နိုဝင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီတိတိမှာ အမှတ် –
၅၄/၅၆၊တက္ကသိုလ်ရိပ်သာလမ်း၊ဗဟန်းမြို့နယ်ရှိ နေအိမ်တွင်
ဒေါ်အောင်ဆန်းစုကြည်က ဂီတအနုပညာရှင် များနှင့်တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ယင်းတွေ့ဆုံပွဲသို့ ဂီတအနုပညာရှင်များ ဖြစ်ကြသော တေးရေးဆရာများ၊ တူရိယာပညာရှင်များ၊ တေးဂီတဝိုင်း မန်နေဂျာများ၊ တေးထုတ်လုပ်စီစဉ်သူများနှင့် အဆိုတော်များ ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ဂီတအနုပညာရှင်များကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဂီတအနုပညာများ ဖန်တီး ပေးကြပါရန် ပန်ကြားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်း အတွင်းတွင် ဂီတလောက အနုပညာရှင်များနှင့် တွေ့ဆုံရာ၌ အိမ်ရှေ့ ဆင်ဝင်အနီး မြက်ခင်းပြင်၌ ခုံများခင်းကာ စကားဝိုင်းသဖွယ် ရင်းနှီးစွာဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းကို ယင်းစကားဝိုင်းတွင် ပါဝင်ခဲ့သူ အနုပညာရှင်များက ပေါ်ပြူလာသို့ ယခုလိုဖြေကြားပေးပါသည်။
ဆောင်းဦးလှိုင်
“တကယ်တမ်းစကား ပြောကြတဲ့အခါမှာတော့ နိုင်ငံကျော်ဂီတပညာရှင်တွေကို အမေစုဘက် ကနေ ပါတီစည်းရုံးရေး အတွက်မဟုတ်ဘဲ တိုင်းပြည်မှာ ရှိနေတဲ့ လူတွေရဲ့ စိတ်ဓာတ်၊ ခွန်အားကိုမြင့်စေချင်တဲ့ နဂါးနီလိုသီချင်းမျိုးတွေ၊ နောက်လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ် တွေကို ကိုယ်ချင်းစာ ရမယ်။ အနာဂတ်အတွက် အားလုံးက စိတ်ကောင်း၊ နှလုံး ကောင်း ထားရမယ်ဆိုတဲ့ မက်ဆေ့ခ်ျ တွေပါတဲ့ သီချင်းတွေကို ရေးသား သီဆိုပြီးတော့ အခွေတစ်ခွေလောက် ထုတ်လုပ်စေချင်တာဖြစ်ပါတယ်။ ပါတီစည်းရုံးရေး သီချင်းတွေကိုအဆိုတော်တွေက ဆိုပေးစရာမလိုဘူး။ ပါတီအဖွဲ့ဝင်တွေကပဲ ဆိုမှာပါ။ ဒါ အင်မတန်မြင့်မြတ်ပြီး မွန်မြတ်တဲ့ လမ်းညွှန်ချက်လည်းဖြစ်တယ်။ အမေစုက စိတ်ဓာတ်မြင့်မားရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တွေကို ဇောင်းပေးသွားတယ်။ ဒါကြောင့် ဂီတအနုပညာရှင်တွေ အားလုံးကလည်း ဝမ်းသာအားရနဲ့ အကြဲံဥာဏ်တွေ ပေးကြ၊ ဆွေးနွေးညှိနှိုင်းကြတာတွေ တွေ့ခဲ့ရတယ်။ အကောင်အထည်ကိုတော့ အမြန်ဆုံး ဖော်စေချင်ကြတယ်။ ၁ လအတွင်းပေါ့။ Group Song တွေက ပိုများမယ်လို့ ခန့်မှန်းမိတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဦး ဆုံး ဂီတပညာရှင်တွေနဲ့ အမေစု ပျော်ပျော်ရွှင်ရွှင်၊ နွေးနွေးထွေးထွေးတွေ့ ခွင့်ရတာပါ။ အားလုံးပျော်ရွှင်ပြီးတော့ ပျော်ရွှင်ချမ်းမြေ့ကြတဲ့ နေ့လေးတစ်နေ့ပါ”။
ရင်ဂို
“AIDS DAYအတွက် တေးသီချင်းတစ် ပုဒ်သီဆိုပေးထားတယ်။ ကိုသားထွေးတို့က ဒီနေ့အန်တီစုနဲ့ တွေ့ဖို့ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့လာဖြစ်တာပါ။ အခုလို တွေ့ခွင့်ရ တဲ့ အတွက်ဝမ်းသာပါ တယ်။ AIDSနေ့ကို အဖွဲ့ ချုပ်မှာ ကျင်းပမယ်လို့ သိရတယ်။ ဖိတ်လည်းဖိတ်ထားတယ်။ သီချင်းဆိုချင်လည်း ဆိုရမယ်”။
ထွန်းအိန္ဒြာဗို
“ဂီတလောကက လူတွေ ခေါ်လိုက်တော့ ရုပ်ရှင်လောကက လူတွေ သိပ်မသိလိုက်ကြဘူး။ မနေ့ညက ကိုဖိုးကာနဲ့တွေ့တော့ ဒီနေ့အစီအစဉ်ရှိတယ် ကြားတာနဲ့ လာဖြစ် သွားတာပါ။ ကိုယ့်ဘက်က ဘယ်နေရာကနေ ကူညီပေးနိုင်မလဲဆိုတဲ့ စိတ်တစ်ခု နဲ့လာခဲ့တာပါ။ ဆိုနိုင်တဲ့ သီချင်းကိုဆိုပါမယ်။ အမေစုကို သိပ်ချစ်ခင် လေးစားမြတ်နိုးတဲ့ အတွက် တာဝန်ကျေချင်တယ်”။
ဘိုဖြူ
“အခုလိုမျိုးတွေ့ဆုံတာက တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါဘူး။ အားလုံးအတွက် တကယ်ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ။ အခုနိုင်ငံတော်မှာ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အချိန်ပါ။ ပြည်သူတွေအတွက် ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ အများအတွက်ပါ”။
လင်းအက္ခရာ၊ ထွဋ်မြတ်

ပါတီစည်းရုံးရေး အတွက်မဟုတ်ပါ
Reviewed by သစ်ထူးလွင်
on
19:41
Rating:

No comments:
Post a Comment