အိပ်မက်တိုင်းပြည် (သို့) ရောက်ရှိဖို့အင်မတန်ခက်ခဲလှသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ ရက်ပေါင်းများစွာစောင့်စား၊ အခက် အခဲများစွာဖြတ်သန်းကျော်ဖြတ်၍ ဝင်ရောက်ခွင့်ရခဲ့သည့်နေရာသည် ကား ယခုအချိန်အထိ ကျင်းပလျက် ရှိသော ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကျင်းပရာ နေပြည်တော် လွှတ်တော်အဆောက် အအုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မရောက်ဖူးသည့် နေပြည်တော်
မြန်မာနိုင်ငံ၏မြို့တော်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ခဲ့သော နေပြည်တော်သို့ ၂ဝ၁၁ ခုနှစ် အထိရောက်ဖူးခဲ့ခြင်းမရှိ။ ဖြတ်သန်း သွားလာဖူးသည်မှအပ တစ်နာရီပင် ရပ်နား မနေခဲ့ဖူး။ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်က စတင်ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအဝေးသို့ သတင်းမီဒီယာ များကိုဝင်ရောက် သတင်းယူခွင့်ပြုသည့် ထူးခြားသော ပြောင်းလဲမှုဖြစ်၍ စိတ်ဝင်စားသော်လည်း အကြောင်းကြောင်းကြောင့် သတင်းယူ ကြည့်ရှုခွင့်မရခဲ့။ စက်တင်ဘာ ၁၅ ရက်လွှတ်တော် သဘင်ဆောင်တွင် ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့သို့ သွားရောက် သတင်းယူရမည် ဖြစ်၍ ထိုရက်မတိုင်မီ လွှတ်တော် အစည်းအဝေး သို့သတင်းယူကြည့်ရှု ခွင့်ရရှိရန်လှိုက်လှဲသောစိတ်များဖြင့် တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် နေပြည်တော်သို့ စက်တင်ဘာ ၁၅ ရက်မတိုင်မီ ၄ ရက်ကြိုတင် ထွက်ခွာ ခဲ့သည်။လွှတ်တော်အဆောက်အအုံ ဝင်ခွင့်အတွက် ရန်ကုန်မြို့ရှိ စာပေစိစစ်ရေး ရုံးတွင်လိုအပ်သောစာရွက် စာတမ်းများဦးစွာဖြည့်ရသည်။ ထို ရုံးမှ စာရွက်စာတမ်း များကို နေပြည် တော်သို့ ထပ်မံပို့ဆောင်ပေးသည်။ နေပြည်တော်သို့ရောက်ရှိ၍ လွှတ်တော်အစည်းအဝေး သတင်း ယူကြည့်ရှုလေ့လာခွင့်ရရန် မနက် ၈ နာရီမထိုးမီ ပြန်ကြားရေးရုံးရှေ့ တွင်သတင်းသမားများ စုစည်းရ သည်။ ထိုမှတစ်ဆင့် လွှတ်တော် အဆောက်အအုံသို့ အကြိုအပို့ ယာဉ်ဖြင့်ပို့ဆောင်ပေးသည်ဟု သိရသည်။

ဝင်ခွင့် မရသေး
”ရန်ကုန်ရုံးက စာရွက်စာတမ်း ပို့ထားပေမယ့် လွှတ်တော်တာဝန် ရှိသူတွေဆီ ထပ်မံပို့ဆောင်ရလို့ ဒီနေ့ ဝင်ခွင့် မရသေးပါ။ နက်ဖြန် စုံစမ်း ကြည့်ပါ” ဟု စက်တင်ဘာ ၁၂ ရက် ပြန်ကြားရေးရုံးရှေ့အရောက် တာဝန်ရှိသူတစ်ဦးက ပြောသည်။ နေပြည်တော် ပြန်ကြားရေးရုံးရှေ့တွင် ၁၆ ရက်မြောက်လွှတ်တော် အစည်းအဝေးသို့ သတင်း ယူမည့် သတင်းမီဒီယာသမား ၆ ယောက်သာ တွေ့ရသည်။ ”လွှတ်တော်စတဲ့ရက်က သတင်းသမား များတယ်။ နောက်ပိုင်း တဖြည်းဖြည်း နည်းသွားတယ်။ နေပြည်တော်မှာ ဂျာနယ်တိုက်ခွဲ ရှိတဲ့သူတွေသာ နေ့စဉ်မပျက်မကွက် လွှတ်တော်သတင်းယူတာ၊ တစ်ခါတလေတော့ နိုင်ငံခြားသတင်းဌာန တချို့တော့လာပါတယ်” ဟု လွှတ် တော်သတင်းယူသူသတင်းထောက် တစ်ဦးက ပြောသည်။

