိုကနေ အဖျားပျောက် ဆေးပေးတယ်၊ ဘားပလက်ဆေးရည် စလိုင်းသွင်းတယ်၊ ပြီးတော့ အိပ်ဆေး နှစ်လုံးတိုက်တယ်။ ကျွန်မတို့က ဆရာဝန်ကြီးကို တစ်နေကုန် ထိုင်စောင့်ပါတယ်။ ဒါပေမယ့် ရောက်မလာဘူး။ သူနာပြုက လူနာမသက်သာရင် နောက်ထပ်ဆေးတစ်လုံး ထိုးပေးမယ်လို့ ပြောတယ်။ ညနေ ၆ နာရီမှာ အစ်ကိုက အိမ်သာသွားဖို့ ပြင်ဆင်နေတုန်း သူနာပြုရောက်လာတော့ အစ်ကိုက ဆေးအရင်ထိုးပြီးမှ အိမ်သာသွားမယ်ပြောတော့ ဆေးထိုးပါတယ်။ အဲဒီဆေးထိုးခံရင်း ဆေးထိုးအပ်နှုတ်တာနဲ့ အသက်ထွက်သွားပါတယ်။ အစ်ကိုက မသေဆုံးခင် ဖျားတာကလွဲပြီး အကောင်း ကြီးပါ။ အဲဒီအချိန်ဆရာဝန်ကြီးကလည်း တခြားလူနာကို ကုပေးနေတယ်လို့ သိရပါတယ်။ ဒီလိုသေသွားတော့မှ ဆရာဝန်ကြီးကို သူနာပြု ကသွားခေါ်ပေးတယ်။ ဆရာဝန်ကြီး ရောက်လာတော့ ၀မ်းနည်းကြောင်း စကားပဲပြောပြီး သေဆုံးရတဲ့အကြောင်းကို မပြောပြပါဘူး” ဟု ပြော ပြပါသည်။
“မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး (uality of care)က နိမ့်ကျနေတယ်။ အစိုးရကလည်း ကျန်းမာရေးအသုံးစရိတ်ကို ဒီထက်ပိုတိုးပေးဖို့လိုတယ်။ ပုဂ္ဂလိကပိုင်းကလည်း ၀န်ဆောင်မှု အရည်အသွေးကို တတ်နိုင်သလောက် တိုးပေးနိုင်ဖို့ ကြိုးစားသင့်တယ်။ ပုဂ္ဂလိကပိုင်းက ၀န်ဆောင်မှုနဲ့ စက်ပစ္စည်းကိရိယာ ၀ယ်ယူမှုပိုင်းမှာ အရင်းအနှီးထည့်ဝင်မှု နည်းတယ်လို့ ပြောကြတာလည်း ရှိတယ်။ ဒါက ပုဂ္ဂလိကပိုင်းက ဒီထက်ပိုရင်းနှီးဖို့ လိုမယ်မထင်ဘူး ထင်တာဖြစ်နိုင်တယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံဖို့ မလွယ်တာ။ မတတ်နိုင်တာလည်း ဖြစ်နိုင်တယ်။ မြှင့်ရကောင်းမှန်းသိပေမယ့်လည်း ငွေတစ်ခုတည်းတင် မြှင့်လို့မရဘူး။ HR ကိုလည်းမြှင့်မှရမှာ။ အဲဒီတော့ အစိုးရကလည်း ဘတ်ဂျက် တိုးမပေးဘူး။ ပုဂ္ဂလိကပိုင်းရဲ့ ၀န်ဆောင်မှုကိုလည်း စိတ်ကျေနပ်မှု မရဘူးဆိုတော့က တတ်နိုင်သူက ပြည်ပထွက်ကုတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက လုပ်ရကောင်းမှန်းမသိတဲ့ သူလည်းရှိတယ်။ သိပေမယ့် မသိကျိုးကျွံလုပ်နေတဲ့သူလည်း ရှိနေတယ်။ လုပ်ရကောင်းမှန်း သိပေမယ့် အဲဒီတစ်ဦးတစ်ယောက် လုပ်တာနဲ့လည်း မပြီးဘူး။ အခုခေတ်က တစ်ဦးတစ်ယောက်နဲ့ မပြီးဘူး။ Teamwork လိုတယ်။ ဥပမာ ရောဂါတစ်ခုကိုကုဖို့ Specialist တစ်ယောက်တည်းနဲ့ ကုတာမျိုး မဟုတ်တော့ဘူး။ နောက် တစ်ခုက တိုးတက်နေတဲ့ သိပ္ပံနဲ့နည်းပညာကို မီအောင်မလိုက်နိုင်ဘူး။ ပြောင်းလဲနေတဲ့ တိုးတက်မှုကို အသုံးမချနိုင်ဘူး ဖြစ်နေတယ်။ ခုနက ပြောသလို ရောဂါတစ်ခုကို ကုပြီဆိုရင် Specialist တစ်ယောက်တည်း မဟုတ်ဘူး။ ခွဲရမယ်ဆိုရင် မေ့ဆေး အထူးကု၊ ခွဲစိတ်အထူးကု၊ သက်ဆိုင်ရာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ခေတ်မီစက်ပစ္စည်းတွေကို ကိုင်တွယ်ပေးမယ့် နားလည်တတ်ကျွမ်းသူ တွေ စတာတွေပါလာမယ်။ သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက ၀န်ဆောင်မှု အရည်အသွေးကို မြင့်မားစေပါတယ်။ နောက်တွေ့ရတာက Specialist တချို့က ငါတကော ကောကောနေတာ တွေ့ရတယ်။ လူနာက တစ်ခုခုမေး ရင် ပြန်ရှင်းမပြချင်တာမျိုး၊ တခြား ဆရာဝန်တစ်ယောက်နဲ့ ထပ်ပြချင်တယ်လို့ပြောမိရင် ဆက်မကုပေးတော့ ဘူးပြောတာမျိုးဖြစ်လာတယ်။ တခြားဆရာဝန်တစ်ယောက်နဲ့ ထပ်ပြမယ်ပြောတာက Second Opinionအတွက်ပြောတာ၊ Second Opinion ဆိုတာ လူနာအတွက် ရှိသင့်ရှိထိုက်တယ်။ ဒါကို စိတ်ဆိုးတယ်ဆိုရင် ဒါက ဆရာဝန်ရဲ့ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်တာပဲ။ ဒီလိုစိတ်မျိုးတွေ ရှိနေရင် ခုနကပြောခဲ့တဲ့ Teamwork ပုံစံရှိလာဖို့ ခက်ခဲတယ်။ ဒါကြောင့် ဆရာဝန်တွေလည်း ကိုယ့်ရဲ့ Mindset ကို ပြောင်းနိုင်ဖို့လိုတယ်။ Teamwork ကိုပြောင်းဖို့လက်ခံနိုင် ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ Science နဲ့ Teamwork မရှိတာ အားနည်းချက် ဖြစ်နေတယ်။ နောက်ပြီး လူနာတွေက ကိုယ့်အခွင့်အရေးကို နားလည်ရမယ်။ ဆရာ့သဘောပဲ လုပ်ချင်ရာ လုပ်ဆိုပြီး ၀ကွက်အပ်စရာ မလိုဘူး။ ကိုယ့်အသက် ကိုယ်ပိုင်တယ်။ လုပ်ချင်ရင်လုပ်၊ မလုပ်ချင်ရင် မလုပ်ဘဲ နေလို့ရတယ်။ မီဒီယာတွေကလည်း လိုအပ်ချက်တွေကို ထောက်ပြရမယ်။ အခုခေတ်က ဒီမိုကရေစီခေတ်၊ လွှတ်တော်ခေတ်။ ပါလီမန်က လူတွေ အောက်ခြေက အခြေအနေကိုသိဖို့ မီဒီယာက သတင်းပေးရမယ်။
ပြည်သူကိုလည်း မီဒီယာက ပညာပေးဖို့ တာဝန်ရှိတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံက WHO က ချမှတ်ထားတဲ့ လမ်းစဉ်ကို လိုက်နေတာ။ ဒါပေမယ့် ကိုယ့်တိုင်းပြည် အခြေအနေကို ထည့်သွင်းပြီး အံဝင်အောင် လုပ်ဖို့လိုတယ်။ လုပ်လည်း လုပ်နေတယ်လို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ကျန်းမာ ရေးအဆင့်၊ စောင့်ရှောက်မှုအဆင့်ကို အမြဲချိန်ဆ စောင့်ကြည့်နေဖို့ လိုတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကို နှစ်ပိုင်း ခွဲကြည့်နိုင်တယ်။ Public Health (ပြည်သူ့ကျန်းမာရေး)နဲ့ Curative (ကုသရေး)။ ညံ့တာကိုတော့ လက်ခံပြီးသား။ ဒါပေမယ့် ပြည်သူ့ကျန်းမာရေးက စွမ်းဆောင်မှုရှိသေးတယ်။ ပြည်သူ့ကျန်းမာရေး ဆိုတာက တီဘီ၊ ငှက်ဖျား၊ အေ့စ်တို့လို ရောဂါတွေကို လျော့နည်းပပျောက်အောင် လုပ်တာ။ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကျဆင်းမှုကို ကြည့်ရင် အဓိက နှစ်ချက်ကြောင့်လို့ ထင်တယ်။ နံပါတ်တစ်က ရှေ့ကို မကြည့်တာ။ ရှေ့ကို မကြည့်တော့ သိပ္ပံနဲ့နည်းပညာ တိုးတက်အောင် မပြုစုမပျိုးထောင်ဘူး။ နောက်တစ်ချက်ကတော့ ဆရာဝန်တချို့ရဲ့တလွဲ မာနထားကြတာ။ အရည်အချင်း တိုးတက်အောင် မမြှင့်တင်ချင်ဘူး။ ရှိပြီးသားနဲ့ နေကြတယ်။ ဒီကြားထဲ ကိုယ့်ကိုယ်ကိုယ် မာန်မာနထားကြတယ်။ အဲဒီတော့ Teamwork မရှိလာနိုင်တော့ဘူး”ဟု ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပြောကြားခဲ့ပါသည်။
“အစိုးရဆေးရုံ အရည်အသွေး မြှင့်ဖို့၊ ၀န်ဆောင်မှုကောင်းဖို့ဆိုတာ ဝေးပါတယ်။ ပုဂ္ဂလိကဆေးရုံတွေ တောင် တခြားနိုင်ငံတွေနဲ့ မယှဉ်နိုင်ဘူး။ အစိုးရဆေးရုံက ဆရာဝန်တွေ ကို ပုဂ္ဂလိကဆေးခန်းတွေက မှီခို နေရတာကလဲ ပြဿနာတစ်ခုပါ။ ပုဂ္ဂလိကဆေးရုံတွေက ခုထိ အစိုးရ ဆေးရုံက ဆရာဝန်ကြီးတွေနောက် ကိုပဲ လိုက်နေတုန်းပဲ။ ကိုယ်ပိုင် HR ကိုယ်ပိုင် Residential Specialist ရှိတဲ့ ဆေးရုံဆေးခန်းဆိုတာ မရှိဘူး။ အစိုးရဆေးရုံက ပါမောက္ခတွေကမျှပြီး ထိုင်နေရတော့ လူနာတွေ မနစ်နာသင့်ဘဲ နစ်နာတဲ့ဖြစ်ရပ်တွေ ဖြစ်နေရတယ်။ အဓိကကတော့ ပုဂ္ဂလိကဆေးရုံတွေကို ကိုယ်ပိုင်Residential Specialistရှိအောင် သက်ဆိုင်ရာအနေနဲ့ စည်းကမ်း ထုတ်သင့်တယ်။ လိုအပ်ရင် နိုင်ငံခြားက ငှားသင့်ရင်ငှားပေါ့”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ဗဟိုကျန်းမာရေး ပညာ ဦးစီး ဌာနညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်ကလည်း “ကျန်းမာရေး တစ်ခုခုဖြစ်ရင် ကိုယ်ကိုယ်တိုင်ရော မိသားစုပါ ၀န်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ စောင့်ရှောက်တဲ့ ၀န်ဆောင်မှုညံဖျင်းရင် ပိုဖိစီးစေတာပေါ့။ ရောဂါတစ်ခုခု ဖြစ်တယ်ဆိုတာက ကိုယ့် ရဲ့ ရောဂါဖြစ်တဲ့အထိ နေထိုင်ပြုမူ ပုံပေါ်မူတည်တယ်။ ဒါကြောင့် ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်။ ၀န်ဆောင်မှု အရည်အသွေး မြင့်တင်နိုင်ဖို့လည်း လိုလာပါပြီ” ဟု ပြောပြခဲ့ပါသည်။
