အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ကို ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် |
၂၀၁၄ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး လေ့လာမှုပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa က ခရီးစဉ်နှစ်ရက်တာကာလအတွင်း မြန်မာနိုင်ငံ၌ အပြုသဘောဆောင်ပြီး အရေးပါသောလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawaသည် အောက်တိုဘာလ ၂၉ရက်နေ့ ည ၉ နာရီ မိနစ် ၃၀အချိန်တွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
''မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်မှာ အရေးပါတဲ့ လုပ်ငန်းစဉ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဠရာထူးကိစ္စက အဓိကမဟုတ်တဲ့ အရာလို့တောင် ဆိုနိုင်ပါတယ်။အာဆီယံအလှည့်ကျ ဥက္ကဠအတွက်မဟုတ်တောင် မြန်မာ နိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့အတိုင်း ဆက်သွားနေဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အရေးပါတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာကို ကျွန်တော်တို့ အခုမြင်တွေ့နေရပါတယ်။ ဒီအရာတွေက အပြုသဘောဆောင်တဲ့ ကိစ္စတွေပါ''ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးMr.Marty Natalegawa က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် တိုးတက်ဖြစ်ထွန်းမှုများကို လာရောက်လေ့လာသည့်ခရီးစဉ်၌ မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌရာထူးတာဝန်ကို ထမ်းဆောင်ရန်အတွက် လိုအပ်သည်များကို ကြိုးပမ်းဖြည့်ဆည်း နေသည်ကို တွေ့ရကြောင်း ဥက္ကဋ္ဌရာထူးရယူရေးအတွက် မြန်မာပြည်သူများ၊ အာဆီယံပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံကိုနားလည်ကြောင်း၊ အာဆီယံအနေဖြင့်လည်း အာဆီယံပြည်သူများနှင့် အဆက် မပြတ်ထိတွေ့နေပြီး အာဆီယံပြည်သူများ၏အသံကို နားစွင့်နေကြောင်း ပြောဆိုခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံကို နှစ်ရက်ကြာလေ့လာရုံဖြင့် အလုံးစုံ နားလည်သည်ဟု မဆိုနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လေ့လာခဲ့ရကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။
အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အဆိုပါနေ့မှာပင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတော် အကြံပေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ကို တွေ့ဆုံခဲ့ကြောင်း သိရ ပါသည်။ အောက်တိုဘာလ ၂၉ရက် နေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး အဆိုပါနေ့ ညဦးပိုင်းအချိန်တွင် ရန်ကုန်မြို့၌ ဒေါ် အောင်ဆန်းစုကြည်နှင့် ဆက်လက်တွေ့ဆုံခဲ့ပါသည်။
ယခုခရီးစဉ်၌ ရရှိခဲ့သော အတွေ့အကြုံများကို အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုနှင့် အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသို့ ပြန်လည်မျှဝေသွားမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌လည်း တင်ပြသွားမည်ဟု သိရပါသည်။
၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံရယူရေးကိစ္စကို နိုဝင်ဘာ လ၁၄ရက်နေ့ မှ ၁၉ရက်နေ့အထိ အင် ဒိုနီးရှားနိုင်ငံ ဘာလီ၌ ပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်ပြီး ထိုဆွေး နွေးပွဲမတိုင်မီ အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
သတင်း---Eleven Media Group
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ရဲ့  သတင်းစာရှင်းလင်းပွဲ
Reviewed by သစ်ထူးလွင်
on
10:43
Rating:
No comments:
Post a Comment