ဒဂုံမြို့သစ်မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံလို သူများလာ သည့် အတွက် မြေကွက်ဈေးနူန်းများမြင့်တက်


ဒဂုံမြို့သစ်မြို့နယ်များတွင် မြေ၀ယ်ယူစုဆောင်းလိုသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ စက်ရုံအလုပ်ရုံ များ တည်ဆောက်လုပ်ကိုင်နိုင်ရန်အတွက်  မြို့သစ်မြို့နယ်များရှိ မြေကွက်များအားဈေးကောင်းပေးဝယ်ယူလာခြင်း ကြောင့် မြို့သစ်မြို့နယ်များတွင် မြေကွက်ဈေးနူန်းများမြင့်တက်လျက်ရှိကြောင်းသိရသည်။
“မြေကွက်ဈေးတွေက အရင်ကလည်းတက်တယ်ဗျ။ အခုက စီးပွားရေးလုပ်ဖို့စက်ရုံတွေဆောက်မှာမလို့ မြေတစ်ကွက်ဝယ်လိုက်ရင် ဘေးကအကွက်ကိုပါ ဈေးကောင်းပေးဝယ်လာကြတော့ ဈေးတွေ အရမ်းတက်သွားတာပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် မြေကွက်များအား လေ့လာနေသူ တစ်ဦးဖြစ်သည့် ဦးယဉ်ဟန်ကပြောသည်။
မြေကွက်များမှာ နေရာအနေအထားပေါ်မူတည်ပြီးဈေးနူန်းအပြောင်းအလဲရှိသော်လည်း လုပ်ငန်းရှင်များ၊ ၀ယ်ယူစုဆောင်းသူများမှ မြေကွက်များအား အတွဲလိုက်ဝယ်ယူမူများကြောင့် မြေကွက်ဈေးနူန်းများမှာ ခေါ်ဈေးထက် ဈေးပိုပေး၍၀ယ်ယူလာခြင်းဖြစ်ကြောင်းသိရသည်။
“တိုက်ဆောက်ချင်တဲ့သူတို့၊ စက်ရုံဆောက်ချင်တဲ့သူတို့၊ လက်ဖက်ရည်ဆိုင်ဖွင့်ချင်တဲ့သူတွေက မြေကွက်တွေ အတွဲလိုက်ဝယ်တော့ ဈေးတွေကထင်ထားတာထက်ပိုရလာတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၆ရပ်ကွက်မှ အိမ် ရောင်းဝယ်ရေး ပွဲစားလုပ်ကိုင်သူ မနော်ကပြောသည်။
၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရပ်ကွက်များတွင် ပေ ၄၀x ပေ ၆၀မြေကွက်များမှာ ကျပ် သိန်း ၄၀ ၀န်းကျင်သာရှိခဲ့ရာမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြေကွက်ဈေးနူန်းများဆက်လျက်မြင့်တက်လာခဲ့ပြီး ကျပ် သိန်း ၁၅၀ ၀န်းကျင်ထိမြင့်တက်လာခဲ့သည်။
မြို့သစ်များတွင် လမ်းမကြီးဘေးဝဲယာရှိ မြေကွက်များမှာလည်း ပေ ၄၀x ပေ၆၀ မြေကွက်များမှာကျပ်သိန်း ၅၀၀ ၀န်းကျင်ရှိခဲ့ရာ ယခု ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ကျပ်သိန်း ထောင်ဂဏန်းအထိ မြင့်တက်လာကြောင်းသိရသည်။
“လမ်းကြီးဘေးက မြေကွက်ဆို ၀ယ်သူလည်းကြိုက်တယ်။ ဈေးကောင်းလည်းပိုရလာတယ်။ ပြီးခဲ့တဲ့လလောက် က ရောင်းလိုက်တဲ့ ၃၅ ရပ်ကွက်ကမြေကွက်ဆို ကျပ်သိန်း ၈၀၀ လောက်ရတယ်။ အခုနောက် တစ်ယောက် ပြန် ၀ယ်လိုက်တာ ကျပ် သိန်း ၁၁၀၀ လောက်ဖြစ်သွားတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ၃၅ ရပ်ကွက်တွင် နေထိုင် သူ ဦးအောင်ပု ကပြောသည်။
အောင်ကိုကိုလတ်(မြစ်မခ)

ဒဂုံမြို့သစ်မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံလို သူများလာ သည့် အတွက် မြေကွက်ဈေးနူန်းများမြင့်တက် ဒဂုံမြို့သစ်မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံလို သူများလာ  သည့် အတွက် မြေကွက်ဈေးနူန်းများမြင့်တက် Reviewed by သစ်ထူးလွင် on 19:18 Rating: 5

No comments:

Powered by Blogger.