မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုများ၏ ကုန်ကျစရိတ် မှ ၈၅ ရာခိုင်နှုန်းခန့်ကို လူထုမှ ကုန်ကျခံနေပြီး အစိုးရဘက်မှ ၁၀ ရာခိုင်နှုန်း ကျခံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၉ ဒသမ ၁၃ သန်းတွင် ရှိ နေပြီး ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၌ Public Sector တွင် ဆရာဝန် ၁၀၉၂၇ ဦး၊ Private Sector တွင် ဆရာဝန် ၁၅၅၀၈ ဦး၊ အခြားသော ကျန်းမာရေး ၀န်ထမ်းဦးရေ ၁၂၈၀၀ ကျော်စသည်ဖြင့် အသီးသီးရှိနေကြောင်း Water Supply and Sanitation Collaborative Council မှ Country Coordinator ဒေါက်တာ ခင်မောင်လွင်က Green Economy & Green Growth ညီလာခံ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်နေကြပြီး အဆိုပါကျေးလက်များ၏ အခြေခံကျန်းမာရေးအပိုင်းတွင် သင်တန်းပေးထားသော စေတနာ့ဝန်ထမ်း ၄၄၀၀၀ ကျော် သည် ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်ဆောင်ပေးနေကြသည်။
“လူဦးရေနဲ့ယှဉ်ရင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်စွမ်းဟာ နည်းပါးနေပါသေးတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ယခုအခါတွင် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ပြင်ဆင်နေသည်ဟု သိရှိရသည်။
ဖွံ့ဖြိုးမှုလုပ်ငန်းများကို လုပ်ဆောင်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ၏ ကျန်းမာစွာ လုပ်နိုင်စွမ်းရှိသော လုပ်အားမှာလည်း အရေးပါနေပြီး ထို့အတွက် ကျန်းမာရေးကဏ္ဍမှာ အရေးကြီးကြောင်းလည်း ဒေါက်တာ ခင်မောင်လွင်က ဆိုပါသည်။
၂၀၀၅ ခုနှစ်က ချမှတ်ခဲ့သော Bangkok Charter အရ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်မှုသည် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက ဗဟိုချက်ဖြစ်နေကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ တာဝန်ယူမှုအပိုင်းများ လိုအပ်ကာ လူထု နှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းနိုင်မှုလည်း လိုအပ်ကြောင်း သိရှိရသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုဝန်းကျင်ကို အကောင်အထည် ဖော်ရာတွင် နယ်ပယ်အားလုံးပါဝင် နေရာ၌ ကျန်းမာရေးကဏ္ဍနှင့် လူထု၏ ပါဝင်မှုစွမ်းအားသည် အဓိကအချက် တစ်ခု ဖြစ်နေသည်။
“အစိမ်းရောင် ကျေးရွာများဆိုပြီး လုပ်ဆောင်တဲ့နေရာမှာ ကျေးလက်ဒေသတွေဟာ ဖွံ့ဖြိုးမှုနည်းပြီး ဆင်းရဲကြတယ်။ ကျန်းမာရေးမြှင့်တင်မှုတွေကို ဆောင်ရွက်တဲ့အခါ အဖွဲ့အစည်းတွေ အနေနဲ့ ကျေးရွာ တွေက အသံတွေကို နားထောင်စေချင်ပါတယ်”ဟု ဒေါက်တာခင်မောင်လွင် က ပြောကြားခဲ့သည်။
သတင်း---Eleven Media Group
လူထုကျန်းမာရေး အစိုးရက ၁၀% သာ တာဝန်ယူ
Reviewed by သစ်ထူးလွင်
on
10:42
Rating:

No comments:
Post a Comment