နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၁နာရီ၊ အိုလံပစ် တာဝါမှာ ကျင်းပခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလုပ်ရှားသူများ၏ အသက်မွေးဝမ်းကြောင်းလိုင်စင်နှင့် ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေး သတင်းစာရှင်းလင်းပွဲကို ကျမ တက်ရောက်ခဲ့ပါတယ်။
ကျမကတော့ ဒီနေ့ပွဲကို အမျိုးသားအခွင့်ရေးဆိုင်ရာ ဆုံးရှုံးနစ်နာခဲ့ရသူများရဲ့ ရင်ဖွင့်ပြောကြားပွဲနဲ့ကိုယ့်အခွင့်ရေးကိုယ်တောင်းဆိုပွဲလို့ပဲ အမည်တပ်ချင်ပါတယ်။
ယနေ့ထိတိုင် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ပြင်းထန်နေတဲ့ အသက် ၅၀ ကျော် ၆၀နှစ် ၀န်းကျင်အရွယ် ရှေ့နေကြီးတွေနဲ့ ဆရာဝန်ကြီးတွေရဲ့ ရင်ဖွင့်သံပါနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ချင်တဲ့စိတ်နဲ့ကိုယ့်လိုင်စင်ကိုယ်ပြန်ရပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခွင့် တောင်းဆိုနေကြကို ကျမတို့ သတင်းထောက်တွေ နားထောင်ခဲ့ကြရပါတယ်။
ပထမဆုံး အခမ်းအနားမှူးအနေနဲ့ မန္တလေးက ဗဟိုတရားရုံးရှေ့နေ ဦးသိန်းသန်းထွန်းက ဆောင်ရွက်ပြီး တဦးချင်းနဲ့ မိတ်ဆက်ပေးပါတယ်။ပထဦးဆုံး ဦးသိန်းသန်းထွန်းက သူ့ဘေးမှာ ထိုင်နေတဲ့ ရှေ့နေဦးရောဘတ်စန်းအောင်နဲ့စပြီး မိတ်ဆက်ပေးပါတယ်။
`ဦးရောဘတ်စန်းအောင် တရားရုံးချုပ်ရှေ့နေအဖြစ်နဲ့ ဆောင်ရွက်ခြဲ့ပီးတော့ အခုပြန်လာတဲ့ ဦးပီတာလင်းဖေရဲ့ ရှေ့နေအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ထိုစဉ်က ထောက်လှမ်းရေးတွေရဲ့ အမိန့်ပေးစေခိုင်းချက် တွေကိုမလိုက်နာလို့လိုင်စင်အသိမ်းခံခဲ့ရတာပါ`လို့ မိတ်ဆက်ပေးပါတယ်။
တချိန်က လျှန်းလျှန်းတောက်အာဏာကိုပိုင်ဆိုင်ခဲ့ကြတဲ့ ထောက်လှမ်းရေးတွေရဲ့ စွဲချက်တွေနဲ့ နိုင်ငံ့အရေးလုပ်ဆောင်ကြတဲ့ ရှေ့နေ၊ ဆရာဝန်တွေဟာ လိုင်စင်သိမ်းခြင်းကို ခံခဲ့ကြရပါတယ်။
ယနေ့ ပွဲကို တက်ရောက်လာခဲ့ကြတဲ့ ဦးသိန်းသန်းထွန်း၊ ဦးရောဘတ်စန်းအောင်၊ ဦးအောင်သိန်း၊ ဦးအောင်ရှိန်၊ဦးမြင့်ဌေး၊ ဦးဌေး စတဲ့ ရှေ့နေကြီးတွေက ၈၈ခုနှစ် အရေးတော်ပုံကတည်းက နိုင်ငံရေးလောကထဲကို ရောက်လာခဲ့ကြပြီးနောက်ပိုင်းမှာလည်း နိုင်ငံရေးကို ဆက်လျက်လုပ်ကိုင်ခဲ့ကြတဲ့အတွက် စစ်ထောက်လှမ်းရေးတွေရဲ့ စွဲချက်တွေနဲ့ထောင်ဒဏ်တွေ ကျခံခဲ့ရပြီးနောက် ရှေ့နေလိုင်စင်အသိမ်းခံခဲ့ရသူတွေလို့သိရပါတယ်။