ဒီမိုကရေစီနေ့
ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသို့ သတင်းယူကြည့်ရှု လေ့လာခွင့်မရသေးသော်လည်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၁ အခမ်းအနား သတင်းယူရန် လွှတ်တော် အဆောက်အအုံ သဘင်ဆောင်သို့ ရောက်ခဲ့သည်။ စက်တင်ဘာ ၁၅ ရက်မနက် ၇ နာရီပြန်ကြားရေး ရုံးရှေ့တွင် သတင်း မီဒီယာသမား ၈၈ဦး၊ CCTV ရုပ်သံအပါအဝင် မြန်မာရုပ် သံဌာနများ၊ နိုင်ငံခြားသတင်းမီဒီ ယာများ၊ ပြည်တွင်းဂျာနယ်များမှ သတင်းသမားများ စုစုစည်းစည်းဖြင့် လွှတ်တော်သဘင်ဆောင်သို့ သွား ရောက်ရန် စောင့်ဆိုင်းလျက်။ ”ဗီဇာ ၆ ရက်ရတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာနှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးရဲ့ သတင်းယူဖို့ ခွင့်ပြုချက်ရလို့။ ဒီမိုက ရေစီနေ့ သတင်းယူခွင့်လည်းရ တယ်” ဟု VOA မှ ဒေါ်ခင်စိုးဝင်းက ပြောသည်။ ဘတ်စ်ကား ၂ စီးဖြင့် ပြန် ကြားရေးရုံးမှ လွှတ်တော်အဆောက် အအုံသို့ ထွက်လာခဲ့ချိန်မှာ နံနက် ၈ နာရီ ၄၅ မိနစ်။ လွှတ်တော်အဝင်တွင် ဘာမှအစစ်အဆေးမရှိ။ ကားပေါ်မှာတော့ ဝင်ခွင့်ကတ်ပြား ထုတ်ပေးသည့် လွှတ်တော်လုံခြုံရေး အရာရှိများ လိုက်ပါလျက်။ ယူခွင့် မရှိသည့်လက်ကိုင်ဖုန်းများ ယူခွင့် ရကြ၊ လွှတ်တော်သဘင်ဆောင်ရှေ့ အရောက်သတင်း ဓာတ်ပုံများ၊ အမှတ်တရ ဓာတ်ပုံများရိုက်ကြ လေသည်။ မကြာမီလွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊NGOများ၊ ဖိတ်ကြား ထားသူများ ရောက်ရှိ လာ၍တိတ်ဆိတ်နေသည့် လွှတ်တော်ရပ်ဝန်းမှာ ဆူညံသွား သည်။ ဒီမိုကရေစီနေ့ကို စာတမ်း ၁၉ စောင်ဖတ်၍ နေ့လယ်ပိုင်းအထိ ကျင်းပခဲ့သည်။
”ဒီနေ့ပွဲမှာ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းရဲ့ နိဂုံးချုပ် မိန့်ခွန်းမှာ ဒီမိုကရေစီ ဘက်တော် သားဆိုပြီး သုံးနှုန်းသွားတယ်” ဟု အခမ်းအနားတက်ရောက်သူ စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြ သည်။ ၄င်းအခမ်းအနားအပြီးတွင် ဒီမိုကရေစီနေ့ဖြစ်၍ ဒီမိုကရေစီ ကျကျတစ်ခါမှမပြုလုပ်ဖူးသေးသော လွှတ်တော်မီဒီယာ အခန်းတွင် သတင်းမီဒီယာများကို ပြည်ခိုင်ဖြိုးမှ ဦးဌေးဦးနှင့် လွှတ်တော်ကိုယ်စား လှယ် ၁၃ ဦးတို့က တွေ့ဆုံရှင်း လင်းပွဲလုပ်သည်။ သတင်းသမားတစ်ဦးမေးမြန်း သည့်ဒေါ်အောင်ဆန်းစုကြည်အား မဖိတ်ကြားမှုအပေါ် ဦးဌေးဦးက ရှင်း ပြသည်။ VOAမှ ဒေါ်ခင်စိုးဝင်း၏ ပြည်ပမီဒီယာများအပေါ်အမြင်စောင်း မှုကိုလည်း ဖြေရှင်း သည်။ ထိုသို့ဖြင့် ဒီမိုကရေစီနေ့ အဆုံးသတ်၏။

