ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို သတင်းယူခြင်း
နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်း၊ ၅နာရီ မိနစ် ၃၀ အချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက်တွေ့ဆုံမယ်ဆိုတဲ့ သတင်းကြောင့် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ကို ညနေ ၅နာရီ ၀န်းကျင်လောက်မှ အရောက်သွားခဲ့ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပတ် ၅၄၊ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကိုကျမရောက်တော့ ၅နာရီ ထိုးဖို့ ၅ မိနစ်အလိုပါ။ ကားဖြူဖြူလေးနဲ့ သတင်းထောက်အချို့ပဲ ရောက်ပါသေးတယ်။ စောသေးတဲ့တွက် ခြံတံခါးကို ဖွင့်မပေးသေးပါဘူး။
ခြံရှေ့မှာ မတ်တပ်ရပ်ပြီး စောင့်ကြရင်း လမ်းတဘက်ခြမ်းမှာ လာရောက်စောင့်ကြည့်နေသူတွေလည်း သိပ်မရောက်ကြသေးတာ တွေ့ရပါတယ်။ ခဏနေမှ သတင်းထောက်တွေလည်း တဖြည်းဖြည်းနဲ့များလာပါတယ်။
၅နာရီ ၁၀ မိနစ်လောက်မှာ အန်တီရဲ့ ကားအဖြူရောင်လေးနဲ့ အန်တီ့လုံခြုံရေးယူထားတဲ့ လူငယ်အဖွဲ့တွေရဲ့ကားတွေ ခြံထဲကို တစီးပြီးတစီး ၀င်သွားခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ညနေ ၄နာရီမှာ ကုန်သည်ကြီးများဟိုတယ်မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်နဲ့ တွေ့ဆုံခဲ့ပြီး ပြန်လာခြင်းဖြစ်ပါတယ်။
ခြံရှေ့မှာလည်း ဂျာနယ်တွေ သတင်းဌာနတွေက သတင်းထောက်တွေ တော်တော်များလာပါပြီ။ ခြံဝင်းတံခါး ပိတ်ထားဆဲမို့ ၀င်ခွင့်မပေးတော့ဘူးလား၊ ဒီနေ့ တွေ့ဆုံပွဲကို သတင်းယူခွင့်မပေးဘူးလား ဆိုတဲ့ မေးမြန်းသံတွေလည်း ထွက်ပေါ်လာပါတယ်။
ခြံတံခါးကို မီုးခိုးရောင်ဖျောဖျော့ နဲ့ အဖြူရောင် ရောစပ်သုတ်ထားတဲ့အတွက် တံခါးဟာ ထုထည်ကြီးမားပြီး ခန့်ညားလို့နေပါတယ်။ ခြံထိပ်စည်းမှာလည်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ ဆိုတဲ့.စာတမ်းကို ချိတ်ဆွဲထားတဲ့အတွက် အတော့်ကို ကြည့်ကောင်းပါတယ်။
ဗိုလ်ချုပ်အဆိုအမိန့်နဲ့ခြံဝမှာသတင်းထောက်တွေ ရပ်စောင့်နေကြတဲ့ ပုံက ကြည့်ကောင်းနေတာမို့ ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်လိုက်မိတယ်။ လောလောဆယ် ကျမရဲ့ ဂျီ၁၀ ကင်မရာလေး ပျက်နေလို့၊ kodak ကင်မရာလေးနဲ့ပဲ ရိုက်ရပါတယ်။
