နော်ဝေနိုင်ငံ၏ပံ့ပိုးမှုဖြင့် အင်းလေးကန်နှစ်ရှည် ထိန်းသိမ်းရေးစီမံကိန်း

အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဒေသခံလူထုနှင့်ပူးပေါင်း ဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်းတစ်ခုကို နော်ဝေနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
ထို့အပြင် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ် ဝန်းကျင်အခြေအနေများ ထိန်းသိမ်း ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအ စီအစဉ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး နှစ်ရှည်စီမံကိန်းများ ဆောင်ရွက်ရန် လည်း အသေးစိတ်အစီအမံများ ရေးဆွဲညှိနှိုင်းလျက်ရှိကြောင်း သိရ သည်။
အင်းလေးကန်သည် ကန်အတွင်းရှိ ကျေးရွာများ၌ လူဦးရေ၊ အိမ်ခြေတိုးလာခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများနှင့် အညစ်အကြေးများ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း၊ စနစ် တကျသန့်စင်သည့် စနစ်များမရှိခြင်း တို့ကြောင့်လည်းကောင်း၊ အင်းလေးကန်အတွင်း ရေခြံစိုက်ပျိုးရေးလုပ် ငန်း၊ ငါးနှင့်တိရစ္ဆာန်မွေးမြူရေးလုပ် ငန်းများ တိုးမြှင့်လုပ်ဆောင်လာခြင်း တို့ကြောင့်လည်းကောင်း၊ အင်းလေး ကန်ရေပြင် ပမာဏလျော့ကျလာခြင်း၊ ရေအရည်အသွေးကျဆင်းလာ ခြင်းနှင့် ရေကောင်းရေသန့်ရှားပါး လာသည့် အခက်အခဲများဖြစ်ပေါ် လာနေသည်ဟု ၄င်းကပြောသည်။
ထို့အတွက် ရေအရည်အသွေး ကောင်းမွန်စေရန် ဓာတုဓာတ် မြေ သြဇာနှင့် ပိုးသတ်ဆေးများ အလွန် အကျွံအသုံးပြုခြင်းမရှိစေရေးနှင့် စနစ်တကျအသုံးပြုစေရေး ထိန်း ချုပ်ဆောင်ရွက်ခြင်း၊ သဘာဝမြေသြဇာသုံးနည်းစနစ်များ လက်တွေ့ကျင့်သုံးစေရေးဆောင်ရွက်ခြင်းနှင့် သရုပ်ပြပညာပေးခြင်း၊ အညစ်အ ကြေးစွန့်ပစ်ခြင်းနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ပေးခြင်း၊ စွန့်ပစ်ရန် နေရာများသတ်မှတ်ပေးခြင်း၊ ကန်ရေပြင်အတွင်း အညစ်အကြေး စွန့်ပစ်မှုများကို ကန့်သတ်တားမြစ်ခြင်း၊ ဇီဝမိလ္လာအိုးများသုံးစွဲစေခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ ကြွပ်ကြွပ်အိတ်သုံးစွဲ မှုကန့်သတ်တားမြစ်ခြင်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက် များအားနေရာသတ်မှတ်စွန့်ပစ်စေခြင်း၊ စည်းကမ်းသတ်မှတ်၍ ကြီးကြပ်စစ်ဆေးခြင်း၊ ကန်အတွင်းသွားလာလျက်ရှိသည့် စက်တပ်ရေယာဉ် များမှ စက်ဆီယိုဖိတ်မှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ရိုးရာဓလေ့ထုံးစံအရ သင်္ဂြိုဟ်မှုများကိုလည်း ရေကန်အတွင်း ပြုလုပ်မှုအစား ပြင်ပသို့ သယ်ဆောင် သင်္ဂြိုဟ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက် ရှိကြောင်း ၄င်းကဆက်လက်ပြောသည်။
၂ဝ၁၁ ခုနှစ်၊ သြဂုတ်လအ တွင်း မှတ်တမ်းများအရ အင်းလေး ကန်အတွင်း စီးဝင်သော ရေပမာဏနှင့် ရေလှောင်ပမာဏများသည် ယမန်နှစ်ကထက် ပိုမိုတိုးတက်မှု ရှိ လာသည်ကို တွေ့ရှိရပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့နိုင်မှသာ ရေပမာဏနှင့် ရေအရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အဓိက တာဝန်ရှိကြသည့် ဒေသနေပြည်သူများနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများက တစ်ခဏအကျိုးနှင့် ထာဝရအကျိုးနှိုင်းဆကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခံယူချက် များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
PN – 044
နော်ဝေနိုင်ငံ၏ပံ့ပိုးမှုဖြင့် အင်းလေးကန်နှစ်ရှည် ထိန်းသိမ်းရေးစီမံကိန်း နော်ဝေနိုင်ငံ၏ပံ့ပိုးမှုဖြင့် အင်းလေးကန်နှစ်ရှည် ထိန်းသိမ်းရေးစီမံကိန်း Reviewed by သစ်ထူးလွင် on 14:39 Rating: 5

1 comment:

Anonymous said...

၁။ ဦးစွာပထမ အင်းလေးေ၇မှ ဖြစ်သော လျှပ်စစ်ဖြင့် အင်းလေးကိုမီးရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် သစ်ပင်ခုတ်မှုသိသာစွာ ကျဆင်းသွားမည်။
၂။ သဘာဝ သားငါး နှင့် အညစ်အကြေးများကိုစုပ်ယူနေသော အကျိုးပြု ရေမှော် များ(အင်းလေးကန်၏ တန်ဆာ) ကို လျှင်မြန်စွာ ဖျက်ဆီးနေသည့် ဆလားဗီးယား ဟုခေါ်သော ငါးဥ နှင့် ငါးသားပေါက်များကိုစားသည့် အမျိုးဖျက် ငါး နှင့် အကျိုးပြုရေမှော်၊ ကောက်ပဲသီးနှံ၊ အင်းသူအင်းသား များ၏ အသက်သွေးဖြစ်သော ခရမ်းချဉ်သီး၊ ကျွှန်းမျှော..... စသည်များကို ဖျက်ဆီး နေသည့် ခရုနီ ဟုခေါ်သော ယခင်ကမရှိသည့် သတ္တဝါရိုင်း များကို သုတ်သင်ပါက အင်းလေးရေပြန်ကြည်လာနိုင်ဖွယ်ရှိသည်။
၃။ ယိုးဒယား၊ တရုပ် နိုင်ငံ တို့မှ တင်သွင်းသည့် အလွန်ပြင်းထန်သော ဖျန်းဆေး ၊ မြေအောင်းဆေး များ ခွင့်ပြုရောင်းချ သုံးစွဲခြင်းဖြင့် အင်းလေးရေ နှင့် အင်းသူအင်းသားများအား ဖြေးညင်းစွာ အဆိပ်မခတ်သင့်။
၎။ နန်းပန် ချောင်းအလွန်တွင် ရေကာတာဆောက်ခြင်းဖြင့် ရေ level မြင့်စေ၍ ရေထဲတွင် Bacteria များကိုလျှောနဲစေခြင်း၊ သွားလာလွယ်ကူစေခြင်း.... စသည်များကို အထောက်အကူပြုနိုင်ဖွယ်ရှိသည်။

Powered by Blogger.