ပုဂ္ဂလိကဘဏ်များ အေတီအမ် (Automatic Teller Machine-ATM) ကတ်ကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်က နှုတ်အားဖြင့် ညွှန်ကြားထားပြီး ၂၀၁၂ ခုနှစ်အတွင်း အခြား အကြွေးဝယ် ကတ်စနစ်များဖြစ်သော Debit ကတ်၊ Credit ကတ်၊Smart ကတ်များကိုပါ အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဘဏ်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ ''လာမယ့် ဒီဇင်ဘာလမှာ အေတီအမ်ကတ်ကို စသုံးနိုင်ဖို့ ညွှန်ကြားထားတယ်။ တရားဝင်စာနဲ့ မထုတ်ပြန်သေးဘူး။ ဒါပေမယ့် ဘဏ်တွေကတော့ ကြိုပြင်လို့ရတာကို ကြိုပြင်ထားပါတယ်။ စက်တွေတော့ ၀ယ်ထားပြီးပြီ။ အသုံးပြုမယ့် ဆော့ဖ်ဝဲပိုင်းကိုလည်း ပြင်ဆင်နေပါတယ်။ လုပ်နိုင်တဲ့ အင်အားရှိတဲ့ ဘဏ်အားလုံးနီးပါး ၀န်ဆောင်မှု ပေးသွားမှာပါ'' ဟု ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောကြားပါသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် များအနေဖြင့် ဘဏ်နှင့်ငွေရေးကြေးရေးနှင့်ဆိုင်သော လုပ်ငန်းများကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် လိုလားလျက်ရှိပြီး ဗဟိုဘဏ်၏ ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် အတွင်းဖွင့်လှစ်ခွင့်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်သစ်များအနေဖြင့် နိုင်ငံခြား ငွေကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို မလုပ်ကိုင်နိုင်ခဲ့သော်လည်း ယခု အကြွေးဝယ်ကတ် ၀န်ဆောင်မှုကို အခြားဘဏ်များ နည်းတူ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
''၂၀၁၀ ပြည့်နှစ် ဘဏ် စတင်တည်ထောင်ကတည်းက ဒီလက်လီ ဘဏ်စနစ်လုပ်ငန်းဖြစ်တဲ့ အကြွေးဝယ်ကတ်ဝန်ဆောင်မှုလုပ်နိုင်ဖို့ ပြင်ဆင်ထားတာပါ။ နိုင်ငံရဲ့ စီးပွားရေး အ၀န်းအ၀ိုင်း တိုးတက်ကောင်းမွန်ဖို့ ကလည်း ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့လိုပါတယ်။ ဘဏ်လုပ်ငန်းတွေရဲ့ ၀န်ဆောင်မှုတွေ တိုးမြှင့်ပေးသွားနိုင်ဖို့ အရေးကြီးပါတယ်။ အခုနိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့် မရသေးပေမယ့် အကြွေးဝယ်ကတ်ဝန်ဆောင်မှုကိုတော့ ဗဟိုဘဏ်က ခွင့်ပြုတာနဲ့ အများနည်းတူ ၀န်ဆောင်မှုပေးသွားမှာပါ'' ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြံပေးပညာရှင်တစ်ဦးက ရှင်းပြပါသည်။
အကြွေးဝယ်ကတ်ပြားများသည် ဘဏ်များ၏ အဓိကလုပ်ငန်းဖြစ်သည့် အပ်ငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်းတို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သော စနစ်တစ်ရပ်ဖြစ်သည်။ ထို့ပြင် အခိုက်အတန့် ငွေကြေးလိုအပ်သူများ ကို ၀န်ဆောင်မှုပေးနိုင်သော စနစ်တစ်ရပ်ဖြစ်ပြီး အပ်ငွေလက်ခံသူနှင့် ငွေချေးသူတစ်ပြိုင်တည်း ရနိုင်သော လက်လီဘဏ်လုပ်ငန်းစနစ် ဖြစ်ကြောင်း သိရပါသည်။
ဘဏ်လုပ်ငန်းနှင့် ငွေကြေးကျွမ်းကျင်ပညာရှင်တစ်ဦးကလည်း ''အကြွေးဝယ်ကတ်ပြားမှာ အားသာချက်ရော အားနည်းချက်ပါ ရှိနေပါတယ်။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်နိုင်ရင် အကျိုးဖြစ်ထွန်းမှု များတယ်။ အကြွေးဝယ်ကတ်အသုံးပြု တဲ့အတွက်ငွေကိုင်ပြီးသုံးဖို့မလိုတာ၊ လုံခြုံမှုရှိတာ၊ ထိန်းသိမ်းရလွယ်တာ၊ ငွေရေတွက်ရလွယ်တာ စတာတွေကို အသုံးပြုသူက ခံစားရယူနိုင်တယ်။ ဘဏ်တွေ အနေနဲ့လည်း အပ်နှံငွေနဲ့ ၀န်ဆောင်ခတွေကို ရရှိစေပါတယ်။ ဒါပေမယ့် ခုနကပြောခဲ့သလို စည်းလွတ် ဘောင်လွတ်ဖြစ်ရင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာနိုင်တယ်၊ လူတွေက အကြွေးရတာပဲဆိုပြီး မတန်တဆ ငွေသုံးစွဲမှုတွေ များလာနိုင်တယ်၊ လွယ်လွယ်များများသုံးတာကြောင့် အကြွေးထူလာနိုင်တယ်၊ ပေါ့ပေါ့ တန်တန်သုံးစွဲတာကြောင့် ပြည်သူတွေရဲ့ အသုံးစရိတ်၊ နိုင်ငံရဲ့အသုံး စရိတ်တွေ မြင့်တက်လာနိုင်တယ်၊ ဘဏ်တွေအနေနဲ့လည်း ကြွေးဆုံးပမာဏ မြင့်တက်လာနိုင်တယ်။ ဒါ့ကြောင့် လူတွေအဆင်ပြေစေတဲ့ စနစ်ဖြစ်ပေမယ့် ထိန်းထိန်းသိမ်းသိမ်း ဖြစ်ဖို့ ဘဏ်တွေရော၊ အသုံးပြုသူတွေရော သတိပြုဖို့လိုပါတယ်'' ဟု ထင်မြင်ချက်ပေးပါသည်။
မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်အသုံးပြုမှုကို ၁၉၆၀ ပြည့်နှစ်တွင် စတင်နိုင်ခဲ့သည်။ Master Card နှင့် Visa Card တို့က ၀န်ဆောင်မှုပေးခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိကဘဏ် အချို့၌ ဖြစ်ပေါ်ခဲ့သော ငွေကြေး အကျပ်အတည်းတွင် ဘဏ်အချို့ ပြိုလဲမှုနှင့်အတဘူ ရုပ်သိမ်းခံခဲ့ရကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း Debit ကတ်၊ Credit ကတ်၊ Smart ကတ်တို့ကို အသုံးပြုနိုင်မည်
Reviewed by သစ်ထူးလွင်
on
11:54
Rating:
No comments:
Post a Comment