![]() |
ပဲခူးတိုင်း ရုမ်းကြီးကျေးရွာမှာ ရေ ရဖို့တန်းစီးနေပုံ |
![]() |
ရန်ကုန်မြို့တော် |
''တစ်နေ့ နှစ်ပုဒ်နေ့တိုင်းရေး နေတာတွေ လျော့လိုက်ပါတော့။ တစ်ပတ်နှစ်ပုဒ်လောက်ပဲရေးပြီး နားနားနေနေ သက်သက်သာသာနေဖို့ကောင်းပြီ'' အဖေဖြစ်သူကို မွေးကင်းစ ကလေးငယ်လေးတစ်ယောက် စောင့်ကြည့် သလို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေလေ့ရှိတဲ့ သမီးရဲ့ ပြောစကားဖြစ်တယ်။
ရန်ကုန်ကို စွန့်ခွာဖို့
ဖြစ်လိုက်ရင် အားလုံးမျက်လုံး ပြူး မျက်ဆန်ပြူး ဖြစ်ရလောက် အောင် အသည်းအသန်ဖြစ်တတ်တာကြောင့် ရာသီဥတု ပူပြင်းလာပြီဆိုရင် သမီးက စိတ်ပူမြဲဖြစ်တယ်။ အချိန်ပြည့် အောက်စီဂျင်ပိုက်တပ်မထားရဘဲ မောတဲ့ အချိန်လောက်သာ တပ်ရတဲ့အချိန်တွေတုန်းကဆို ရင်ပူစပြုတာနဲ့ မေမြို့(ပြင်ဦးလွင်) သွားပြီး ဒေါ်ဒေါ်(လူထုအမေမာ)နဲ့ နေဖို့ ဆော်သြလေ့ရှိတယ်။ အခုတော့ မသွားနိုင်တော့တာတောင် ခြောက်နှစ်ကျော်၊ခုနစ်နှစ်ရှိပြီ။ ရန်ကုန် အပူဒဏ်တွေကို လှိမ့်ခံနေရတယ်။ အဲဒီအခါမျိုးမှာ စာရေးတာနားထားဖို့ အမြဲပြောတတ်တယ်။ တစ်ခါတလေကျတော့ ရန်ကုန်ကိုအပြီးစွန့်ခွာပြီး အေးတဲ့ဒေသမှာ သွားနေကြ ဖို့လည်း ပြောတတ်တယ်။
ရှမ်းပြည်နယ်ကို သံယောဇဉ်ကြီး
သမီးက ရန်ကုန်မှာမွေးပေမယ့် ၈ တန်းအောင်တဲ့ထိ တောင်ကြီးနဲ့ ကလောမှာ နေထိုင်ကြီးပြင်းခဲ့ရတာ ဖြစ်လေတော့ ရှမ်းပြည်နယ်ကို အတော်သံယောဇဉ်ကြီးတာ။ အစားအသောက်ကအစ သီပေါသူအမေနဲ့တူလို့ ရှမ်းခေါက်ဆွဲတို့၊ ရှမ်းမုန့်တီ တို့၊ ခေါပုတ်တို့ပဲ ကြိုက်တယ်။ မုန့်တီမကြိုက်ဘူး။ မုန့်ဟင်းခါး မကြိုက်ဘူး။ ပြင်ဦးလွင်မှာတော့ ရှမ်းစာတွေလည်းပေါ၊ ရာသီဥတုကလည်း ကလောလိုအေးတော့ အဖေ ပြင်ဦးလွင်မှာ နေချင်လည်း အနီး စခန်းမှာရှိတဲ့ ခြံလေးထဲအိမ်ဆောက် လိုက်တာပေါ့လို့ နွေရာသီရောက်တိုင်း ပြောမြဲဖြစ်တယ်။ ဒါပေမယ့် ခုချိန်အထိ ရန်ကုန်ကမခွာနိုင်သေးပါဘူး။
စိတ်ပျက်စရာ