ပါမောက္ခဒေါ်လှမြင့်ကလည်း “ငွေကြေးတတ်နိုင်တဲ့လူက ကျန်းမာ ရေးစောင့်ရှောက်မှုကို နိုင်ငံခြားဆေးရုံတွေမှာ ပိုပြီးခံယူချင်လာကြတယ်။ ဒါက ရန်ကုန်တင် မဟုတ်တော့ဘူး။ ရှမ်းပြည်က လူတောင် ထိုင်းနိုင်ငံ ချင်းမိုင်မှာ သွားပြီး ဆေးကုခံကြ တယ်။ အဓိကကတော့ ထိုင်း၊ စင် ကာပူ၊ အိန္ဒိယနိုင်ငံက ဆေးရုံတွေက မြန်မာပြည်ကို ဈေးကွက်ရှာတာများ လာတယ်။ ဒီကလူတွေကလည်း သွားကြတယ်။ Medical Tourism အနေနဲ့ မိသားစုလိုက် Package အနေနဲ့ ရောင်းလာကြတယ်။ ဒါက မြန်မာပြည်က ဆေးရုံဆေးခန်းတွေရဲ့အရည်အသွေးကျလို့လား၊ ဒါမှမဟုတ် ဖက်ရှင်တစ်ရပ်အနေနဲ့ သွားတာလား၊ ဒါမှမဟုတ်ဆေးလည်းကုရင်း နိုင်ငံ ခြားလည်း ရောက်ဖူးတယ်၊ ဈေးဝယ် ထွက်လို့လည်း ရတယ်ဆိုပြီး သွားတာလား စဉ်းစားသင့်တယ်။ တကယ်တမ်းလည်း ဒီမှာ ဆရာဝန်ကြီးရှားတယ်။ ဆေးရုံတွေရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ အမြင်တွေရှိတယ်။ ဆရာဝန်ကြီးရှားလို့ ဂျီပီနဲ့ ပြဖို့ကလည်းဂျီပီတွေအပေါ်ယုံကြည် မှုနည်းနေတယ်။စိတ်မချရဘူး၊ သူနဲ့ တင်မပြီးဘူး၊ အခေါက်ခေါက်အခါခါ သွားရတယ်၊ အချိန်ကုန်ငွေကုန်ဖြစ် တယ်ဆိုတဲ့ အမြင်တွေရှိနေတယ်။ အဓိကကတော့ ဆေးရုံဆေးခန်းတွေ နဲ့ဆရာဝန်တွေရဲ့ အရည်အသွေးအား နည်းချက်ရှိလို့ တတ်နိုင်သူတွေက ပြည်ပထွက်ကုတာ များလာတယ်။ ဆေးရုံဆေးခန်းတွေ အရည်အသွေး မြှင့်တင်ဖို့က အရင်းအနှီးတွေတိုး မြှင့်ထည့်ဝင်ရမယ်။ လိုအပ်တဲ့ စက်ကိရိယာပစ္စည်းတွေ ဖြည့်ဆည်းရမယ်။ ဆရာဝန်နဲ့ တတ်ကျွမ်းသူတွေကို အရည်အချင်းမြှင့်ဖို့ကတော့ ပညာရေးက အဓိကပဲ”ဟု ထင်မြင်ချက် ပေးပါသည်။
“နိုင်ငံခြား ဆေးကုသွားတာ ဖက်ရှင်လား၊ တကယ်လိုအပ်လို့လား ဆိုတာ ဆန်းစစ်ဖို့လိုတယ်။ ကျွန်တော်သိတဲ့ ဆေးရုံဆေးခန်းပိုင်ရှင် တွေ၊ ဆရာဝန်ကြီးတွေနဲ့သက်ဆိုင်ရာ ထိပ်ကပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သာမန်ရောဂါလောက်ကိုပဲ စင်ကာပူ၊ ထိုင်းလောက်မှာ သွားကုနေကြတယ်။ အရေးကြီးတဲ့ ရောဂါဆိုရင်တောင် မပြောပါနဲ့။ ဒီတော့သူတို့လို ဆေးရုံဆေးခန်းပိုင်ရှင် မိသားစုဝင်တွေတောင် နိုင်ငံခြားမှာ ဆေးသွားကုရင် အဲဒီဆေးရုံဆေးခန်း