၂၀၀၈ ခုနှစ်၊ မေလအတွင်း တိုက်ခတ်
ခဲ့သော နာဂစ်မုန်တိုင်းကြောင့် မိန်းမလှ
ကျွန်း ဘေးမဲ့တောအတွင်းရှိ မိကျောင်းသိုက်များ၊ ဒီရေ တောဂေဟစနစ်များ ပျက်စီးဆုံးရှုံးခဲ့သော်လည်း ယခုနှစ်တွင်
ကောက်ယူသော စာရင်းအရ မိကျောင်း
ကောင်ရေ ၂၈ ကောင် တိုးပွားလာကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိ
သူတစ်ဦးက ပြောသည်။
"ဂေဟစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်လာတာကြောင့် မိကျောင်း တွေ သဘာဝအတိုင်း မိတ်လိုက်၊ အသိုက် ကိုက်တာ၊ ဥ ဥတာ လုပ်လာနိုင်တာပါ" ဟု သဘာ၀၀န်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ကောက်ယူရာတွင် မိကျောင်း အကောင် ၂၀၊ ၂၀၀၉ ခုနှစ်တွင် ၃၆ ကောင်၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၁ ကောင်နှင့် ယခုနှစ်တွင် ၄၉ ကောင်အထိ တိုးပွားလာခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပြီး ပျက်စီးသွားသော ဒီရေတောများ ပြန်လည်ထူထောင်ခြင်း၊ အစားထိုး စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲ့ရာ ဒီရေ တောတွင် ပေါက်ရောက်သော သဘာဝ အပင်များ ရှင်သန်ကြီးထွားလာခြင်းနှင့် တောရိုင်းတိရစ္ဆာန် ပြန်လည်ဝင်ရောက် ကျက်စားလာခြင်းတို့ ဖြစ်ပေါ်လာကြောင်း သိရသည်။
ထို့ပြင် မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း မိကျောင်း စာရင်းကောက်ယူခြင်း၊ ကောင်ရေ တိုးပွားလာစေရေး အတွက် မိကျောင်း အသိုက်များ ရှာဖွေထိန်းသိမ်းခြင်း၊ ဒီရေ တော ဂေဟစနစ်တွင်ရှိသော ငါးမျိုးစိတ်၊ ပုစွန်မျိုးစိတ်၊ ကဏန်း မျိုးစိတ်များ၏ ဂေဟဗေဒနှင့် နေရင်းဒေသများ လေ့လာခြင်း၊ နေရင်းဒေသရှိ ငှက်များ၊ ဆောင်းခိုငှက်များ၊ သစ်ခွစာရင်းများ ကောက်ယူခြင်း စသည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
"ပြီးခဲ့တဲ့နှစ်က ကရင်ပြည်နယ်၊ ဘားအံ့မြို့၊ မကျဉ်းရွာ ဒုံသမိချောင်းဝမှာ ရေချို ရေငန်စပ်မိကျောင်း တစ်ကောင်ကို မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့ တောထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
ယခုနှစ် မိကျောင်းသားပေါက်ချိန် ရာသီတွင် မိကျောင်းအသိုက် ငါးခု တွေ့ရှိ ရပြီး သားပေါက်ချိန်တွင် မိကျောင်းသားပေါက် လေးများမှ အချို့ကို မိန်းမလှကျွန်း ဘေးမဲ့တောအတွင်းရှိ မိကျောင်း သားပေါက် မွေးမြူရေးစန်းသို့ ရွှေ့ပြောင်း ကာ စနစ်တကျ မွေးမြူလျက်ရှိသည်။
"မိကျောင်းသားပေါက်လေးတွေ အရွယ်ရောက်လာရင် နေရင်းဒေသဖြစ်တဲ့ မြစ်၊ ချောင်းထဲကို ပြန်စေလွှတ်ခြင်းအားဖြင့် အကောင်ရေ တိုးပြီး မျိုးသုဉ်းမှု အန္တရာယ်ကနေ ကာကွယ်နိုင်ပါမယ်"ဟု ၎င်းက ပြောသည်။
သဘာဝအလေ့အထအရ ပိုင်နက် နယ်မြေ သတ်မှတ်ကျက်စားသည့် Terrestrial species အနေဖြင့် ယင်းတို့ ပိုင်နက်အတွင်းသာ ကျက်စားလေ့ရှိပြီး ဒေသပြောင်းရွှေ့ကျက်စားသည့် အလေ့ အထမရှိသော မိကျောင်းများကို သဘာဝ နေရင်းဒေသများတွင် လိုသည်ထက် များပြားမလာစေရေးကိုလည်း စနစ် တကျ စီမံချက်များ ပြုလုပ်ဆောင်ရွက် နေသည်ဟု သိရသည်။
ဝင်းကိုကိုလတ်

နာဂစ်ဒဏ်ခံ မိန်းမလှကျွန်းတွင် မိကျောင်းကောင်ရေ ၂၈ ကောင် ထပ်မံ တိုးပွားလာ
Reviewed by သစ်ထူးလွင်
on
00:46
Rating:
No comments:
Post a Comment