အဆိုပါ ရှေ့နေတွေလိုပဲ ခုပွဲကိုတက်ရောက်လာကြတဲ့ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်စတဲ့ ဆရာဝန်တွေကလည်း နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး ဆမ လိုင်စင်အသိမ်းခံခဲ့ရကြောင်းသိရပါတယ်။
တဦးချင်းစီမိတ်ဆက်ပြောဆိုပြီးတဲ့နောက်မှတယောက်ချင်းစီရဲ့လိုင်စင်သိမ်းခံခဲ့ရခြင်းအဖြစ်အပျက်တွေနဲ့ဖြစ်စဉ်တွေကို ပြန်ပြောကြပါတယ်။
တဦးချင်းစီရဲ့ ပြောဆိုချက်တွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ရှေ့နေဦးသိန်းသန်းထွန်းက သူနိုင်ငငံရေးလုပ်ရင်း ထိန်းသိမ်းခံခဲ့ရပုံနဲ့ လိုင်စင်သိမ်းခံခဲ့ရပုံကိုပြောပါတယ်။
`ကျနော်ကို အရေးပေါ်စီမံကိန်းဥပဒေ ၅ည နဲ့စွဲပါတယ် စွဲတော့ တရားခွင့်မှာ ရှေ့နေငှားဖို့ မပြောနဲ့ပြန်လာပြင်ဆင်ခွင့်တောင် မရှိဘူး ချက်ချင်းကြီးစစ်ဆေးတယ် အလုပ်နဲ့ထောင်ဒဏ် ၇နှစ်ချမှတ်တယ်။ ဥပဒေမှာ နောက်ရီစရာ စကားပြောရရင် အဲ့အချိန်တုန်းက ဖမ်းမိတာတောင်မှ မစိုးရိမ်ကျောင်းတိုက်က ဖမ်းမိလာတဲ့ စာရွက်စာတမ်းတွေကို စာရွက်စာတမ်းများကို စစ်ခုံရုံးဥက္ကဌ ဒုတိယဗိုလ်မှူးကြီးချုပ် ကျော်ဝင်းက သိန်းသန်းဦးစီးကမိလာတဲ့ ပြောခိုင်းတာစာကို တရားလိုဖြစ်တဲ့ SPကအမှုလိုက်အရာရှိ ဦးသန်းစိန်က ဗိုလ်မှူးကြီးခင်ဗျား ဒါကဦးသောင်းစိန်ဆီက မိတာမဟုတ်ပါဘူး ပိုင်ရှင်မဲ့ မစိုးရိမ်ကျောင်းတိုက်က မိတာပါဆိုတော့ သမိုင်းတွင်လောက်တဲ့ စကားပြောပါတယ် စစ်ခုံရုံးက အကုန်လုပ်လို့ရတယ် သူ့ဆီက ထွက်လာရင်ရေးလိုက် အဲ့မှာ အမှုလိုက်ခဲ့တဲ့ ဥပဒေအရာရှိကနေ တောင်းပန်တယ် သူတို့ မလွဲသာလို့ လုပ်ခဲ့ရတယ် အဲ့ဒါကို ထောင်ဆယ့်လေးနှစ်ချပါတယ် `
စစ်ခုံရုံးကနေ မတရားချခဲ့တာတွေကို စိတ်မကောင်းစွာနဲ့နားထောင်ရပါတယ်။အားလုံးကလည်း ငြိမ်လို့နားထောင်ခဲ့ကြတယ်။
`“ဘုန်းကြီးတွေ ရဲဘက်ထဲကျတာ အကျဉ်းဦးစီးကထည့်တာမဟုတ်ဘူး ထောက်လှန်းရေး ညွှန်ကြားမှုနဲ့ ရဲဘက်စခန်းကိုထည့်လိုက်တာ ၄၂ပါးထည့်တယ် ။ အဲဒီထဲက ၁၂ပါးပျံလွန်တော်မူသွားတယ်။ စစ်ကြောရေးမှာ သေခဲ့ရတာတွေက အဓိက တာဝန်ရှိတာက ဒုတိယဗိုလ်ချုပ်ကြီးခင်ညွှန်ပါ ဒါကျတော် ရန်ငြိုးနဲ့ပြောတာမဟုတ်ပါဘူး ကျတော်တို့ ရန်ငြိုးမရှိဘူး အာဃာသ မရှိဘူး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျတော်တို့ ယုံကြည်တယ် သူ့ကိုလည်းလွှတ်ပေးမယ်ဆိုရင် ကျတော်တို့ ဘာမှကန့်ကွက်စရာမရှိဘူး သူဟာ စနစ်ရဲ့သားပါ စစ်အာဏာရှင်ရဲ့ သားကောင်းတစ်ကောင်ဘဲ ဖြစ်တယ်`လို့ ဦးသိန်းသန်းထွန်းက ပြောပါတယ်။