၅နာရီ ခွဲပြီး မိနစ် ၄၀လောက်မှာတော့ ကျမတို့သတင်းထောက်တွေအားလုံး ခြံထဲကို ရောက်သွားကြပါပြီ။ ခြံထိပ်က ဂိတ်ဝမှာ ဂျာနယ်တွေရဲ့ အမည်နဲ့ တက်ရောက်တဲ့သတင်းထောက်တွေရဲ့ နာမည်တွေကိုစာရင်းပေးသွင်းပြီး လက်မှတ်ထိုးရပါတယ်။ အဲဒီဂိတ်ဝ အစောင့်အိမ်လေးကလည်း ဆေးပြာနဲ့အဖြူရောင် ရောစပ်ပြီး သုတ်ထားတဲ့အတွက် သစ်လွင်တောက်ပပြီး ချစ်စရာဂိတ်ဝလေးပါ။
ဒေါ်အောင်ဆန်းစုကြည်က ပန်းကြိုက်တဲ့သူ၊ သစ်ပင်ပန်းမာန်တွေကို နှစ်သက်တဲ့သူမို့လားမသိဘူး အန်တီ့ခြံဝင်းထဲက အေးမြပြီး သစ်ပင်ရနံ့တွေ သင်းနေပါတယ်။ ခြံဝ ဂိတ်နားမှာ ရှိတဲ့ ကျမ အထင် ယုဇနပင်တွေနဲ့ သစ်ပင်အုပ်အုပ်လေးတွေကလည်း အိမ်ကို သွားရာ လမ်းတလျှောက်အစီအရီနဲ့ပါ။
အဖြူရောင်အိမ်ကြီးကတော့ ခံကြားထည်ဝါလှတဲ့အပြင် အိမ်ရှေ့က မြက်ခင်းစိမ်းစိမ်း၊ ဘေးက အင်းလျားကန်ကြီးနဲ့ အိမ်ရှေ့က ပန်းပင်လေးတွေနဲ့ တကယ့်ကို လှပသာယာပါတယ်။ ခြံထောင့်မှာ ဆောက်ထားတဲ့ တစ်ထပ်တိုက်သစ် သေးသေးလေးကလည်း ချစ်စဖွယ်ကောင်းပါတယ်။
ခြံထဲကို ရောက်တိုင်း ကျမစိတ်ထဲ အေးချမ်းမှုကို ခံစားရစမြဲပါ။
နေအိမ်အကျယ်ချုပ်ဘ၀နဲ့ အန်တီနေထိုင်စဉ်တုန်းကတော့ အိမ်ကြီးကြီး၊ခြံကျယ်ကျယ်နဲ့ အထီးကျန်ဆန်ခဲ့ပုံရပါတယ်။ ခုတော့ ခြံကြီးထဲမှာ ပန်းပင်တွေကလည်း ပန်းပွင့်တွေနဲ့ စိမ်းစိုလန်းဆန်းသလို အန်တီ့ကို ချစ်ခင်လေးစားစွာ စောင့်ရှောက်ပေးနေတဲ့သူတွေနဲ့ နေအိမ်အကျယ်ချုပ်အခြေအနေနဲ့တော့ မတူတော့တာအမှန်ပါ။
ခုလို ခြံထဲကို အန်တီနဲ့နိုင်ငံခြားဧည့်သည်တွေ တွေ့ဆုံကြလို့၊ ကျမတို့လို သတင်းထောက်တွေ သတင်းယူဖို့ ရောက်တဲ့အခါတိုင်း၊ အန်တီနဲ့ဧည့်သည်တွေရဲ့ အိမ်ထဲမှာ တွေ့ဆုံစကားပြောနေတုန်း ကျမတို့သတင်းထောက်တွေကလည်း အိမ်ရှေ့နားမှာ ဟိုမှာ ဒီမှာရပ်ပြီး ကိုယ့်အချင်းချင်း စကားတွေပြောကြ၊ ကြားနေရတဲ့သတင်းတွေပြောကြ နဲ့ ပါးစပ်မအားရအောင်ပါပဲ။
ဧည့်သည်ပြန်ခါနီးဆိုရင်တော့ သတင်းထောက်တွေကအလျှိုလျှို အန်တီ့အိမ်ရှေ့တံခါးပေါက်အနီးကိုရောက်သွားကြတော့တာပါပဲ။
