ရထားလက်မှတ်ခနှုန်းထားသစ် ထုတ်ပြန်ပြီ

မြန်မာ့မီးရထားမှ လူစီးလက်မှတ်ခ နှုန်းထားသစ် စာရင်းကို ယခုလ ၇ ရက်က စတင်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ဒီလ ၇ရက်နေ့ကပဲ စပြီးတော့ နှုန်းထားအသစ်တွေကို ထုန်ပြန်လိုက်တာပါ” ဟု ရန်ကုန်ဘူတာကြီး သွားလာရေးဌာနတိုင်း (၇)မှ ဦးသိန်းနိုင်က ပြောသည်။
အဆိုပါပြောင်းလဲတိုးမြှင့်လိုက်သည့် လက်မှတ်နှုန်းထားများသည် ရန်ကုန်-မန္တလေး အစုန်/အဆန်အလိုက် ရန်ကုန်မှ မန္တလေးသို့ ပထမတန်းလက်မှတ်နှုန်းထားသည် ကျပ် ၅၈၀၀၊ အထက်တန်း (ထိုင်ခုံ)၊ လက်မှတ် နှုန်းထားသည် ကျပ် ၉၃၀၀၊ အထက်တန်း (အိပ်စင်) လက်မှတ်နှုန်းထားသည် ကျပ် ၁၂၇၅၀ ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပထမတန်း လက်မှတ်နှုန်းထားသည် ကျပ် ၃၅၀၀၊ အထက်တန်း(ထိုင်ခုံ) လက်မှတ်နှုန်းထားသည် ၅၆၀၀ ကျပ်၊ အထက်တန်း (အိပ်စင်) လက်မှတ်နှုန်းထားသည် ကျပ် ၇၇၀၀ဖြစ်ကာ ရထားလမ်းပိုင်းအလိုက် အသီးသီး တိုးမြှင့်ပြောင်းလဲထုတ်ပြန်ထားကြောင်း သိရသည်။
ယခင်နှုန်းထားများသည် ဒီဇယ်တစ်ဂါလန် ၁၆၀ကျပ်ရှိစဉ်က နှုန်းထားများဖြစ်၍ ယခု ဒီဇယ်တစ်ဂါလန်မှာ ယခင်ထက် ၁၉ဆ မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာလ ၁၅ ရက်မှစတင်၍ ရိုးရိုးတန်း လက်မှတ်ခ နှုန်းထားကို တစ်မိုင်သုံးကျပ်နှုန်းသို့ လည်းကောင်း၊ အမြန်ရထား၏ ရိုးရိုးတန်းနှုန်းထားကို တစ်မိုင်တွင် လေးကျပ်နှုန်းမှ ၁၂ ကျပ်နှုန်းသို့လည်းကောင်း တိုးမြှင့်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
“ရထားနဲ့ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ ကုန်သည်တွေအနေနဲ့ ရထားခတိုးမြှင့်တာကို အခွင့်ကောင်းယူပြီး အခြေခံစားကုန်တွေနဲ့ လူသုံးကုန်ဈေးနှုန်းတွေ မြှင့်တက်ဖို့ ပြင်ဆင်လာကြရင်တော့ မကောင်းဘူးပေါ့။ မြန်မာ့မီးရထားအနေနဲ့လဲ ရထားခတွေ တိုးမြှင့်သလို ခရီးသွား ပြည်သူတွေအတွက် ထိုက်သင့် ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေပေးဖို့ လိုတယ်” ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“နောက်တစ်ခုပြောချင်တာက မြန်မာ့မီးရထားမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအကြောင်းပါ။ သူတို့တွေအနေနဲ့ လာဘ်စားမှုတွေ၊ အခွင့်အရေးယူမှုတွေ မလုပ်ကြဖို့လဲ ပြောချင်တယ်။ ဒါမှ မြန်မာ့မီးရထားမှာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ လျော့ကျသွားမှာပေါ့” ဟု ယင်းက ဆက်ပြောသည်။ ယခုတိုးမြှင့် ထုတ်ပြန်လိုက်သည့် လက်မှတ်ခနှုန်းထားများသည် နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်မှ သိရသည်။

မြန်မာသတင်းရပ်ဝန်း
ရထားလက်မှတ်ခနှုန်းထားသစ် ထုတ်ပြန်ပြီ ရထားလက်မှတ်ခနှုန်းထားသစ် ထုတ်ပြန်ပြီ Reviewed by သစ်ထူးလွင် on 06:02 Rating: 5

2 comments:

Anonymous said...

"ဒီဇယ်တစ်ဂါလန် ၁၆၀ကျပ်ရှိစဉ်က နှုန်းထားများဖြစ်၍ " How about increasing slary?

Anonymous said...

နင်းပြားလူ့အဖွဲ့စည်း၇ဲ့ ပေါက်ကွဲသံတွေကို ကြား၇ဘို့လဲ မျှော်လင့်ထားကြပါ။ ။

Powered by Blogger.