တချိန်က လျှမ်းလျှမ်းတောက်အာဏာရှိခဲ့တဲ့သူတွေဟာလည်း အကျဉ်းထောင်ထဲရောက်နေတာကို သံဝေဂရစရာအဖြစ်ပါ။ ရှေ့နေကြီးတွေ ဆရာဝန်ကြီးတွေရဲ့ စကားတွေကိုနားထောင်ရင် ကျမလည်း ဖေဖေရဲ့အဖြစ်အပျက်တွေ ငယ်ဘ၀တွေကို ပြန်သတိရစေတော့တာပါပဲ။
ကျမ ဖေဖေ ဦးထွန်းထွန်းဟိန်ဟာလည်း နအန်အယ်ဒီပါတီဝင်တဦးဖြစ်သလို နိုင်ငံရေးလုပ်တဲ့အတွက် လိုင်စင်အသိမ်းခံခဲ့ရတဲ့ ရှေ့နေတဦးပါပဲ။
ဖေဖေရှေ့နေဘ၀တုန်းက ကျမ ကလေးဘ၀တုန်းက ဖေဖေ့ကို ကျမ မေးခဲ့ဖူးပါတယ်။ ဖေဖေ ဘာဖြစ်လို့ ရှေ့နေလုပ်တာလဲဆိုတဲ့ မေးခွန်းကိုပါ။ အဲဒီတုန်းက ဖေဖေက ဖြေခဲ့ပါတယ်။
`ရှေ့နေဆိုတာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အရေးကြီးတဲ့သူတွေ၊ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တဲ့ ကာကွယ်ချင်တဲ့သူတွေက ရှေ့နေ အလုပ်ကိုလုပ်ကြတယ်။ဖေဖေကလည်း တိုင်းပြည်ကိုချစ်လို့ ကိုယ့်တိုင်းပြည်က တရားစီရင်ရေးကို ကိုယ်တတ်သလောက် ၊ နိုင်သလောက် အင်အားနဲ့ ထိန်းမတ်မယ်ဆိုပြီး လုပ်ခဲ့တာပဲ` လို့ဖေဖေက ကျမခေါင်းကို ဖွဖွလေးကိုင်ပြီး ပြောခဲ့ပါတယ်။အဲဒီစကားနဲ့အညီ ဖေဖေဟာ ရှေ့နေဘ၀မှာ အများလေးစားခံရတဲ့ ရှေ့နေအဖြစ် နာမည်ကောင်းရခဲ့တယ်လို့ ဖေဖေ့မိတ်ဆွေတွေက ကျမဖေဖေနဲ့ပတ်သက်ပြီး ပြောပြခဲ့ဖူးပါတယ်။
ကျမငယ်စဉ်ကလေးဘ၀တုန်းက ဖေဖေနဲ့အတူတူ တရားရုံးတွေကို လိုက်သွားတဲ့အခါတိုင်း အနက်ရောင်တိုက်ပုံဝတ်ပြီး တရားခွင်မှာ လျှောက်လဲချက်ပေးနေတဲ့ ဖေဖေ၊ အမှုသည်တွေရဲ့ အားကိုးတကြီး မျက်ဝန်းတွေနဲ့ အားကိုးတကြီး တိုင်တည်မှုတွေကို နားထောင်ဆောင်ရွက်ပေးနေတဲ့ ဖေဖေ့ကို သိပ်အားကျအထင်ကြီးလေးစားမိခဲ့တာပါပဲ။
ဖေဖေဟာ ကျမအတွက် အမြဲတမ်း သူရဲကောင်း တဦးပါ။
၁၉၈၈ နှစ်မှာ ဖေဖေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ သပိတ်ဥက္ကဋ္ဌဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဖေဖေ အဖမ်းခံခဲ့ရတယ်၊ ၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီကနေ ရှမ်းပြည်နယ်နောင်ချိုကနေ အရွေးခံခဲ့ပါတယ်။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲမှာ ဖေဖေတို့ အနိုင်ရခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး မကြာခင်မှာ ဖေဖေတို့ပြန်လည်းထိန်းသိမ်းခံခဲ့ရပါတယ်။ပြီးတော့ အခြားအန်အယ်ဒီပါတီက ကိုယ်စားလှယ်တွေနဲ့အတူ ရန်ကုန်တိုင်းက ညောင်နှစ်ပင်မှာ ကျင်းပတဲ့ အမျိုးသား ညီလာခံတက်ရပါတယ်။ ညီလာခံက ထွက်လာခဲ့ပြီးနောက်ပိုင်း ဖေဖေလည်း နိုင်ငံရေးကို ဆက်လုပ်ခဲ့တာပါပဲ။
နောက်ပိုင်းကာလမှာကျမ မှတ်မိတာကတော့ ဖေဖေ့ရဲ့ ရှေ့နေလိုင်စင်အသိမ်းခံရတာပါပဲ။ အဲဒီတုန်းက ဖေဖေကပြောခဲ့ဖူးတယ်
`ဖေဖေ ရှေ့နေဘ၀မှာ ကိုယ်ကျင့်တရား မပျက်ဘူး၊ အမှားအယွင်းလည်း မရှိဘဲနဲ့ လိုင်စင်သိမ်းခံခဲ့ရတာ။ ဒါဟာ မတရာသဖြင့်လိုင်စင်သိမ်းခံလိုက်ရတယ်လို့ ပြောနိုင်တယ်။ အဲဒါဟာ တရားဥပဒေရဲ့ အထက်မှာ အုပ်ချုပ်ရေးရှိနေလို့။ ဖေဖေတို့တိုင်းပြည်မှာ လူ့အခွင့်အရေးမရှိလို့ပဲ`လို့ ဖေဖေပြောခဲ့ဖူးပါတယ်။
ကျမ စိတ်ထဲမှာ အဲဒီစကား ဟာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကျမ အထက်တန်းအောင်တော့ ကျမက စာရေးဆရာမလုပ်ချင်တယ်လို့ မေမေနဲ့ ဖေဖေကို ပြောခဲ့ပါတယ်။
အဲဒီတုန်းက ဖေဖေက ကျမကို ဂျာနယ်လစ် လုပ်ပါလို့ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲ လို့ ကျမမေးတော့ ဖေဖေက `တရားရေးမဏ္ဍိုင်ကို ပြည်သူတွေက အားကိုးလို့မရဘူး၊ တရားစီရင်ရေးကို အုပ်ချုပ်သူအာဏာပိုင်တွေက ၀င်စွက်ဖပ်နေတာတွေ ရှိနေတယ်။ တရားသူကြီးတွေက အထက်ကချခိုင်းတဲ့အမိန့်အတိုင်းချနေရတယ် ၊ အဲဒါဟာ ပြည်သူတွေအတွက် အန္တရာယ်ကြီးတယ်၊ တရားရေးမဏ္ဍိုင်တည့်မတ်မှု မရှိရင် ပြည်သူတွေအတွက် မီဒီယာဖြစ်တဲက စတ္ထုမဏ္ဍိုင်က အားကိုးရမှ ဖြစ်မယ်၊ `လို့ ဖေဖေက ကျမရဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာကို အဲဒီလို အကြံပေးလမ်းကြောင်းပေးခဲ့ပါတယ်။
ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်ခဲ့လို့ မကြာခဏဖမ်းဆီးခေါ်ဆောင်ခြင်းထောင်ဒဏ်ကျခံခဲ့ရတဲ့အပြင် လုပ်ငန်းလိုင်စင်ပါ အသိမ်းခံခဲ့ရခြင်းဟာ ပြည်သူတယောက်အနေနဲ့ နစ်နာလှပါတယ်။ မိသားစုလိုက်ကြည့်မယ်ဆိုရင် အများကြီး ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ခုချိန်မှာ နိုင်ငံရေးလုပ်လို့ လိုင်စင်သိမ်းခံခဲ့ရသူတွေနဲ့ မိသားစုအခက်အခဲတွေကို နားထောင်နေရင်းနဲ့ကျမလည်း ကိုယ့်အဖြစ်အပျက်ကို ပြန်အမှတ်ရမိစေတာပါ။