စောတုန်းက ဘယ်လောက်ပဲခင်ခင်၊ ချစ်ချစ် အိမ်ရှေ့မှာ သတင်းယူဖို့နေရာရောက်တဲ့အခါမှာတော့ သူ့ထက်ငါအလုအယှက်နဲ့သတင်းဓါတ်ပုံတပုံကောင်းကောင်းရဖို့အရေး နေရာကောင်းကို လုကြစမြဲပါ။
'ဒီနေ့လည်း တသတင်းလာယူတဲ့ သတင်းထောက် ၆၀ ၀န်းကျင်လောက်ရှိပါတယ်။ ဂျာနယ်သတင်းထောက်တွေ၊ နိုင်ငံခြားသတင်းမီဒီယာအတွက် အလုပ်လုပ်ပေးနေတဲ့ နိုင်ငံခြားသတင်းထောက်တွေနဲ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းထောက်တွေလည်း လာယူကြတယ်။
ရှေ့ဆုံးတည့်တည့်နေရာကို ရှေ့ဆုံးဘေးနေရာတွေကို ရထားသူတွေကနဲ့ ခုံယူပြီးနောက်တန်းကနေ မြင်ကွင်းအားလုံးမြင်ရအောင်စီးရိုက်တဲ့သူတွေ သတင်းသမားတွေအားလုံးအဲဒီအချိန်မှာ ကိုယ့်မီဒီယာအတွက်သတင်းဓါတ်ပုံကောင်းကောင်းရဖို့၊ အန်တီနဲ့ ဧည့်သည်အသံကို ကောင်းကောင်းရဖို့ကိုပဲ အာရုံစိုက်ကြပါတယ်။
ဧည့်သည်ထွက်လာပြီးရင်တော့ မေးခွန်းတွေစမေးကြပါတော့တယ်၊။ ဧည့်သည်ကိုမေးခွန်း ၃ လေးခွန်းပဲ မေးခွင့်ရပါတယ်။ မေးပြီး ပြန်ထွက်သွားရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းတွေ မေးခွင့်ရပါတယ်။
ဒီနေ့တော့ အန်တီကစိမ်းပြာရောင်လေး ၀တ်ထားပါတယ်။ ပန်းတွေပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ကျက်သရေရှိရှိနဲ့ လှပနေပါတယ်။ သတင်းထောက်တွေကို အစုလိုက်အပြုံလိုက်တွေ့ရတော့ ပြုံးပြီး အားလုံးကို နှုတ်ဆက်သလို မျက်လုံးနဲ့နှုတ်ဆက်ပါတယ်။ အန်တီ့မျက်လုံးတွေက အသိဥာဏ်ပညာမြင့်မားတဲ့သူတွေမှာသာ ရှိတတ်တဲ့ တောက်ပကြည်လင်နဲ့မျက်လုံးတွေပါ။
အန်တီ့ရဲ့ မျက်လုံးအကြည့်မှာတင် ကြည်လင်ခြင်း၊ ရဲရင့်ခြင်းနဲ့အတူ ဘယ်သူ့ကိုမဆို မေတ္တာထားတဲ့ မေတ္တာအရိပ်အငွေ့ကိုလည်း ခံစားရပါတယ်။
သတင်းထောက်တွေ မေးသမျှကို အန်တီက လေးလေးနက်နက်ထားပြီး ပွင့်ပွင့်လင်းလင်းရင်းနှီးစွာနဲ့ ဖြေပေးပါတယ်။ အန်တီနဲ့ မေးမြန်းရတိုင်း အန်တီကလည်း ပြုံးရယ်ပြီး ဖြေတဲ့တွက် ကျမတို့တွေကလည်း မေးရတာ ပျော်စရာကောင်းပါတယ်။
ဒီနေ့ မေးသမျှ မေးခွန်းတွေထဲမှာ ကျမ မှတ်မှတ်ရရ ရှိနေတဲ့ မေးခွန်းနဲ့အဖြေတွေကိုရှိပါတယ်။
အမျိုးသမီးသတင်းထောက်တဦး`အန်တီ ကိုဇာဂနာကပြောတယ်။ နိုဝင်ဘာလ၁၄ရက်နေ့မတိုင်မီ အကျန်းသားတွေလွတ်မြောက်ဖိုရှိတယ်ပြောတယ် အဲဒါကိုအန်တီဘယ်လိုများပြောချင်ပါသလဲ`လို့ စမေးပါတယ်။