သတင်းယူခွင့်ရပြီ
နေပြည်တော်တွင် ၄ရက်ခန့် စောင့်ဆိုင်းပြီး စက်တင်ဘာ ၁၆ရက်မနက် (ဒီမိုကရေစီ နေ့ပြီးနောက်ရက်) ပြန်ကြားရေးရုံးရှေ့တွင် လွှတ်တော်သတင်းယူမည့် မီဒီယာ သမားများက နိုင်ငံခြားသားများ အပါအဝင် ၁ဝယောက်တိတိ။ အမျိုးသားလွှတ်တော် သို့သွားမည့်သူက ၃ယောက်၊ ပြည်သူ့လွှတ်တော် သို့သွားမည့်သူက ၇ယောက်။ ”ပြည်သူ့လွှတ်တော်မှာ သတင်းယူရတာ ပိုလွတ်လပ်သလိုပဲ” ဟုသတင်းသမားတစ်ဦးက သူ့အတွေ့အကြုံကိုပြောပြသည်။

ပြည်သူ့လွှတ်တော် မြင်ကွင်း
ပြန်ကြားရေးရုံးမှ လွှတ်တော် အဆောက်အအုံသို့ ကြိုပို့ကားဖြင့် နံနက် ၈နာရီခွဲတွင် စတင်ထွက်ခွာခဲ့သည်။ လွှတ်တော်ဂိတ်ဝ အရောက် ကားပေါ်ပါလာသော သတင်းသမား များအားလုံး ကားပေါ်ကဆင်း၍ စစ်ဆေးရေး ဂိတ်ပေါက်ဝသို့ ဖြတ်သန်းရသည်။ စစ်ဆေးရေး ဂိတ်ဝတွင် ပါလာသော အိတ်များကို အိတ်ခ်စရေးစက် တွင်ဖြတ်၍ လူများက ပေါက်ကွဲ ပစ္စည်းစစ်ဆေးစက်သို့ ဖြတ်ရသည်။ ဒီမိုကရေစီနေ့လို လက်ကိုင်ဖုန်းများ သယ်ခွင့်မရတော့။ ”လက်ကိုင်ဖုန်းက အဝေးကနေ ခလုတ်နှိပ် ဖောက်ခွဲနိုင်လို့ ယူခွင့်မပြုတာပါ” ဟု လွှတ်တော်လုံခြုံ ရေးတစ်ဦးကပြောသည်။ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃ဝမှ မတ် ၃ဝအထိကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော် အစည်းအ ဝေးတွင်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယ ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတနှင့် သမ္မတကိုရွေးချယ်ခဲ့သည်။ ပြည် ထောင်စုလွှတ်တော်မှ ဝန်ကြီးဌာန ၃၄ ခုနှင့် အစိုးရ ဝန်ကြီး ၃ဝ ဦး၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ ဦး၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင် ၆ ဦး၊ ပြည်ထောင်စုတရားသူ ကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ၆ ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား ရွေးချယ် အတည်ပြုပေးခဲ့သည်။ သြဂုတ် ၂၂ ရက်က စတင် ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ် တော်ဒုတိယပုံမှန်အစည်းအဝေး တွင်အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော်များတွင် လွှတ်တော် ကော်မတီ များထပ်မံဖွဲ့စည်းခဲ့ရာ ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတိုးမြှင့်ဖွဲ့စည်းခဲ့၍ ယခင်ကော်မတီ ၄ ခုအပါအဝင် ကော်မတီ ၂၃ ခု ရှိပြီဖြစ်သည်။ ပြည်သူ့လွှတ်တော် အ ဆောက်အအုံတွင် ၁၉ ရက်မြောက် လွှတ်တော်အစည်းအဝေးမကျင်းပမီ နံနက် ၉ နာရီခန့်တွင် လွှတ်တော် ကိုယ်စားလှယ်များ ကြိုပို့ကားအသီး သီးဖြင့်ရောက်ရှိ လာသည်။ တက် ရောက်လက်မှတ်ရေးထိုး၊ကိုယ်စား လှယ်ကတ်ပြားထုတ်ယူပြီး အစည်း အဝေးခန်းမတွင်း ဝင်ရောက်ကြသည်။ အစည်းအဝေးသည် နံနက် ၁ဝ နာရီတွင် စတင်မည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်အသီးသီး ကတစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ဆွေးနွေးသူက ဆွေးနွေး၊ တိုင်ပင် သူကတိုင်ပင်၊ အချို့က ကော်ဖီ ထွက်သောက် သူကသောက်နှင့် သက်သောင့်သက်သာ ရှိလှသည်။ သတင်းမီဒီယာများ ကလည်း အစည်းအဝေး ခန်းမတွင်း ဝင်ရောက် ခွင့်ရ၍ ဓာတ်ပုံရိုက်သူကရိုက်၊သတင်းမေးသူ ကမေး သတင်းအလုပ် လုပ်နေကြသည်။

