ဘ၀တခုလုံး ပြောင်းလဲစေနိုင်သော ထိုခြေတလှမ်း

ရန်ကုန်၊ အောက်တိုဘာ ၂၄ ၊ ၂၀၁၁ (YPI) - ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းက ရွှေကျင်ဘက်မှာ ဒညင်းသီးကို ဒေသခံတွေ နာမည်ပေးထားတာက “ပေါင်တိုသီး”၊ “ခြေတိုသီး”၊ “မိုင်းသီး” တဲ့။

ဘာလို့ အဲသလိုနာမည်တွေပေးထားကြလဲဆိုတော့ ဓညင်းသီးပေါ်ချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ တောထဲ တောင်ထဲသွားပြီး ဒညင်းသီးသွားရှာကြပြီဟေ့ဆိုရင် မြေမြှုပ်မိုင်းထိလို့ ခြေထောက်တွေ ဆုံးရှုံးကြရတဲ့ အဖြစ်တွေ မနည်းတော့လို့ ပါတဲ့။

ရွှေကျင်ဘက်က တောတွေထဲမှာ မိုင်းအန္တရာယ် ဘယ်လောက်တောင်ကြီးသလဲဆိုရင် “ဒညင်းသီးရှာတဲ့သူလည်း နင်းတယ်။ ရွှေရှာတဲ့သူလည်းနင်းတယ်။ ၀ါးခုတ်တဲ့သူလည်းနင်းတယ်။ တောထဲသွားပြီး ဘာလုပ်လုပ်နင်းကြတာပေါ့” လို့ အသက် ၄၂ နှစ်အရွယ် ကိုဇော်လွင်က ပြောပြတယ်။

ကိုဇော်လွင်ကိုယ်တိုင်ကလည်း ပေါင်တိုသီး (ခ) ခြေတိုသီး (ခ) မိုင်းသီးသွားခူးပြီးအပြန်မှာ မိုင်းနင်းမိတာနဲ့ ညာဘက် ခြေထောက် ဆုံးရှုံးခဲ့ရတဲ့သူပါ။

ကိုဇော်လွင်နဲ့ ကိုထွန်းထွန်းဝင်း

ရွှေကျင်မြို့ပေါ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးပြောတာက အဲဒီဘက်မှာ တစ်နှစ်ကို အယောက် ၄၀ လောက်ဟာ မြေမြှုပ်မိုင်းထိကြတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ ဒညင်းသီးရှာရင်း မိုင်းနင်းမိတဲ့သူက တစ်ဝက်လောက်ရှိတယ်တဲ့။ ကျန်တစ်ဝက် ကတော့ သစ်ခုတ်၊ ၀ါးခုတ်တဲ့သူတွေ၊ ရွှေသွားကျင်ကြတဲ့သူတွေ လို့ဆိုတယ်။

အဲသလို မြေမြှုပ်မိုင်းထိတဲ့ဖြစ်ရပ်တွေကို တွေ့နေ၊ မြင်နေ၊ ကြားနေရပေမဲ့ ဒညင်းသီးချိန်ရောက်လို့ ကတော့ တောထဲမှာ ညအိပ်ပြီး ဒညင်းသီး လှည့်လည်ရှာကြတဲ့သူတွေက ရှိနေတုန်း။ ၀ါးခုတ်၊ သစ်ခုတ်၊ ရွှေကျင်ကြတဲ့ သူတွေကလည်း ရှိနေကြတုန်း။ ၀မ်းရေးလေ…၀မ်းရေး။

ရွှေကျင်မြို့နယ်အပါအ၀င် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနဲ့ ကရင်ပြည်နယ် မြောက်ဘက်ပိုင်းဒေသ တွေဟာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့  နေရာတွေဖြစ် တယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ရေး လှုံ့ဆော်နေကြတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