အန်တီကတော့ မေးခွန်းမေးလာတဲ့သတင်းထောက်ကို သေသေချာချာခေါင်းလေး ငဲ့ကြည့်ရင်း ပြန်ဖြေပါတယ်။
`အန်တီလည်းမသိသေးပါဘူး။ ဒါကသေသေချာချာ ပြောတာတော့ မရှိသေးပါဘူး`
နောက်တဦးက ဆက်ပြီးတော့ မစ္စတာဗီဂျေနမ်ဘီးယားနဲ့ မြန်မာနိုင်ငံရေးအတွက် ဘာတွေ ဆွေးနွေးဖြစ်ခဲ့တာပါလဲဆိုပြီး ဆက်မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က `ပြောတာကတော့ရှင်းပါတယ် သူတို့နဲ့ပြောတာ အသေးစိတ်တော့ မပြောနိုင်ဘူးပေါ့နော်။ အကြမ်းဖျင်းအားတော့ တိုးတက်မှု ရှိတယ်လို့တော့ ပြောသွားခဲ့ပါတယ်`
အန်တီ့ရဲ့အဖြေအဆုံးမှာ အမျိုးသမီးထောက်တဦးရဲ့အသံဆက်ထွက်လာပါတယ်၊ `တိုးတက်မှု ရှိတာကတော့ အကြိမ်တိုင်းပါပဲ၊ ဘာကိုဆိုလိုတာပါလဲ`လို့ ဆိုတဲ့ မေးခွန်ပါ။
`့ အန်တီ့အမြင်ကတော့ ဒါ ဒီမိုကရေစီဘက်ကိုသွားတဲ့နေရာမှာ ခြေလှမ်းတွေ လှမ်းတာကို တွေ့ရတယ်ဆိုတာကို ပြောချင်တာပါ` လို့ အန်တီက အေးအေးဆေးဆေးနဲ့ ဖြေပါတယ်။
အဲဒီနောက်မှာတော့ ညနေ ၄နာရီ တုန်းက ကုန်သည်ကြီးများ ဟိုတယ်မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြပါတယ်။
`ဒါကပုဂ္ဂိုလ်ရေး တွေ့တာပါပဲ။ ဒီလို တော်တော် ကျန်းကျန်းမာမာတွေရတော့ ၀မ်းသာပါတယ် ဒီအသက်အရွယ်မှာ ဆိုပေမဲ့လည်း မထင်ရဘူး တော်တော် အသက်ငယ်တယ်လို့ ထင်ရတယ်`လို့ ဖြေပါတယ်။
နောက်တော့ မေးခွန်းအချို့ကို ဆက်မေးကြပါတယ်။
သတင်းထောက်တဦးက ဦးအောင်ကြည်နဲ့ တွေ့တဲ့ ကိစ္စကို ပြန်မေးတော့ အန်တီက “အန်တီနဲ့တွေ့တဲ့ကိစ္စတွေ ဦးအောင်ကြည်ပြောပြီးပြီလေ “ခုလို ဖြေပါတယ်။
နောက်တဦးကတော့ လွှတ်တော်ထဲမှာသဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးပါတယ်။
အန်တီက “လွှတ်တော်ထဲမှာ သဘောထားကွဲလွဲမှုရှိတယ်ဆိုတာ သဘာဝကျပါတယ် အဲ့အတိုင်းဘဲဖြစ်ရမှာပေါ့ “လို့ ရယ်ရယ်မောမောနဲ့ဖြေတော့ အားလုံးပဲ လိုက်ရယ်မိကြတယ်။
ခုလို တိုးဝှေ့ပြီးသတင်းယူကြရလို့ နဖူးက ချွေးခြေထိအောင် ချွေးတွေ တဒီးဒီးကျနေပေမဲ့ ကျမတို့အားလုံး ပျော်နေကြတယ်၊ ၀မ်းသာကြတယ်။ တယောက်နဲ့တယောက်တိုးဝှေ့လို့ ထိခိုက်မိကြရင်လည်း စိတ်ဆိုးခြင်းမကျေနပ်ခြင်းမရှိကြပါဘူး။