နားကြပ်တပ်တဲ့ ကိစ္စ
ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးခန်းမတွင် နားကြပ်တပ်၍ နားထောင်နေ ကြခြင်း ကိုမေးကြည့်ရာ ”ကျွန်တော်တို့လို နောက်ဘက် ရောက်နေတဲ့သူတွေက ပြောဆိုဆွေးနွေးကြတာ သိပ်မကြား ရဘူး။ ဒါ့ကြောင့် ဥက္ကဋ္ဌကိုပြောတော့ နားကြပ်တွေ စီစဉ်ပေးတာ သုံးလေး ရက်လောက်ပဲ ရှိသေးတယ်။ အခုဆို အစည်းအဝေးခန်းမထဲ ပြောဆို ဆွေးနွေးတာတွေ တောင်မက ဥက္ကဋ္ဌ နဲ့ အခမ်းအနားမှူး ပြောနေတာတောင် အကျယ်ကြီးကြားရတယ်” ဟု ပြောပြသည်။ မကြာမီခေါင်းလောင်း မြည်သံကြားရ၍ လွှတ်တော်ကိုယ် စားလှယ်အသီးသီးမိမိနေရာတွင်ထိုင် ကြသည်။ လွှတ်တော် ဥက္ကဋ္ဌ ဝင်လာ ကြောင်းကြေညာ၍ ကိုယ်စားလှယ် အားလုံးမတ်တတ်ရပ်ကြသည်။ အစည်းအဝေးစတင်လေပြီ။ အဆို ရှင်ကိုယ်စားလှယ်က လွှတ်တော် အဆုံးအဖြတ် ရယူ လိုကြောင်း တင် ပြပါက မတ်တတ်ရပ်မဲခွဲဆုံးဖြတ် သည်ကို တွေ့ရသည်။ ထိုနေ့က (အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ပြီးနောက်ရက်ဖြစ်သည်) တပ်မတော်သား ကိုယ်စား လှယ်များလည်း မတ်တတ်ရပ်ဆန္ဒပြု သည်ကိုတွေ့ရသည်။ ဒီမိုကရေစီ အင်အားစု ပါတီများမှ အမတ်များ ၏အဆိုကို ပြည်ခိုင်ဖြိုးနှင့် တစညတို့ မှထောက်ခံ မဲပေး သည်ကိုလည်း တွေ့ရသည်။ အဆိုတင်သွင်းတိုင်း အတည်ပြုခြင်းမဟုတ်ဘဲ ပြည်သူ့ကိုယ်စားလှယ်များက မိမိစိတ်ကြိုက်မဲဆန္ဒ ပြုရခြင်းဖြစ်သည်။ ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ မဖြုတ်ပယ်သင့်ကြောင်း တင်ပြချက် ကို တပ်မတော်သားကိုယ်စားလှယ် အများစုက ကန့်ကွက်၍ ဖြုတ်ပစ် လိုက် ရသည့်ဥပဒေအပိုဒ်များလည်းရှိသည် ကိုတွေ့ရ၏။ ဒီမိုကရေစီကျင့်စဉ် ကိုကျင့်သုံးစပြုနေသည့် လွှတ်တော် မြင်ကွင်းဖြစ်မည်ထင်…။ ”ဒီနေ့ပြည်သူ့လွှတ်တော်မှာ မတ်တတ်ရပ်ဆန္ဒပြုတာ ထူးခြားမှု တွေတွေ့ရတယ်” ဟုသတင်း သမားတစ်ဦးကပြောသည်။ ၁၉ ရက်မြောက်အစည်းအဝေး ကို ညနေ ၄ နာရီ ၅ မိနစ်တွင် ရပ်နားသည်။

အိပ်မက်လား တကယ်လား
အိပ်မက်မက်နေသလို၊ မြင်ကွင်းက ထူးခြားသည်မှာ အမှန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပွင့်ပွင့်လင်းလင်းဆွေးနွေး၊ သတ္တိရှိရှိ မတ်တတ်ရပ် မဲခွဲဆန္ဒပြု ဒီလိုမြင်ကွင်းမျိုးသည် လူအများ ထိတွေ့မြင်တွေ့ခွင့်ခက်လှသည့် အရာမျိုး ဖြစ်မနေစေချင်တော့။ အားလုံးတစ်သားတည်း ဒီမိုကရေ စီကျင့်စဉ်ကို သတင်းလွတ်လပ် ခွင့်များစွာဖြင့် အိပ်မက်မှနိုးထ သင့်သည့်အချိန်ရောက်ပြီ ဖြစ်သည်။
သက်နိုင်

အိပ်မက်တိုင်းပြည်သို့
Reviewed by သစ်ထူးလွင်
on
15:37
Rating: