ကလေးပျေက်မှာစိုးရိမ်းနေကြတဲ့ မိဘများ ကျောင်းအကြိုအပို့ လုပ်နေပုံ |
အဆိုပါနေ့ ကျောင်းဆင်းချိန်ရပ်ကွက်အတွင်းသို့ အသက် ၄၂ နှစ်အရွယ် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ပဒုမ္မာလမ်းပေါ်တွင် အချိန်ကြာမြင့်စွာရပ်တန့်နေမှုကြောင့် ဒေသခံများက သင်္ကာမကင်းဖြစ်ကာ မေးမြန်းခဲ့ကြကြောင်း၊ ယင်းအမျိုးသမီးက ၎င်းသည် အများပြည်သူပိုင်လမ်းပေါ်တွင် ရပ်နေခြင်းသာဖြစ်ပြီး ၎င်းကို လူအုပ်စုဖြင့် ဝိုင်းဝန်းနှောက်ယှက်နေခြင်းသာဖြစ်သည်ဟု ပြန်လည်ပြောဆိုကြောင်း အဆိုပါ အမျိုးသမီးကို ဖမ်းဆီးရာတွင် ပါဝင်သည့်အသက် ၄၀ အရွယ်ခန့် အမျိုးသားတစ်ဦးက ရှင်းပြသည်။
ယင်းသို့ ဖြစ်ပွားရခြင်းအကြောင်းရင်းကို (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောဝင်းထံသို့ The Voice Weekly က သွားရောက်မေးမြန်းရာ ၎င်းက ရပ်ကွက်ရုံးသို့ အမျိုးသမီးကိုခေါ်ယူစစ်ဆေးစဉ် အသက်ကိုးနှစ်အရွယ်ခန့်ရှိ ကလေးတစ်ဦးကိုထပ်မံတွေ့ရှိသဖြင့် လူအများက ယင်းကလေးကို အဆိုပါအမျိုးသမီးက ခေါ်ဆောင်လာသည်ဟု ယူဆကြခြင်းဖြစ်ကြောင်း၊ စစ်ဆေးချက်များအရ ယင်းအမျိုးသမီးမှာ စိတ်မနှံ့ဟုယူဆရကြောင်း၊ ကလေးများ၎င်းဘာသာမျက်စိလည်ရောက်ရှိလာခြင်းဖြစ်ပြီး သန်လျင်မြို့ရှိ ၎င်း၏မိဘများထံ ယင်းညတွင်ပင် ဆက်သွယ်အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း ဖြေကြားသည်။
"ရူးတာလား၊ ရူးချင်ယောင်ဆောင်တာလားတော့ မသိဘူး။ အစကတော့ တည်တည်ငြိမ်ငြိမ်ပဲ" ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသားက ဆိုသည်။
သုံးခွမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကမူ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ယင်းအမျိုးသမီးကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ်ကိုလည်း သန်လျင်မြို့နယ် ထမလုံရွာရှိ ၎င်းမိဘများထံသို့ အပ်နှံခဲ့ကြောင်း၊ ကလေးမှာလည်း စိတ်မနှံ့သောကလေးငယ်သာဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယင်းအမျိုးသမီးကို ပို့ဆောင်ခဲ့သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရွာသာကြီးရှိ အမျိုးသားစိတ်ကျန်းမာရေးဆေးရုံသို့ The Voice Weekly က ၂၄ ရက်နေ့ နံနက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ လူနာမှာ ယမန်နေ့က ရောက်ရှိလာခဲ့ကြောင်း၊ လူနာ၏ စိတ်အခြေအနေကိုမူ သေချာစွာမသိရှိရသေးကြောင်း၊ ဆရာဝန်များက ကုသစစ်ဆေးလျက်ရှိကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။
ပြီးခဲ့သော အောက်တိုဘာလ နောက်ဆုံးပတ်ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်တွင် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ရင်ခွင်ပိုက်ကလေး တစ်ဦးဆော့ကစားနေစဉ် မျက်နှာစိမ်း အမျိုးသမီးတစ်ဦးအိမ်ပေါ်သို့တက်လာပြီး ရင်ခွင်ပိုက်ကလေးကို ကောက်ချီပြီး ကလေးမှာ ချစ်စရာကောင်းသည်ဟုပြောဆိုကြောင်း၊ ယင်းနောက် ခြောက်နှစ်အရွယ်ကလေးက ၎င်း၏ မိဘများကို အိမ်ရှေ့တွင် ဧည့်သည်ရောက်ရှိနေသည်ဟု လှမ်း၍ပြောရာ ယင်းအမျိုးသမီးမှာ ဆွံ့အချင်ယောင်ဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။
The Voice
Myanmar News Now
သုံးခွမြို့တွင် ကလေးခိုးသူဟု မသင်္ကာဖွယ်ရာ အမျိုးသမီးတစ်ဦးကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး
Reviewed by သစ်ထူးလွင်
on
09:37
Rating:
No comments:
Post a Comment