နေပြည်တော်(သို့) အမေရိကန်၏ တန်ဖိုးကြီး ပုလဲတစ်လုံး

မြန်မာမှအကြီးဆုံး ပုလဲ
ထူးခြားတဲ့ မြန်မာပြည်ခရီး
လာမည့် နိုဝင်ဘာလ ၃၀ရက်နေ့ ဝန်းကျင်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ပါတော့မည်။ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အမေရိကန်ပြည်ထောင်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စရပ် များ၏ နောက်ကွယ်တွင် မည်သို့သော အကြောင်းအရာတွေ ရှိနေသနည်းဟူသည့် ကိစ္စရပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံနှင့် အမေရိကန် အလွမ်းသင့်လျှင် မြန်မာတွေ ဘာရမည်နည်း။ အမေရိကန် ဘာရမည်နည်း။ မြန်မာတွေ လိုချင်တာဘာလဲ အမေရိကန် လိုချင်တာဘာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးရှိနေသည့်တိုင် ရိုးရိုးရှင်းရှင်းအဖြေတစ်ခုမှာ Power Balance သာဖြစ်သည်။
လိုရင်းက ပါဝါ
နိုင်ငံတကာ ဆက်ဆံရေးတွင် အဓိက ကျသည့် သီအိုရီတစ်ခုမှာ Realism ဖြစ်သည်။ ထိုသီအိုရီတွင် ပါဝါကို အဓိကရည်ရွယ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသာရရေးပင်ဖြစ်သည်။ သီအိုရီဆင့်ပွားများစွာရှိသည့်တိုင် ထိုသီအိုရီအရ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ် စသည့်ခေတ်သုံးခေတ်လုံး ပါဝါအတွက် မဟာမိတ်အုပ်စုတွေ အပြန်အလှန်ဖွဲ့ခဲ့ကြသည့် သာဓကတွေ ရှိသည်။ စစ်အေးခေတ် နိဂုံးချုပ်သည့်တိုင် အရှေ့တောင်အာရှ စစ်ရေးအရ ပူးပေါင်းမှုတွေရှိခဲ့ပြီး ဆီးတိုးအဖွဲ့မှာ အမေရိကန်၏ ပါဝါကို အာရှပစိတ်ဖိတ်ဒေသတွင် ဖြန့်ကျက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်တို့၏ ရွှေခေတ်
စစ်အေးကာလအတွင်းက ဆိုဗီယက်ရုရှားကြီးမှာ စီးပွားရေးအရ ချွတ်ခြုံကျနေခဲ့သည်။ အကန့်အသတ်မရှိသော သဘာဝသယံဇာတ ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ကြောင့်သာ ရုရှားတွေမှာ အမေရိကန်က ကျည်ဆံတစ်တောင့် အကြောမခံနိုင်ဘဲ နည်းပညာအရ ထိပ်တိုက်လိုက်၍ ပြိုင်ဆိုင်ကြသည်။ ထိုအချက်ကို ရုရှားတွေ မဆိုထားနှင့် အမေရိကန်တွေပင်လျှင် မရိပ်မိခဲ့ကြပေ။ အဆုံးသတ်တွင် စီးပွားရေး အခြေအနေမခိုင်သော ဆိုဗီယက်ယူနီယံကြီး ဘုန်းဘုန်းလဲတော့သည်။ ဤတွင်ပင် အမေရိကန်မှာ ပြိုင်ဘက်ကင်း ကမ္ဘာ့စူပါပါဝါ နိုင်ငံ ဖြစ်ပြီဟူ၍ လက်မထောင်၍ ရခဲ့သည်။ စီးပွားရေးအရ ပြိုင်ဆိုင်လာသည့် ဂျပန်မှာလည်း နိုင်ငံရေး၊ စစ်ရေးအရမူ အမေရိကား၏ လက်အောက်ခံအဖြစ်သာရှိနေ၍  ကမ္ဘာတွင် ထင်ရာစိုင်းခွင့်ကို အမေရိကန်တွေ ရရှိသွားပြီဟူ၍ ဆိုရတော့မည်ဟု တွေးထွင်ခဲ့ကြသည်။
မိုးကျေရွှေကိုယ် တရုတ်
ထိုသို့ ဆရာကြီးဘွဲ့ခံ အမေရိကန်မှာ ကမ္ဘာ့ကုလသမဂ္ဂကိုပင် အိတ်ကပ်ထဲထည့်ထားနိုင်ပြီး လုပ်သမျှတင့်တယ်နေခဲ့သည့် အချိန်တွင် ထင်မှတ်မထားသည့် ပြိုင်ဘက်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် မဟာယဉ်ကျေးမှုကြီး ထွန်းကားခဲ့သော တရုတ်တွေ၏ ရုတ်တရက် အင်အားကြီးထွားလာမှုကို အံသြဖွယ်တွေ့လိုက်ရခြင်း ဖြစ်သည်။ ရုရှားပိုလာဝက်ဝံကြီးကို အလဲထိုးနိုင်ခဲ့သော်လည်း တရုတ်နဂါးက မီးလျှံတွေမှုတ်၍ ကောင်းကင်မှာ အင်အားပြနေချေပြီ။ ဆိုရလျှင် အမေရိကန်အနေဖြင့် တရုတ်တွေကို ပြိုင်ဘက်ဟုထင်ခဲ့ပုံမရပေ။ ကွန်မြူနစ်ငမွဲတွေ အချိန်တန်လျှင် ထမင်းရည်ပူလောင်လိမ့်မည်ဟုသာ ခပ်နှိမ်နှိမ်တွေးခဲ့ပုံရသည်။ နဂါးကို တီကောင်ထင်၍ နားရွက်တံတွေးဆွတ်ခဲ့သည့် လုပ်ရပ်တွေလည်း ရှိသည်။ ကိုဆိုဗိုအရေးအခင်းတွင် ကလေးဆန်ဆန် အကြောင်းပြချက်ဖြင့် တရုတ်သံရုံးကို ဒုံးကျည်သုံးစင်း လက်စွမ်းပြသည်။ တရုတ်ကောင်းကင်ယံတွင် တရုတ်တိုက်လေယာဉ်နှင့် ဝင်တိုက်မိသော်လည်း ခပ်တင်းတင်းပင် အပေါ်စီးကနေ၍ ဝမ်းနည်းပါသည်ဟုသာ မှတ်ချက်ပေးခဲ့သည်။ ထိုစဉ်က တရုတ် တွေအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို လိုအပ်နေချိန်ဖြစ်၍ အားမတန်သော်လည်း အံကြိတ်ကာ မာန်လျော့ခဲ့ရသည်။ ထိုနာကြည်းချက်တွေကပင် တရုတ်တွေ ယနေ့အထိအောင်မြင်လာခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် အမေရိကန်အတွက် ၂၁ရာစု ပြိုင်ဘက်မှာ တရုတ်တွေဖြစ်လာခဲ့ပြီ။  ဆိုဗီယက်တွေနှင့် မတူသည့်အချက်က တရုတ်တွေက ချမ်းသာပြီး အရံငွေကလည်း အာမခံနိုင်လောက်အောင် ရှိသည်။ ထိုငွေတွေမှာလည်း အမေရိကန်၏ ရှယ်ယာတွေ ကို ဝယ်ထားပြန်ရာ အမေရိကန်တွေအဖို့ မျက်လုံးပြူးမျက်ဆံပြာ ဖြစ်လာရတော့သည်။ ထို့ပြင် ပင်လယ်ရပ်ခြား ရုရှားအမျိုးသားများ မရှိခဲ့ဘဲ ယခု ပင်လယ်ရပ်ခြားတရုတ်အမျိုးသားတွေက အမေရိကန်မှာပညာသင်ယူပြီး အမိတရုတ်ပြည်အတွက် အဆင်သင့်ရှိနေကြပြီ။ တရုတ်ဈေးကွက်တွင် အမေရိကန်၏ အရင်းအနှီးတွေ မြောက်များစွာရှိနေသည်။ ဆိုရလျှင် အမေရိကန်မှာ ကိုယ့်အရိုးနှင့် ကိုယ့်ကို ပြန်ထိုးခံရသည့်ကိန်း ဆိုက်သွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးပုလဲလုံး
အမေရိကန်တွေ အိပ်မက်မက်ခဲ့ကြသည့် ပုလဲကုံးဗျူဟာဆိုတာရှိသည်။ ကမ္ဘာ့သမုဒ္ဒရာကြီးများအနှံ့ အမေရိကန် လေယာဉ်တင် သဘောင်္ကြီး တွေကို ဗျူဟာကျသည့်နေရာများတွင် ချထား၍ ဟန်ရေးပြရန် ဖြစ်သည်။ ထိုပုလဲကုံးတွင် ပုလဲလုံးတစ်လုံး လိုနေသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ကပ္ပလီ ပင်လယ်ပြင်နေရာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်အတွက် ပုလဲလုံးတစ်လုံးသာ ဖြစ်သည်။ တစ်ချိန်က ထိုပုလဲလုံးကို ဝယ်ချင် သည့်တိုင် အမေရိကန်တွေအကျင့်အတိုင်း ဈေးကိုင်တာများသွား၍ ပုလဲလုံးလေးမှာ အပေးအကမ်းရက်ရောသော တရုတ်တွေလက်ထဲရောက်ရန် တည်းတည်းလေးသာ လိုတော့သည်။ ထိုအချိန်တွင်မှ မြန်မာနိုင်ငံတွင် အပြောင်းအလဲတွေ ဖြစ်နေပါပြီဟု ဆင်ခြေပေး၍ အမေရိကန်တွေ ထိုပုလဲလုံးကို ပြန်လည်စိတ်ဝင်စားဟန် ပြုလာရခြင်းဖြစ်သည်။ ဆိုရလျှင် အမေရိကန်အနေဖြင့် မည်မျှပင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို တန်ဖိုးထား ပြောဆိုနေစေကာမူ တကယ်တမ်းလက်တွေ့တွင် သူ့နိုင်ငံအကျိုးရှိပါက အာဏာရှင်ရော လူဆိုးရော အကုန်တည့်အောင်ပေါင်းသည်မှာလည်း လက်တွေ့ဖြစ်သည်။ မူဘာရက်ကို နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးပေါင်းခဲ့သည်။ ဆက်ဒမ်ဟူစိန်ရော အိုစမာဘင်လာဒင်ရော တစ်ချိန်က အမေရိကန်၏ နောက်လိုက်တွေဖြစ်ခဲ့ဖူးသည်။ ယနေ့ အရှေ့အလယ်ပိုင်းမှာ အမေရိကန်သြဇာတွေ ဆက်တိုက်ကျဆင်းလာ၍သာ အမေရိကန်တွေအနေဖြင့် အရှေ့ အလယ်ပိုင်း ဒီမိုကရေစီပြန့်ပွားရေးဟု ခေါင်းစဉ်ပြောင်း အော်ဟစ်လာခြင်းဖြစ်သည်။ ပါကစ္စတန်ကိုလည်း အလားတူပင်။ မြန်မာနှင့်လည်း ထူးမခြား နားလှပါ။ ကွန်မြူနစ်အန္တရာယ်ကို ကာကွယ်ရန်အတွက် ရဟတ်ယာဉ်တွေကို ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ပေးပို့ခဲ့သေးသည်။ ဦးနု၏ ပါလီမန် အစိုးရလက်ထက်ကလည်း တရုတ်ဖြူတွေကိုတိုက်ရန် လက်နက်တွေ အကြီးအကျယ်ပံ့ပိုးခဲ့သလို ဦးနေဝင်းလက်ထက်တွင်လည်း မြန်မာတွေကို အလိုလိုက် အကြိုက်ဆောင်ခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာကြောတင်း၍သာ အမေရိကန်တွေ မြန်မာကို ကပ်၍မရခဲ့ခြင်းဖြစ်သည်။ ယခုမူ အရှေ့အလယ်ပိုင်းမှာ ကျဆင်းလာသော သြဇာတွေအရ၊ ရုရှား၏  ဆိုဗီယက်စတိုင် အရှေ့ဥရောပနိုင်ငံတွေ ပါဝင်လာမည့် ခေတ်သစ်ဝါဆောဟု ဆိုရမည့် အရှေ့ဥရောပသမဂ္ဂ စီမံကိန်း၊ တရုတ်တွေ၏ မြန်မာ့မြေပေါ်က ကျောက်ဖြူရေနက် စီမံကိန်းတွေကြောင့် အမေရိကန်တွေအတွက် မြန်မာ နိုင်ငံကို ယခုအချိန်မှ ချဥ်းကပ်မှုမပြုတော့လျှင် တန်ဖိုးကြီးသည့် ပုလဲလုံးကို လက်လွှတ်ရတော့မည်ဖြစ်သည်။
မြန်မာဆီက ဘာတွေရမလဲ
ယခု အာဆီယံ ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက သြစတေးလျတွင် အမေရိကန်တပ်သား ၂၅၀ ချထားမည့် သဘောတူညီချက်ကို အရယူ ခဲ့သည်။ နောက်ထပ်လည်း ခေါင်းစဉ်အမျိုးမျိုးဖြင့် အမေရိကန်တပ်သားတွေ သြစတေးလျကို ရောက်လာနိုင်သည်။ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် လာရောက်စဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ တာတွေ ရှိသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ လူငယ်ဖြစ်၍ အမေရိကား၏စွမ်းရည်ကို သဘောကျနေသူ။ တရုတ်ဘက်က လက်နက်၊ လူအင်အား ထောက်ပံ့ထားသော ကိုးကန့်၊ ဝတို့နှင့် တိုက်ခဲ့ရသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော် သားတွေ၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရမှုအတွက် တရုတ်ကို အခဲမကြေသူ။ ထို့ကြောင့် မြန်မာနှင့် အမေရိကန် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် အနာဂတ်မှာ မဝေးလှဟုသာ ဆိုရပေလိမ့်မည်။ ဤသည်မှာ အမေရိကန်တွေ မြန်မာဆီက အလိုချင်ဆုံးဆိုသည့် မက်လုံးတစ်ခုဖြစ်ပါလိမ့်မည်။ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုဆိုသည်မှာ အမေရိကန်တို့ အတွက် ဒုတိယဦးစားပေးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အမေရိကန်တွေမှာ အကြိမ်ကြိမ်လက်လွှတ်ခံခဲ့ရသော နောက်ဆုံးပုလဲလုံးကို ယခု တစ်ကြိမ်တွင် မဖြစ်မနေ ပိုင်ဆိုင်ရန် ကြိုးစားတော့ မည်ဟု ဆိုရတော့မည်ဖြစ်သည်။ 
yangonchronicle
****************************************************************************************************
နေပြည်တော်(သို့) အမေရိကန်၏ တန်ဖိုးကြီး ပုလဲတစ်လုံး နေပြည်တော်(သို့) အမေရိကန်၏ တန်ဖိုးကြီး ပုလဲတစ်လုံး Reviewed by သစ်ထူးလွင် on 08:59 Rating: 5

3 comments:

seinpu said...

Great. But Burma have to be careful with US card. During Ne Win era,China supported a Wa, Kokang, Kachin and other minorities dominated so called BCP border insurgency thanks to Ne Win creation of anti- ethnic Chinese riot due to rice shortage in 1967.Now all China has to do is supporting Shan, Rakhine and Kachin like Wa in its proxy war against Burma if Burma becomes like in Ne Win era. Watch out Burma. Vietnam does not have minority problems like Burma.Thanks to 60 yr of Burmanization in power all minorities are willing to cooperate with cash rich China.

jayko said...

"ဆက်ဒမ်ဟူစိန်ရော အိုစမာဘင်လာဒင်ရော တစ်ချိန်က အမေရိကန်၏ နောက်လိုက်တွေဖြစ်ခဲ့ဖူးသည်။ "


မှားနေပြီ အိုစမာဘင်လာဒင်က ဘယ်တုန်းကမှ အမေရိကန်နောက်လိုက်မဖြစ် ခဲ့ဘူး........ရမ်းသမ်းပြီးမရေးနဲ့
သမိုင်းကိုသေချာသိမှရေး..............

မှတ်ချက်။ ။စာရေးသူ အတွက် အပြုသဘောဆောင်သော ဝေဖန်ချက်သာ ဖြစ်စေလိုပါသည်။

Myanmar said...

ဘာဘဲပြောပြော ၀ကိုချချင်တယ်ကွာ။ ။သူများနိုင်ငံထဲကိုလာပီး ဗြောင်ကျကျ နေ၇ာဝင်ယူထားတာ အမေ၇ိကန်အားနဲ့ အပြုတ်တိုက်မယ်ကွာ။ ။

Powered by Blogger.