တွေက သူများတွေကို ဘယ်လိုအာမခံချက် ပေးမလဲ။ ဘယ်လိုလုပ်သွား ကုမလဲ။ ဒီကဆေးရုံတွေရဲ့ အရည်အသွေးကိုရော ဘယ်လို အာမခံမလဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ထို့ပြင် လူမှုနယ်ပယ်အတွင်း တည်ရှိနေသော ရဲဝန်ထမ်း၊ တရားသူကြီး၊ ဆရာဝန်နှင့်ဂျာနယ်လစ်များ ၏ စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရား ကို ပြင်ဆင်နိုင်ခြင်းမရှိပါက လူ့အဖွဲ့အစည်းကို ပြင်ဆင်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ကြပါသည်။
“တကယ်တမ်း ဆန်းစစ်ရင်တော့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အရေးကြီးဆုံးပါပဲ။ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို မပြင်ဘူးဆိုရင် ကျန်တာတွေကို ပြင်လို့ရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် စနစ်နဲ့လူပဲဖြစ်ပါတယ်။ စနစ်ကောင်းနေပြီဆိုရင်တောင် လူတွေမပြောင်းရင်စနစ်က အကောင် အထည်ပေါ်လာမှာ မဟုတ်ပါဘူး”ဟု Myanmar Trade- mark and Patent Law Firm မှ အကြီးတန်းဥပဒေ ပညာရှင်ဦးသိန်းအောင်က ပြောပါသည်။
“အထူးသဖြင့်ကတော့ အများ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့သူတွေပါ။ တရားစီရင်ရေး နယ်ပယ်၊ စီမံခန့်ခွဲရေးနယ်ပယ်၊ ဥပဒေပြုရေး နယ်ပယ်တွေဆိုတာ နိုင်ငံရဲ့ အဓိကကဏ္ဍတွေဖြစ်သလို အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေရသူတွေလည်း ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပါတဲ့သူ တွေလည်း အတူတူပါပဲ။ ဒီကဏ္ဍ တွေကောင်းဖို့ စနစ်က အရေးပါသလို စနစ်နဲ့အတူ လူတွေလည်း လိုက်ကောင်းဖို့လိုပါတယ်”ဟု ဦးသိန်းအောင်က ဆက်လက်ပြောပြသည်။
“အခုလို ကာလမျိုးမှာတောင် ရဲဌာနကို ၀င်သွားလိုက်။ အ၀င်ဝမှာ ကူညီပါရစေဆိုတာ ချိတ်ထားပေမယ့် တကယ်ဝင်သွားတဲ့အခါ စာတန်းချိတ်ထားသလို ဖြစ်ရဲ့လား။ တရားစီရင်ရေးနယ်ပယ်မှာ ဆိုရင် လည်း သက်ဆိုင်ရာခေါင်းဆောင် တွေက အောက်က၀န်ထမ်းတွေကို လာဘ်မစားဖို့၊ လာဘ်စားရင် အရေးယူမယ် ဆိုတာတွေကို သတိပေး ကြ၊ပြောကြတာတွေ ရှိပေမဲ့ လာဘ်ပေး လာဘ်ယူနဲ့ပတ်သက်ပြီး ကင်းရှင်းတာတွေမရှိပါဘူး။ ဒါကြောင့်လည်း တရားစီရင်ရေး နယ်ပယ်မှာ လာဘ်ပေးလာဘ်ယူ ကိစ္စဟာ လက်ညှိုးအထိုးခံရဆုံး ဖြစ်နေတာပါ။ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာလည်း အတူတူပါပဲ။ တလောတုန်းက ကျန်းမာရေးစနစ်ကို ဂျာနယ်တွေက ဝေဖန်တဲ့အခါမှာ ဒီကဆရာဝန်တွေက မခံနိုင်ဘဲ ပြန်လှန်ငြင်းခုန်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တကယ်တန်း လက်တွေ့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ ရှိနေကြတဲ့ ဆရာဝန်ကြီး တွေ ကိုယ်တိုင်က နိုင်ငံခြားထွက်ပြီး ဆေးကုသမှု ခံယူနေကြပါတယ်။ ဒီမှာ တကယ်ကောင်းတယ်ဆိုရင် သူတို့ ကိုယ်တိုင်က စံနမူနာပြအနေနဲ့ ဒီနိုင်ငံထဲမှာပဲ ဆေးကုသမှုမခံယူ သင့်ဘူးလား”ဟု ဦးသိန်းအောင်က ပြော ကြားခဲ့ပါသည်။
“Emergency Case တွေ လာရင် ဆေးရုံအချင်းချင်း ဘောလီဘော ပုတ်တာကိုလဲ ပုဂ္ဂလိကဆေးရုံတွေ ကို တိကျတဲ့ ညွှန်ကြားချက်တွေ ပေးသင့်တယ်။ အရေးယူသင့်တယ်။ ကျွန်တော့်သားလေး ခေါင်းပေါက် သွားတာ တစ်လက်မလောက်ရှိလို့ နာမည်အကြီးဆုံး ပုဂ္ဂလိကဆေးရုံမှာ သွားပြတယ်။ ဆာဂျင်မရှိလို့ ဆိုပြီးတော့ ကလေးဆေးရုံကို ညွှန်တယ်။ နောက်ဆုံး ဂျီပီဆေးခန်းတစ်ခု မှာပဲ ချုပ်လိုက်ရတယ်။ ဒီလောက် သာမန် emergency case လောက်တောင် မကုနိုင်တဲ့ ပုဂ္ဂလိကဆေးရုံတွေ ဘယ်လို အလုပ်လုပ်မလဲ။ ပုဂ္ဂလိက ဆေးရုံ ဥပဒေမှာ emergency case တွေ ကုသနိုင်တဲ့ အရည်အသွေးရှိရမယ်ဆိုတာ ပြောထားပြီးပြီလေ။ ဆေးရုံ ဆေးခန်းဥပဒေမှာလည်း လွဲတာလေးတွေ ရှိတယ်။ အားလုံးကို ဆေးရုံအဖြစ် သတ်မှတ်လို့မရနိုင်ဘူး။ တချို့ ကို အထူးကုဆေးခန်း၊ clinic ပဲ ထားရမယ်။ အတွင်းလူနာထားရုံနဲ့ ဆေးရုံလို့ မသတ်မှတ်နိုင်ဘူး။ ဒီမှာရှိတဲ့ ဆေးရုံလို့ အမည်တပ်ထားတဲ့ ဆေးရုံ တော်တော်များများက ဒီအရည်အသွေးမရှိဘူး။ နိုင်ငံတကာက ဆေးရုံ တွေမဆိုပါနဲ့။ မကြာခင်က လှူဒါန်း တဲ့ ကလေးဆေးရုံကြီးနှစ်ရုံရဲ့ facility နဲ့ ဒီက နာမည်အကြီးဆုံး ပုဂ္ဂလိကဆေးရုံမှာ က ဆေးရုံကြီးနှစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ဆေးရုံကို ဟော်တယ်တစ်ခုလို အမြင်ပြောင်းရုံနဲ့ မရဘူး။ ဘာတွေ ကွာဟနေသလဲ။ ဆေးရုံရဲ့အင်္ဂါရပ်နဲ့ မညီတာ ဘာဖြစ်နေသလဲ ကြည့်သင့်တယ်။ လူအများနေထိုင်တဲ့ ရပ်ကွက် နဲ့ နီးစပ်တဲ့နေရာမှာ ဆေးရုံတွေထပ်ဖွင့်တာ၊ တိုးချဲ့တာတွေ လုံးဝခွင့်မပြုသင့် တော့ဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဆေးရုံများ အနေဖြင့် လူ့ကျင့်ဝတ်နဲ့ညီသည့် ဆေးရုံများ ဖြစ်ရန်နှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက် က “စီးပွားရေးလုပ်နေတာ အမြတ်ယူရမယ်။ ရှုံးမယ့်စီးပွားရေးလုပ်တဲ့သူ တစ်ယောက်မှမရှိသလို ရှိနေရင်လည်း တော်တော်ကြောင်တဲ့လူပါပဲ။ စီးပွားရေးက ရှုံးနေလို့မရဘူး၊ မြတ်နမှရမယ်။ စီးပွားရေးလုပ်နေလို့ ကျန်တာတွေ အားလုံးလှည့်ကြည့်လို့ မရဘူးလို့ ပြောလို့မရပါဘူး။ ပတ်ဝန်းကျင် အခြေအနေ အားလုံးကြည့်ဖို့ လိုပါတယ်။ အဲ့ဒီမှာအရေးကြီးတာ ETHIC ပါ။ တစ်ချိန်တုန်းက ETHIC ကိုသင်ခွင့်မရပါဘူး။ ပြည်သူ့နီတိ သင်ခွင့်မရဘူး။ လူတွေကို သိက္ခာနဲ့ နေဖို့။ ကျန်းမာရေး ETHIC သင်သင့် တယ်။ အလုပ်လုပ်တဲ့အခါ လူ့ကျင့် ၀တ်နဲ့ညီအောင် လူ့သိက္ခာရှိအောင် လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဆေးရုံမှာ ပဲဖြစ်ဖြစ်။ ဘကျငညနျ မှာပဲဖြစ်ဖြစ်။ အစိုးရမှာပဲဖြစ်ဖြစ် ethic ရှိဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် good governance? clean gover- ment လို့ ပြောပါတယ်။ အဲဒါတွေက ethic ပါ။ လူတွေအားလုံးက အမြတ်တစ်ခုတည်း မဟုတ်ဘူး။ အမြတ်ကိုယူတယ်။ သို့သော်လည်း အစုရှယ်ယာ တွေပိုပြီး ချမ်းသာအောင် လုပ်ပေးမယ်။ ဒါပေမယ့် တစ်ဘက်ကလည်း လူမှုရေးတာဝန်တွေ ကျန်တယ်။ တာဝန်ကျေဖို့လည်း လိုတယ်လို့ စဉ်းစားမိပါတယ်။ ပုဂ္ဂလိကဆေးရုံက လူကြီးတွေနဲ့ ကျန်တဲ့လူတွေအားလုံးကို ပြောချင်တာ။ လူ့ကျင့်ဝတ်နဲ့ညီတဲ့ ဆေးရုံတွေဖြစ်အောင် ကြိုးစားကြည့်ရအောင်။ လူ့ကျင့်ဝတ်နဲ့ညီတဲ့ တက္ကသိုလ်တွေဖြစ်အောင် လုပ်ကြည့် ရအောင်။ အရင်တုန်းက စီးပွားရေးလုပ်ရင် P တစ်လုံးပဲ လိုတယ်။ အဲဒီ P က Profit (အမြတ်)ပါ။ အခုတော့ P သုံးလုံးဖြစ်နေပါပြီ။ ပထမ P က တော့ Profit ။ ဒုတိယက people ပါ။ စီးပွားရေးလုပ်ရင် ၀န်ထမ်းတွေကို ကြည့်ဖို့လိုတယ်။ ဆေးရုံတွေမှာ လုပ်ရင်ကိုယ့်ရဲ့ဝန်ထမ်းတွေကို ကြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့လူနာတွေကို ကြည့်ဖို့လိုတယ်။ တတိယ P က Planet (ပတ်ဝန်းကျင်)ကို ပြောတာပါ။ ကမ္ဘာ မြေကြီးကို ကိုယ်တွေမှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မှာလဲ”ဟု စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ ၀တ္တရားများအကြောင်း ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဧဒင်အုပ်စုမှ လှူဒါန်းသော ကလေးဆေးရုံကြီး(မန္တလေး)၏ အချက်အလက်နှင့် ပါဝင်သောလုပ်ငန်းအချို့