ဖေဖေ ရှေ့နေလိုင်စင်အသိမ်းခံရပြီးတဲ့နောက်မှာ ကျမဟာ အထက်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသူအဖြစ် တက်ခွင့်ရဖို့ စောင့်နေချိန်ပါ။လိုင်စင်သိမ်းခံရလို့ ရှေ့နေအလုပ်လက်မဲ့ဘ၀နဲ့ ဖေဖေနိုင်ငံရေးဆက်လုပ်နေချိန်မှာ အမေကျောင်းဆရာမ လစာနဲ့ မလောက်ငှတဲ့ အတွက် ကျောင်းစရိတ်အတွက် ရော မိသားစု စားဝတ်နေရေးမှာပါ ငွေကြေး အခက်အခဲတွေအများကြီး ကြုံခဲ့ရပါတယ်။အဲဒီ ဘ၀အတွက် မမေ့နိုင်တဲ့အခက်အခဲတွေကိုကြုံခဲ့ရတဲ့အတွက်
ဒီနေ့ပွဲမှာ ဒေါက်တာမြင့်နိုင်ပြောခဲ့တာကို ကျမခံစားနားလည်မိတယ်။
ဒေါက်တာမြင့်နိုင်ဟာ နိုင်ငံရေးလုပ်လို့ထောင်ဒဏ်ကျခံခဲ့ရတယ်၊ ဆရာဝန်လိုင်စင် ဆမ သိမ်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ထီရောင်းပြီး မိသားစု စားဝတ်နေရေးအတွက်အလုပ်လုပ်ခဲ့ရတယ်၊ ပြီးတော့ အရုပ်လုပ်ရောင်းခဲ့ရတယ်။ဆရာဝန်တယောက်ရဲ့ ဘ၀ ပျက်ဆီးသွားခဲ့ရပါတယ်။ တိုင်းပြည်အတွက်လည်း ဆရာဝန်တယောက် နစ်နာဆုံးရှုံးခဲ့ကြောင်း သူပြောခဲ့ပါတယ်။
္ခုခုလို လိုင်စင်အသိမ်းခံရတာကို ကျနော်တို့မှားလို့လို့ လက်မခံပါဘူး၊ နောင်တလည်းမရပါဘူး လိုင်စင်မရှိပေမဲ့ လိုင်စင်မဲ့ ရှေ့နေအဖြစ် ပြည်သူတွေကို ကူညီပေးနေပါတယ်၊ ခုလို တောင်းဆိုတာ အသနားခံတာ မဟုတ်ပါဘူး၊ မတရားအသိမ်းခံခဲ့ရတဲ့အကြောင်း မီဒီယာတွေကို အသိပေးပြောကြားတာပါ၊ သမတကြီးဆီကို အသနားခံဖို့လည်း စိတ်ကူးမရှိပါဘူး၊ တိုင်းပြည်အတွက်တော့ ကျနော်တို့လုပ်နိုင်တဲ့ဘက်ကနေ ဆက်လုပ်နေဦးမှာပါ...တဲ့။ အဲလို လိုင်စင်အသိမ်းခံခဲ့ရတဲ့ ရှေ့နေကြီါ် တဦးက ဒီကနေ့ သတင်းစာရှုးလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးလုပ်တဲ့အတွက် လိုင်စင်သိမ်းခံရတဲ့ ရှေ့နေ ၂၂ ဦးရှိပြီး ဆရာဝန် ၇ ရှိကြောင်း သိရပါတယ်။ အဲလို လိုင်စင်သိမ်းခံလိုက်ရတဲ့ ရှေ့နေတွေ ဆရာဝန်တွေအားလုံးဟာ တိုင်းပြည်ကိုချစ်တဲ့သူ နိုင်ငံ့အရေးကို ဆောင်ရွက်ခဲ့ကြသူတွေပါ။အဲဒကြောင့်လဲ နောက်နောင် ရှေ့နေနဲ့ဆရာဝန်တွေထဲက နိုင်ငံရေးမျိုးဆက်သစ်တွေ ထွက်မလာရဲလောက်အောင်ပဲ နှိပ်ကွက်ပစ်လိုက်တာလို့ မြင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဒါကတော့ တချိန်တုန်းက နိုင်ငံ့အရေးကို မလုပ်ရဲလောက်အောင် မတရားဆောင်ရွက်ခဲ့တဲ့လုပ်ခဲ့တဲ့လုပ်ရပ်တွေပါပဲ။ ခုလို ဒီမိုကရေစီနိုင်ငံလို့ ပြောနေချိန်မှာာ ဒီလို မတရားမှုတွေ ရှိဦးမှာလား။