မြန်မာနဲ့ မိုင်း
 
မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို လေ့လာဖော်ထုတ်ထားတဲ့ Humanitarian Impact of Landmines in Burma/Myanmar အမည်ရှိတဲ့ အစီရင်ခံစာအဆိုအရ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိတဲ့အနက် ၃၄ မြို့နယ် ဟာ မြေမြှုပ်မိုင်းအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့မြို့နယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီမြို့နယ်တွေမှာ လူဦးရေ ငါးသန်းကျော် (နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်) နေထိုင်နေကြတယ်လို့ လည်း ဆိုပါတယ်။

အဲဒီဒေသတွေမှာ ဒေသခံတွေဟာ တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းသွားလာတဲ့အခါမှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ အချိန်မရွေး ပက်ပင်းတိုးနိုင်သလို လယ်ထဲတောထဲသွားရာမှာလည်း အချိန်မရွေး မိုင်းထိနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

“ဒေသခံတွေရဲ့ နိစ္စဓူဝ ဘ၀တွေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် မြေမြှုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်က ဆက်လက်မြင့်မားနေဆဲပဲ” လို့ မြေမြှုပ်မိုင်း အသုံးပြုမှုပိတ်ပင်ရေး အပြည်ပြည်ဆိုင်ရာလှုံ့ဆော်ရေးအဖွဲ့ (International Campaign to Ban Landmines - ICBL) ရဲ့ သုတေသီ Yeshua Moser- Puangsuwan က ပြောပါတယ်။

မိုင်းထိတဲ့သူဟာ မိသားစုတစ်ခုမှာ ၀င်ငွေအဓိက ရှာဖွေနေရတဲ့သူဆိုရင် အဲဒီမိသားစုဟာ ဆင်းရဲမွဲတေမှုတွေနဲ့ ကြုံရဖို့ပဲ ရှိတယ်လို့လည်း ICBL အရာရှိက ဆိုပါတယ်။

မိုင်းနင်းမိလို့ ခြေထောက်ပြတ်ရတဲ့သူတွေမှာ သာမန်လူတွေ ဟိုသွား၊ ဒီလာ လုပ်နိုင်ကိုင်နိုင်တာကို မြင်ရ၊ ကြားရပြီး သူတို့တတွေ မလုပ်နိုင်၊ မကိုင်နိုင်တဲ့အခါ သိမ်ငယ်စိတ် ၀င်မိကြတယ်လို့လည်း မိုင်းထိသူတွေက ဖွင့်ဟ ပြောဆိုပါတယ်။

တောတိုးပြီး ၀ါးခုတ်ရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဘက်ဆုံးရှုံးသွားရတဲ့ ရွှေကျင်ဘက်က အသက် ၂၇ နှစ်အရွယ် ကိုထွန်းထွန်းဝင်းဆိုရင် ခြေထောက်နှစ်ဘက်ရှိတဲ့သူတွေနဲ့ ပခုံးချင်းယှဉ်ပြီး အလုပ်မလုပ်နိုင်တော့တဲ့ သူ့အဖြစ်ကို သိမ်ငယ်မိတယ် လို့ထုတ်ပြောပါတယ်။

ကိုထွန်းထွန်းဝင်းဟာ ခြေထောက် အစစ်တစ်ဘက်၊ အတုတစ်ဘက်နဲ့ လှေလှော်တဲ့အခါလှော်၊ ရွှေကျင်တဲ့အခါ ရွှေကျင်နဲ့ ဘ၀ကို ဖြတ်သန်းနေရသူပါ။

တစ်နေရာရာမှာ ရွှေပေါ်တယ်ကြားရင် ခြေထောက် အကောင်းနှစ်ဘက်ရှိတဲ့ သူတွေလို ချက်ချင်းထ မသွားနိုင်တာနဲ့ ပတ်သက်ပြီး “ကိုယ်တွေကတော့ တစ်ရက် နောက်ကျရင်လည်းကျမယ်။ တစ်နာရီနောက်ကျရင်လည်း ကျမယ်။ အဲဒီလိုအချိန်မှာ ခံစားရတယ်" လို့ဆိုတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မိုင်းထိသူဦးရေဟာ ICBL က ပြုစုထားတဲ့စာရင်းအရ အနည်းဆုံး၂,၈၀၀ ၀န်းကျင်ရှိပြီး တကယ့်အရေအတွက်က ဒီထက်ပိုများဖို့ပဲ ရှိတယ်လို့ ၎င်းကပြောပါတယ်။

ဒီလိုမိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာပြီးရင် တတိယမြောက် မြေမြှုပ်မိုင်း အများဆုံးထိတဲ့ နိုင်ငံဖြစ်တယ်လို့လည်း အထက်ပါအဖွဲ့က ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ခြေ၊လက်ဖြတ်ရသူ ၁၂,၀၀၀ ၀န်းကျင်ရှိပြီး အများစုဟာ မြေမြှုပ်မိုင်းထိတဲ့သူတွေ လို့ဆိုပါတယ်။

မိုင်းရှင်းဖို့အရေး ဝေးနေသေး


တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်ကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်း များစွာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကို မြန်မာစစ်တပ်ကလည်း အသုံးပြုနေဆဲ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က လည်း သုံးနေဆဲ လို့ မြေမြှုပ်မိုင်း အဖွဲ့အစည်းတွေက ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတားဆီးပိတ်ပင်ရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးသေးတဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံထဲမှာ တစ်နိုင်ငံအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ “လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေသေးသမျှ မိုင်းရှင်းလင်းရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” လို့ ICBL မှ သုတေသီက ဆိုပါတယ်။

ဒီလိုအနေအထားမှာ မြေမြှုပ်မိုင်းအန္တရာယ် စက်ကွင်းထဲက ဒေသခံတွေရဲ့ အသက်အိုးအိမ်ဆိုတာဟာလည်း အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဘယ်လောက်ပဲ အန္တရာယ်ကြီးတယ်ဆိုပေမဲ့လည်း အသက်မွေးဝမ်းကျောင်း ရွေးချယ်စရာ သိပ်မရှိတဲ့သူတွေအနေနဲ့ ၀မ်းရေးအဆင်ပြေဖို့ အသက်စွန့်ပြီး အလုပ်လုပ်နေကြရပါတယ်။

ရွှေကျင်တဲ့အလုပ်လုပ်ရင်းလည်း မိုင်းထိနိုင်တယ်၊ ထိလည်းထိနေကြတယ်ဆိုတာသိပေမယ့် (ကိုယ်ကိုယ်တိုင်ကလည်း မိုင်းထိခဲ့ဖူးသူဖြစ်ပေမယ့်လည်း) ကလေးနှစ်ယောက် အဖေ ကိုထွန်းထွန်းဝင်းကတော့ ဘာကြောင့် အဲသလောက် အန္တရာယ်များတဲ့အလုပ်ကို ဆက်လုပ်နေရလဲဆိုတော့ သူက အခုလို ပြောပြတယ်။

“(၀မ်းရေး) မပြည့်လျှံတဲ့အခါကျတော့လည်း နင်းကာမှ နင်းရောပဲ…လုပ်စားရမှာပဲ” တဲ့။

ချစ်ဦးမောင်ရေးသားသည်။
[Ends] Additional reporting by Zin Win
ဘ၀တခုလုံး ပြောင်းလဲစေနိုင်သော ထိုခြေတလှမ်း ဘ၀တခုလုံး ပြောင်းလဲစေနိုင်သော ထိုခြေတလှမ်း Reviewed by သစ်ထူးလွင် on 20:07 Rating: 5

1 comment:

Myanmar said...

နိုင်ငံချမ်းသာလာ၇င် အားလုံးပျောက်သွားမှာပါ။ ဆင်း၇ဲတွင်းနက်နေတော့ အားလုံးဟာ ဒုံ၇င်းပါဘဲ။ ။

Powered by Blogger.