ရန်ကုန်မှာ ရေမကြည်ပါဘူး။ မြက်လည်းမနုပါဘူး။ ပစ္စန္တရစ် အရပ်ကြီးတစ်ခုလိုစိတ်ပျက်စရာပါ။ ဒါဖြင့်ရင် ဘာကြောင့် ရန်ကုန်ကို မစွန့်ခွာနိုင်သေးတာလဲ။ စာရေးတဲ့ ကိစ္စကြောင့်တော့ မဟုတ်တာ သေချာတယ်။ အရင်က ဒေါ်ဒေါ်(လူထု အမေမာ)နဲ့အတူ ပြင်ဦးလွင်မှာ သုံး လေးလနွေခိုကြစဉ်က စာတွေရေးပြီး အမြန်ချောနဲ့ ပို့လို့အဆင်ပြေနေတာပဲ။ အခုဆို အီးမေးနဲ့ပို့မလား၊ ဖက်စ်နဲ့ပို့မလား ပိုလို့တောင် လွယ်သေး။ ရန်ကုန်က မစွန့်ခွာနိုင်တဲ့ အကြောင်းရင်းကို သေသေချာချာ စဉ်းစားကြည့်တယ်။ စီးပွားရေးလုပ်သူမဟုတ်တော့ လုပ်ကွင်းလုပ်ကွက်တွေနဲ့ ဈေးကွက်တွေလည်း ကြည့် နေဖို့ မလိုဘူး။ ၀န်ထမ်းမဟုတ်လို့ ရုံးကိစ္စတို့ဘာတို့လည်း စဉ်းစားစရာ မရှိဘူး။
အရေးကိစ္စမှန်သမျှ
ရန်ကုန်ဟာ ပထမမြို့တော်မဟုတ်တာ အတော်တောင်ကြာပါပြီ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်မှုတန်ဖိုးကတော့ ကျမသွားဘူး။ အရင်အတိုင်းပဲ။ လူတိုင်းအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နေရေးထိုင်ရေး စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အရေးကိစ္စမှန် သမျှ ရန်ကုန်လောက်ပြည့်စုံတာ ဘယ်မှမရှိဘူး။ ကိုယ့်ကိစ္စကိုယ် ပြောရင်တောင် ရန်ကုန်ကလွဲပြီး ဘယ်မှနေမဖြစ်ဘူးလို့ ပြောရမှာပဲ။ အောက်စီဂျင်ကို စက်နဲ့ ရှူတယ်ဆိုပေမယ့် မီးပျက်တဲ့အခါသုံးဖို့ ဆေးရုံတွေမှာသုံးတဲ့အိုးလည်း ဆောင်ထားရတယ်။ အဲဒီအိုးက ကုန်သွားရင် ပြန်ဖြည့်ရတယ်။ ရန်ကုန်မှာတော့ ကုန်တာနဲ့ ဖုန်းဆက်လိုက်ရင် နာရီဝက်အတွင်း အိမ်အရောက် လာပို့တယ်။ မန္တလေးတို့ ပြင်ဦးလွင်တို့မှာ အဲဒီလိုလုပ်လို့ မရဘူး။ ကိုယ်တိုင် အိုးလွတ်ယူသွားပြီး ဖြည့်ခိုင်းရတယ်။ တစ်ရက်အလုပ်မဟုတ်တော့ မလွယ်ဘူး။
ဖွံ့ဖြိုးမှုကွာခြားချက် အဆမတန်ကြီးမားလာခြင်းက လူမှုရေး ပြဿနာမျိုးစုံကို ဖြစ်ပေါ်လာစေပြီး အဲဒီက နောက်တစ်ဆင့်တက်တော့ လူ့အဖွဲ့အစည်းအတွင်းက ပဋိပက္ခတွေကို ပြင်းထန်လာစေတယ်။ အဲဒါတွေကို တားဆီးဖို့အတွက် ကျေးလက်နဲ့ မြို့ပြကွာဟမှုပပျောက်ရေး ဆောင်ရွက်သလို၊ မြို့ကြီးမြို့ငယ်တွေကြား ဖွံ့ဖြိုးမှု တစ်ဖက်စောင်းနင်းမဖြစ်အောင်လည်း ဆောင်ရွက်ဖို့လို . . . |
ဆေးရုံကြီးကို ပြေးကြရတာပဲ
အခုဆိုရင် အခြေအနေက သန့်စင်ခန်းဝင်တာ၊ ရေချိုးတာတောင် ပိုက်ဖြုတ်ထားလို့ မရတော့ဘူး။ အချိန်ပြည့်တပ်ထားရတယ်။ အောက် စီဂျင်စက်ကြီးကို ရေချိုးခန်းထဲကို ယူသွားလို့ မဖြစ်တော့ သံအိုးကို ယူသွားရတယ်။ ဒီတော့ နှစ်ရက်တစ်ခါလောက် အိုးလဲရတယ်။ ဒီလို ဝေယျာဝစ္စတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ အသက်ရှင်နေရတာဖြစ်တော့ စိတ်သွားတိုင်း ကိုယ်ကမပါနိုင်ဘူး။ ဒါတင်မက၊ ပုဂ္ဂလိကဆေးရုံတွေ ဘယ်လောက်ကောင်းတယ်ပြောပြော တကယ်အရေးကြုံလာတော့ ရန်ကုန်ဆေးရုံကြီးကို ပြေးကြရတာချည်းပဲ။ တချို့စက်ကိရိယာမျိုးတွေက အစိုးရဆေးရုံကြီးမှာပဲ ရှိတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို ပုဂ္ဂလိက ဆေးရုံတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ချင်ကြတာမဟုတ်ဘူး။
အသက်ကို ဖက်နဲ့ထုပ်
ကိုယ့်အခြေအနေက ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့ လက်တစ်ကမ်းလောက်အဝေးမှာသာ နေလို့ဖြစ်တာ။ စိတ်ရှိပေမယ့်လက်တွေ့မှာ အခြေအနေက မပေးဘူး။ ကျေးလက်နဲ့ မြို့ပြဆိုတာထား၊ ရန်ကုန်နဲ့ မန္တလေး တောင် ကွာခြားချက်က သိပ်ကြီးတယ်။ ကိုယ်ကလည်း အသက်ကို ဖက်နဲ့ထုပ်ထားသလို ယဲ့ယဲ့ကလေး နေရတာမဟုတ်လား။ ဘယ်မှာ မြို့ငယ်လေးတွေမှာ နေလို့ဖြစ်မှာလဲ။ မန္တလေးဆိုတာ မြို့ငယ်လေး မဟုတ်ပါဘူး။ အခုလည်း မြို့ကြီးပါ။ ရှေးကဆို နေပြည်တော်ပါလို့ ဘယ်လိုပဲပြောပြော လိုအပ်ချက်တွေပြည့်စုံမှုကတော့ အများကြီး ကွာခြားလှပါတယ်။
အမှိုက်ပြဿနာ
မန္တလေးနဲ့ ရန်ကုန်သာ ကွာခြားလွန်းတာ မဟုတ်ဘူးခင်ဗျ။ မန္တလေးနဲ့ မုံရွာလည်း အများကြီး ကွာခြားပါတယ်။ မန္တလေးနဲ့ လားရှိုး၊ မန္တလေးနဲ့ တောင်ကြီးတို့လည်း အများကြီးကွာခြားပါတယ်။ ဒီလိုကွာခြားလွန်းတော့ နှစ်တွေကြာလာတဲ့အခါမှာ ရန်ကုန်လိုမြို့ကြီးရဲ့လူဦးရေက အဆမတန်တိုးပွား လာတဲ့အတွက် ပြဿနာပေါင်းစုံ ပေါ်ပေါက်လာခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်မှာ အမှိုက်ပြဿနာကြောင့် တာဝန်ရှိသူတွေ တော်တော် ခေါင်းကိုက်နေကြရပြီ။ သိပ်မကြာခင်မှာ ရေမလုံလောက်မှု ကြုံတွေ့လာမယ့် လက္ခဏာတွေစပြီး ပြနေပြီ။ နေစရာအိမ်အခက်အခဲတွေလည်း မလွဲမသွေ ကြုံတွေ့ကြရလိမ့်မယ်။ အခုတောင် ၀န်ထမ်းမိသားစုတွေ အရင်က လို ရေကျော်၊ ပုဇွန်တောင်၊ ကျောက်မြောင်းစတဲ့ ရပ်ကွက်မျိုးမှာ အိမ်ငှား မနေနိုင်ကြတော့ဘူး။