စုစုပေါင်းမြေဧရိယာ ၉ ဒသမ ၅၇ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားပြီး အောက်ပါလုပ်ငန်းများ ပါဝင်ပါသည်-
(၁) ဆေးရုံတွင် ပါဝင်သောကုတင်နှင့် တက်ရောက်နိုင်သော ကလေးဦးရေမှာ (၅၅၀)ခုတင်ဖြစ်ပြီး ကလေးဆေးရုံကြီး မန္တလေးတွင် အဆောက်အအုံ(၃၄)ဖြင့် ဖွဲ့စည်းထားသည်။ ပါဝင်သော အဆောင်အချို့နှင့် ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းအချို့ (က) မွေးကင်းစကလေးဆေးကုခန်း၊ (ခ)သွေး လှူဘဏ်၊ (ဂ) ဓာတ်မှန်ခန်း၊ (ဃ) သီးသန့်လူနာဆောင်၊ (င) သီးခြားလူနာကုသဆောင်၊ (စ) အစည်းအဝေးခန်းမ၊ (ဆ) စာသင်ခန်း၊ (ဇ) ဖျားနာကုသဆောင်၊ (ဈ) ပြင်ပလူနာဌာန၊ (ည) ကလေးကစားကွင်း၊ (ဋ) ဆေးပေး၊ ဆေးအရောင်းဆိုင်၊ (ဌ) ဆေးသိုလှောင်ခန်း၊ (ဍ) အရေးပေါ်လူနာဌာန၊ (ဎ) ကုသမှုဆိုင်ရာ စက်ပစ္စည်းများအပြင် ခွဲစိတ် ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်။
မက်စ်မြန်မာ ကုမ္ပဏီအုပ်စုမှ လှူဒါန်းသော ရန်ကင်း ကလေးဆေးရုံ၏ အချက်အလက်နှင့် ပါဝင်သော လုပ်ငန်းအချို့
စုစုပေါင်းမြေဧရိယာ - ၉ ဒသမ ၅ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားပြီး အောက်ပါလုပ်ငန်းများ ပါဝင်ပါသည်-
(၁) ဆေးရုံတွင် ပါဝင်သောကုတင်နှင့် တက်ရောက် နိုင်သော ကလေးဦးရေ(၅၅၀)ခုတင်နှင့် အထူးသီးသန့်ခန်း(၄)ခန်း၊ သီးသန့်ခန်း(၂၅)ခန်း၊ (၂)ဆေး ကုသမှုဆိုင်ရာလိုအပ်သော စက်ပစ္စည်းများနှင့် အသေးစိတ်ပြင်ဆင်ထားမှုများ(က) အရေးပေါ် လူနာဌာန၊ (ခ) ပြင်ပလူနာဌာန၊ (ဂ) ဓာတ်မှန်ရိုက် စက်၊ (ဃ) Ultra Sound ရိုက်စက်၊ (င) နှလုံးစမ်းသပ်စက်၊ (စ) CT Scan ၊ (ဆ) သွေးလှူ ဘဏ်၊ (ဇ) ခွဲစိတ်ခန်းမဆောင်၊ (ဈ) မွေးကင်းစဆောင်၊ (ည) အစည်းအဝေး ခန်းမဆောင်၊ (ဋ) ဆေးကုသဆောင်၊ (ဌ) အောက်ဆီ ဂျင်ဓာတ်ငွေ့ပေး ပိုက်လိုင်းစနစ်၊ (ဍ) လေအေးပေးစက်များ၊ (ဎ) အထူးရောဂါ ရှာဖွေရေးဌာန၊(ဏ) ရာသီအလိုက် ဖြစ်တတ်သော ကူးစက် ရောဂါများဌာန၊ (တ) ဆေးပေး၊ ဆေးရောင်းဌာန၊ (ထ) ဆေးသိုလှောင်ခန်းများ၊ (ဒ) သင်ကြားရေးခန်းမ၊ (ဓ) ဓာတ်ခွဲခန်းများ၊ (န)ဆက်သွယ်ရေးစနစ်၊ ဖက်စ်၊ ရုံးသုံးပစ္စည်းများ။
Eleven Media Group
Myanmar News Now
ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေးညံ့ဖျင်း
Reviewed by သစ်ထူးလွင်
on
20:26
Rating:
No comments:
Post a Comment