၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေး အပါအဝင် ဆက်စပ် အစည်းအဝေးများ နိုဝင်ဘာလ အတွင်း ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရတ် အိုဘားမားတို့ တွေ့ဆုံရန် မျှော်လင့်ကြောင်း လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောကြားသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီးစဉ်အပြီး ရန်ကုန်မြို့တော်တွင် အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုသည်။
" (သပ်သပ်) တွေ့ဖို့ မျှော်လင့်ပါတယ် " ဟု မာတီ နာတာလီဂါဝါက ပြောကြားသည်။
ဘာလီကျွန်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ အာဆီယံနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ ကျင်းပမည် ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးကို လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို လည်းကောင်း အမေရိကန်နှင့် မြန်မာသမ္မတများ အသီးသီး တက်ရောက်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံပိုင် သတင်း ANTARA တွင် ဖော်ပြထားသည်။
" အိုဘားမား ကတော့ တက်ဖို့ သေချာသွားပါပြီ။ ရုရှားသမ္မတ ကတော့ ရွေးကောက်ပွဲ ရှိလို့ တက်ဖို့ မသေချာပါဘူး" ဟု မာတီက အထက်ပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
မြန်မာနှင့် အမေရိကန် သမ္မတများ တွေ့ဆုံမှု ရှိမရှိနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုခြင်း မရှိသေးကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။
" တွေ့ရင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွ ပြောဆိုကြမှာပေါ့။ တွေ့ဖို့တောင်မှ မသေချာသေးတဲ့ အတွက် အသေးစိတ် ပြောဖို့ ခက်ပါသေးတယ် " ဟု သမ္မတကြီး၏ နိုင်ငံရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က The Voice Weekly သို့ ပြောကြားသည်။
တတိယ အကြိမ်မြောက် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း၌ အမေရိကန် -အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုကို ဆွေးနွေးမည် ဖြစ်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အမေရိကန်က ပထမဆုံး အနေနှင့် တက်ရောက်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
မြန်မာအစိုးရသစ် တက်လာပြီး နောက်ပိုင်း နှစ် ၂၀ အတွင်း အမေရိကန်နှင့် မြန်မာသည် ထိတွေ့ ဆက်ဆံမှု အများဆုံးအချိန် ဖြစ်လာပြီး ယခုလပိုင်း အတွင်းမှာပင် အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း၊ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရတ်မစ်ချယ်၊ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာတို့ ဆက်တိုက် လာရောက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရတ်မတ်ချယ်ကို ပြီးခဲ့သော ဧပြီလ အတွင်းက သမ္မတ အိုဘားမားက ခန့်အပ်ခဲ့ပြီး စက်တင်ဘာမှစ၍ နှစ်လအတွင်း မြန်မာနိုင်ငံသို့ သုံးကြိမ် လာရောက်ပြီး ဖြစ်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတွင် အရှေ့အာရှ ဒေသတွင်း အရေးပါသော တောင်တရုတ် ပင်လယ် အရေးကဲ့သို့သော ကိစ္စများ အပါအဝင် မြန်မာနိုင်ငံ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌ အဖြစ် အလှည့်ပေးရေးကိစ္စ ကိုပါ ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန် မလှည့်နိုင်သည့် ဖွံ့ဖြိုးမှု ဖြစ်ပြီး ယင်းသို့ ပြောင်းလဲမှုများနှင့် ပတ်သက်၍ အခြား အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီက ဆိုခဲ့သည်။
" မြန်မာက အာဆီယံဥက္ကဌ ဖြစ်ရေး ကြိုးစားနေတာကို နားလည်ပါတယ် " ဟု မာတီနှင့် ရန်ကုန်မြို့တော်တွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုသည်။
အမေရိကန် ပြည်ထောင်စုကမူ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ဘဲ မြန်မာကို ဥက္ကဌနေရာ မပေးသင့်ကြောင်း ဇူလိုင်လအတွင်း ဘာလီတွင် ကျင်းပခဲ့သည့် အရှေ့အာရှ အစည်းအဝေးအပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောဆိုခဲ့သည်။
မြန်မာ ဥက္ကဌနေရာနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ကြမည် ဖြစ်သော်လည်း ဆွေးနွေးဖက် နိုင်ငံများ၏ သဘောထားကလည်း အရေးပါကြောင်း မာတီက မှတ်ချက်ပြု ပြောဆိုခဲ့ဖူးသည်။
မြန်မာသည် အာဆီယံကို ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် အလှည့်ကျော်ခဲ့သည်။
မြန်မာနိုင်ငံသည် အလှည့်ကျဥက္ကဌ ရာထူးကို ၂၀၁၆ ခုနှစ်တွင် ရယူရမည် ဖြစ်သော်လည်း ၂၀၁၄ တွင် လာအိုအစား တာဝန်ယူရန် အဆိုပြုထားသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို တင်းပြည့် အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ၂၀၁၄ ဥက္ကဌရာထူးမှာ 'အထူးတာဝန်' ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
သတင်း---The Voice Weekly

မြန်မာနှင့် အမေရိကန် သမ္မတတို့ တွေ့ဆုံရန် အာဆီယံ မျှော်လင့်
Reviewed by သစ်ထူးလွင်
on
22:26
Rating:

No comments:
Post a Comment