နိုင်ငံတော်သမ္မတကြီးဆီကို ပြီးခဲ့တဲ့ အပတ် နိုဝင်ဘာလ ၂၈ ရက်နေ့က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလုပ်ရှားသူများ၏ အသက်မွေးဝမ်းကြောင်းလိုင်စင်နှင့် ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေးစာတင်ထားခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတော်သမ္မတကြီးကတော့ ဘယ်လိုစဉ်းစားမယ် မသိပါဘူး။ ကျမကတော့ အဆိုပါရှေ့နေတွေ ဆရာဝန်တွေကို လိုင်စင်ပြန်ပေးခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိမဲ့ ကိစ္စလိုပဲမြင်မိပါတယ်။
တရားရေးမဏ္ဍိုင်တည့်မတ်ဖို့အတွက် မဟုတ်မခံစိတ်ရှိတဲ့ ရှေ့နေ၊ အမှန်တရားအတွက် သတ္တိရှိရှိနဲ့ ထောင်မကြောက်ဘဲ ဆောင်ရွက်ရဲတဲ့ ရှေ့နေ၊ နိုင်ငံ့အရေးကို ကိုယ့်မိသားစုအရေးထက် ပိုပြီးအလေးထားတဲ့ ခုလို နိုင်ငံရေးသမား ရှေ့နေတွေကို ကျမတို့ မြန်မာနိုင်ငံအတွက် လိုအပ်ပါတယ်။
ယနေ့မြန်မာပြည်မှာ ဆေးတက္ကသိုလ်က ဆင်းပြီးနိုင်ငံခြားထွက်သွားတဲ့ ဆရာဝန်တွေ အများကြီး ရှိတယ်၊ အဲဒီလို ဆရာဝန်မျိုးတွေထက် မျိုးချစ်စိတ်ရှိတဲ့ တိုင်းပြည်ချစ်တဲ့ ဒေါက်တာမြင့်နိုင်တို့လို ဒေါက်တာဇော်မြင့်မောင်တို့လို ဆရာဝန်တွေက အများကြီး တန်ဖိုးရှိပါတယ်။
တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့ ဆရာဝန်ဟာ ငွေကို ချစ်တဲ့ဆရာဝန်တွေထက်တော့သာလွန်တာအမှန်ပါပဲ။ ပြည်သူ့အတွက် အသုံးဝင်သောတန်ဖိုးရှိသော ဆရာဝန်တွေပါ။
သူတို့တွေကို အရင်လို ဆမလိုင်စင်တွေ ပြန်ထုတ်ပေးတာ ရှေ့။နေ သိမ်းထားတဲ့ လိုင်စင်တွေ ထုတ်ပေးခြင်းအားဖြင့် ပျက်ဆီးနေသော ကျမတို့တိုင်းပြည်ကို ပြန်လည် ကယ်တင်နိုင်ပါတယ်။
ကျမတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလူတွေလိုအပ်ပါတယ် သမ္မတကြီးရယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အရေးလုပ်ကြတာပါ။ ကျမတို့ နိုင်ငံမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် နိုင်ငံ့ အရေး လုပ်တဲ့သူ များများရှိဖို့ လိုအပ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
အမျိုးသားဆိုင်ရာ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ကြသူများရဲ့ ကိုယ့်အခွင့်ရေးကိုယ်ပြန်လည်တောင်းဆိုခြင်း
Reviewed by သစ်ထူးလွင်
on
02:08
Rating:

No comments:
Post a Comment