ခြေသလုံးအိမ်တိုင်လူတန်းစား
ဖွံ့ဖြိုးတိုးတက်မှု ကွာခြားလွန်းတော့ နယ်ကလူတွေမြို့တက်လာပြီး ကြုံရာကျပန်းလုပ်ကြတာတွေ တစ်နေ့တခြား များသထက်များလာတယ်။ ၁၉၄၈၊ ၄၉၊ ၅၀ ပြည်တွင်း စစ်အရှိန်အပြင်းဆုံးကာလများက ရန်ကုန်မှာ ကျူးကျော်ရပ်ကွက်တွေ ရှောင်မလွတ်အောင် များပြားလာခဲ့ဖူးတယ်။ ပြည်တွင်းစစ် အရှိန်သေသွားတော့လည်း အဲဒီလူတွေကနယ် မပြန်ကြတော့ဘူး။ ဒီလိုနဲ့ပဲ ၁၉၅၀ ၀န်းကျင်က လူဦးရေ ငါးသိန်းသာသာလောက်ပဲရှိတဲ့ ရန်ကုန်လူဦးရေ ဟာ သိန်း ၂၀ ကျော်အထိ ရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် မြို့ကြီးတိုင်းမှာ အိုးမဲ့အိမ်မဲ့ ခြေသလုံးအိမ် တိုင်လူတန်းစား (ခုခေတ်အခေါ် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ) တွေရဲ့ပြဿနာဟာ တစ်နေ့တခြား ဆိုးသထက်ဆိုးလာတာကို တွေ့ကြရတယ်။
တစ်ဖက်စောင်းနင်း၊ မဖြစ်အောင်
တရုတ်ပြည်မှာလည်း ရှေးကမရှိပေမယ့် အခုတော့ လယ်သမားတွေ မြို့တက်ပြီး ကြုံရာကျပန်းလုပ်တာတွေ ထိန်းမနိုင်သိမ်းမရ အခြေ အနေမျိုးထိ ရောက်လာတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရတယ်။ ဖွံ့ဖြိုးမှု ကွာခြားချက် အဆမတန် ကြီးမားလာခြင်းက လူမှုရေးပြဿနာမျိုးစုံကို ဖြစ်ပေါ်လာစေပြီး အဲဒီကနောက်တစ်ဆင့်တက်တော့ လူ့အဖွဲ့အစည်းအတွင်းက ပဋိပက္ခတွေကို ပြင်းထန်လာစေတယ်။ အဲဒါတွေကို တားဆီးဖို့ အတွက် ကျေးလက်နဲ့ မြို့ပြကွာဟမှု ပပျောက်ရေးဆောင်ရွက်သလို၊ မြို့ကြီးမြို့ငယ်တွေကြား ဖွံ့ဖြိုးမှု တစ်ဖက်စောင်းနင်းမဖြစ်အောင်လည်း ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော်လိုက်ပါရစေ။
WRITTEN BY လူထုစိန်ဝင်း
Eleven Media Group
ကွာဟချက် တစ်ဖက်စောင်းနင်းမဖြစ်စေဖို့
Reviewed by သစ်ထူးလွင်
on
10:55
Rating:

No comments:
Post a Comment