သတင်းထောက်တဦးက UN ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးမေးလိုက်တာပါ၊ေ မးခွန်းကိုတော့ကျမ သေချာ မမှတ်မိတော့ပါဘူး။ အန်တီ့အဖြေကိုတော့ မှတ်လိုက်မိပါတယ်။
“မြန်မာ့နိုင်ငံရေးတင်မဟုတ်ဘူး ကမ္ဘာ့နိုင်ငံရေးမှာပါ UN ကပိုပြီးတော့ တတ်တတ်ကြွကြွ ပါဝင်တာကို မြင်စေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့လို နိုင်ငံလေးတွေဆိုရင်တော့ ကုလသမဂ္ဂကနေပြီးတော့ အင်အားရှိရှိနဲ့ဝင်ပါနိုင်တာ အကျိုးရှိတယ်လေ အဲ့ဒါကြောင့် အဲ့လိုမျိုးကို အန်တီလိုလားပါတယ်။ တတ်နိုင်သမျှတော့ တက်တက်ကြွကြွနဲ့ ကူညီချင်တဲ့စိတ်ရှိကြတယ်လို့ဘဲ အန်တီကတော့ ထင်ပါတယ်”
အန်တီက ပေးဆပ်အနစ်နာခံတတ်တဲ့ ခေါင်းဆောင်ဖြစ်လို့လားမသိဘူး။ဘယ်လို မေးခွန်းမျိုးကိုမဆို လေးလေးနက်နက်ဖြေတယ်။
မေးခွန်းမေးတဲ့ သူတိုင်းကိုလည်း လေးစားစွာဆက်ဆံလေ့ရှိပါတယ်။အန်တီ့မှာ မေးခွန်းတိုင်းအတွက် အဖြေရှိနေတာကိုလည်း လေးစားမိပါတယ်။
နောက် မှတ်ပုံတင် ကိစ္စနဲ့ပတ်သက်ပြီး တဦးကမေးပါတယ်။ အန်တီကလည်း ခုလိုပဲ ပြန်ဖြေပါတယ်။
“ပါတီမှတ်ပုံတင်ဖို့က အချိန်ကြာလို့ရှိရင် ပါတီထဲမှာ ဆွေးနွေးပြီး အချိန်မှီ ဒီကိစ္စတွေကို ပြောပါမယ်လို့ “
အဲဒီနောက်မှာတော့ မေးခွန်းမေးတာတွေကို တော်လောက်ပြီ ဖြစ်ကြောင်း အန်တီရဲ့လုံခြုံရေးတာဝန်ယူထားသူတွေက သတိပေးပြောဆိုပြီးနောက် အန်တီရဲ့ သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားခဲ့ပါတယ်။
အန်တီ့ခြံဝင်းထဲကနေ ထွက်လာတဲ့အချိန်မှာတော့ ည ၇နာရီ ရှိနေပါပြီ။ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာတော့ လမ်းမီးမှိန်မှိန်လေးတွေ လာနေတာ တွေ့နေရပါပြီ။
ကျမရဲက အိမ်အပြန်လမ်းမပေါ်မှာတော့ ဟိုတုန်းက ၁၉၉၅၊ ၉၆ လောက်တုန်းက ဒီခြံကြီးထဲ ၀င်ပြီး အန်တီနဲ့ တွေ့ခွင့်ရပြီး အန်တီ့ကို မေးခွင့်ရမှာပဲလို့ မျှော်လင့် အိမ်မက် မက်ခဲ့ဖူးတာကို ပြန်သတိရလိုက်မိပါတယ်။
ဟိုတုန်းက အိမ်မက်က ခုတော့ ဖြစ်လာခဲ့ပါပြီ။ ခုမက်နေတဲ့ မျှော်လင့်အိမ်မက်ကကော … ဘယ်တော့ဖြစ်လာမှာပါလဲ။



ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို သတင်းယူခြင်း
Reviewed by သစ်ထူးလွင်
on
18:47
Rating:

No comments:
Post a Comment